LibraryANAN 10.60
AN 10.6016 min read

With Girimānanda

Girimānanda Sutta

20
PDFGenerated
01 · Overview

Ten perceptions taught in the context of Venerable Girimānanda’s illness.

02 · Reading guide

Use it as a list of ten contemplations, taking one theme at a time.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၁ဝ-ဂိရိမာနန္ဒသုတ် အင်္ဂုတ္တရနိကာယ် (၆) ၁-သစိတ္တဝဂ် ၁ဝ-ဂိရိမာနန္ဒသုတ် ၆ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်ဂိရိမာနန္ဒသည် အနာရောဂါရှိ၏၊ ဆင်းရဲခြင်းသို့ ရောက်၏၊ ပြင်းစွာ မကျန်းမမာ ဖြစ်၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— “အသျှင်ဘုရား အသျှင်ဂိရိမာနန္ဒသည် အနာရောဂါ ရှိပါ၏၊ ဆင်းရဲခြင်းသို့ ရောက်နေပါ၏၊ ပြင်းစွာ မကျန်းမမာ ဖြစ်နေ ပါ၏။ အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်ဂိရိမာနန္ဒအထံသို့ သနားသဖြင့် ချဉ်းကပ်တော်မူပါ”ဟု လျှောက်၏။ အာနန္ဒာ အကယ်၍ သင်သည် ဂိရိမာနန္ဒရဟန်းအား သညာဆယ်မျိုးတို့ကို ဟောလျှင် သညာ ဆယ်မျိုးတို့ကို ကြားနာရသည်ရှိသော် ဂိရိမာနန္ဒရဟန်းအား ထိုအနာရောဂါသည် ခဏချင်း ငြိမ်းရာသော အကြောင်းသည် ရှိသည်သာတည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—အနိစ္စသညာ၊ အနတ္တသညာ၊ အသုဘ သညာ၊ အာဒီနဝသညာ၊ ပဟာနသညာ၊ ဝိရာဂသညာ၊ နိရောဓသညာ၊ သဗ္ဗလောကေ အနဘိရတိ သညာ၊ သဗ္ဗသင်္ခါရေသု အနိစ္ဆာသညာ ‘သင်္ခါရအားလုံး၌ အလိုမရှိအပ်ဟူသော အမှတ်’၊ အာနာပါန ဿတိတို့တည်း။

အာနန္ဒာ အနိစ္စသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်ရောက်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း “ရုပ်သည် မမြဲ၊ ဝေဒနာသည် မမြဲ၊ သညာသည် မမြဲ၊ သင်္ခါရတို့သည် မမြဲကုန်၊ ဝိညာဏ်သည် မမြဲ”ဟု ဆင်ခြင်၏။ ဤသို့လျှင် ဤဥပါဒါနက္ခန္ဓာငါးပါးတို့၌ အနိစ္စ ‘မမြဲ’ဟု ရှုလေ့ရှိကာ နေ၏။ အာနန္ဒာ ဤတရားကို အနိစ္စသညာဟု ဆိုအပ်၏။ (၁)

အာနန္ဒာ အနတ္တသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤ သာသနာတော်၌ ရဟန်းသည် တောသို့ ကပ်ရောက်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း “မျက်စိသည် အတ္တမဟုတ်၊ အဆင်း ‘ရူပါရုံ’တို့သည် အတ္တ မဟုတ်ကုန်၊ နားသည် အတ္တမဟုတ်၊ အသံ ‘သဒ္ဒါရုံ’တို့သည် အတ္တ မဟုတ်ကုန်၊ နှာခေါင်းသည် အတ္တ မဟုတ်၊ အနံ့’ဂန္ဓာရုံ’တို့သည် အတ္တမဟုတ်ကုန်။ လျှာသည် အတ္တမဟုတ်၊ အရသာ ‘ရသာရုံ’တို့သည် အတ္တမဟုတ်ကုန်၊ ကိုယ်သည် အတ္တမဟုတ်၊ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’တို့သည် အတ္တမဟုတ်ကုန်၊ စိတ်သည် အတ္တမဟုတ်၊ သဘောတရား ‘ဓမ္မာရုံ’တို့သည် အတ္တမဟုတ်ကုန်”ဟု ဆင်ခြင်၏။ ဤသို့လျှင် ဤအတွင်း အပ တည်ရာ ‘အာယတန’ ခြောက်ပါးတို့၌ အစိုးမရ ‘အနတ္တ’ဟု ရှုလေ့ရှိကာ နေ၏။ အာနန္ဒာ ဤတရား ကို အနတ္တသညာဟု ဆိုအပ်၏။ (၂)

အာနန္ဒာ အသုဘသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ခြေဖဝါးအပြင်မှ အထက်၌ ဆံပင်ဖျားမှ အောက်၌ အရေအပိုင်းအခြားရှိသော အထူးထူးအပြားပြားသော မစင်ကြယ်သော ဝတ္ထုဖြင့် ပြည့်သော ဤကိုယ် ‘ခန္ဓာ’ကိုသာလျှင် ဆင်ခြင်၏။ “ဤကိုယ်’ခန္ဓာ’၌ ဆံပင်၊ အမွေး၊ လက်သည်း ခြေသည်း၊ သွား၊ အရေ + အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့ + နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ် + အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ (ဦးနှောက်) + သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ + မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်တို့သည် ရှိကြကုန်၏”ဟု ဆင်ခြင်၏။ ဤသို့လျှင် ဤကိုယ်၌ မတင့်တယ် ‘အသုဘ’ဟု ရှုလေ့ ရှိကာ နေ၏။ အာနန္ဒာ ဤတရားကို အသုဘသညာဟု ဆိုအပ်၏။ (၃)

အာနန္ဒာ အာဒီနဝသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်ရောက်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း “ဤကိုယ်သည် ဆင်းရဲများ၏၊ အပြစ်များ၏၊ ဤသို့လျှင် ဤကိုယ်၌ အထူးထူးအပြားပြားသော အနာ (ရောဂါ)တို့သည် ဖြစ်ကုန်၏။ ယင်းအနာတို့ဟူသည်ကား— မျက်စိရောဂါ၊ နားရောဂါ၊ နှာခေါင်းရောဂါ၊ လျှာရောဂါ၊ ကိုယ်၌ဖြစ်သောအနာ၊ ဦးခေါင်း၌ဖြစ်သော အနာ၊ နားရွက်နာ၊ ခံတွင်းနာ၊ သွားရောဂါ၊ နှုတ်ခမ်းရောဂါ၊ ချောင်းဆိုးနာ၊ ကုတ်ဟီးနာ၊ ဖွတ်စအိုနာ၊ ကိုယ်ပူနာ၊ ဖျားနာ၊ ဝမ်း၌ဖြစ်သောရောဂါ၊ မိန်းမောသောအနာ၊ မြင်းသရိုက်နာ၊ လေထိုးနာ၊ ဝမ်းလျှောနာ၊ နူနာ၊ အိုင်းနာ၊ ညှင်းနာ၊ ခယရုတ်နာ၊ ဝက်ရူးနာ၊ ပွေးနာ၊ ဝဲနာ၊ ယားနာ၊ လက်သည်း ခြေသည်း ခြစ်မိသောအနာ၊ လက်ဖဝါး ခြေဖဝါး၌ ပေါက်သောအနာ၊ ရတ္တပိတ်နာ၊ ဆီးချိုနာ၊ ဒူလာလိပ်ခေါင်းနာ၊ ထွတ်မြင်းနာ၊ ဘဂန္ဒိုလ်နာ၊ သည်းခြေကြောင့်ဖြစ်သောအနာ၊ သလိပ်ကြောင့် ဖြစ်သောအနာ၊ လေကြောင့်ဖြစ်သောအနာ၊ သည်းခြေ သလိပ် လေပေါင်းစု၍ဖြစ်သော ‘သန္နိပါတ်’ အနာ၊ ဥတုဖောက်ပြန်ခြင်းကြောင့်ဖြစ်သောအနာ၊ ဣရိယာပုထ် မညီညွတ်မှုကြောင့်ဖြစ်သော အနာ၊ သူတစ်ပါး လုံ့လကြောင့်ဖြစ်သောအနာ၊ ကံအကျိုးကြောင့်ဖြစ်သောအနာ၊ အေးခြင်း၊ ပူခြင်း၊ ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်း၊ ကျင်ကြီးစွန့်လိုခြင်း၊ ကျင်ငယ်စွန့်လိုခြင်းတို့တည်း”ဟု ဆင်ခြင်၏။ ဤသို့လျှင် ဤကိုယ်၌ အပြစ်ကို ရှုလေ့ရှိကာ နေ၏။ အာနန္ဒာ ဤတရားကို အာဒီနဝသညာဟု ဆိုအပ်၏။ (၄)

အာနန္ဒာ ပဟာနသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ် လာသော ‘ကာမဝိတက်’ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင်ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ‘ဗျာပါဒဝိတက်’ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင်ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ‘ဝိဟိံသာဝိတက်’ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင်ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏၊ ဖြစ်တိုင်း ဖြစ်တိုင်းသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင် ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ အာနန္ဒာ ဤတရားကို ပဟာနသညာဟု ဆိုအပ်၏။ (၅)

အာနန္ဒာ ဝိရာဂသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်ရောက်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း “သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ ရာဂကင်းပြတ်ရာဖြစ်သော ထိုနိဗ္ဗာန်သည် ငြိမ်သက်၏၊ ထိုနိဗ္ဗာန်သည် မွန်မြတ်၏”ဟု ဆင်ခြင်၏။ အာနန္ဒာ ဤတရားကို ဝိရာဂသညာဟု ဆိုအပ်၏။ (၆)

အာနန္ဒာ နိရောဓသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်ရောက်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း “သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ ချုပ်ရာဖြစ်သော ထိုနိဗ္ဗာန်သည် ငြိမ်သက်၏၊ ထိုနိဗ္ဗာန်သည် မွန်မြတ်၏”ဟု ဆင်ခြင်၏။ အာနန္ဒာ ဤတရားကို နိရောဓသညာဟု ဆိုအပ်၏။ (၇)

အာနန္ဒာ သဗ္ဗလောကေ အနဘိရတိသညာဟူသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် လောက၌ စိတ်၏ တည်ခြင်း အမှားနှလုံးသွင်းခြင်း ကိန်းခြင်းဟူကုန်သော ဥပါဒါန်တို့ကို စွန့်လျက် မစွဲလမ်းဘဲ နေ၏။ အာနန္ဒာ ဤတရားကို သဗ္ဗလောကေ အနဘိရတိသညာဟု ဆိုအပ်၏။ (၈)

အာနန္ဒာ သဗ္ဗသင်္ခါရေသု အနိစ္ဆာသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် သင်္ခါရအားလုံးတို့၌ ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်၏။ အာနန္ဒာ ဤတရားကို သဗ္ဗသင်္ခါရေသု အနိစ္ဆသညာဟု ဆိုအပ်၏။ (၉)

အာနန္ဒာ အာနာပါနဿတိဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်ရောက်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်စွာ ထားပြီးလျှင် (ကမ္မဋ္ဌာန်းသို့) ရှေးရှု သတိကိုဖြစ်စေလျက် ထိုင်နေ၏။ ရဟန်းသည် သတိရှိ၍သာလျှင် ဝင်သက်ကို ရှူ၏၊ သတိရှိ၍သာလျှင် ထွက်သက်ကို ထုတ်၏။ ရှည်စွာ ဝင်သက် ရှူသော် “ရှည်စွာ ဝင်သက် ရှူ၏”ဟု့သိ၏၊ ရှည်စွာ ထွက်သက် ထုတ်သော် “ရှည်စွာ ထွက်သက် ထုတ်၏”ဟု သိ၏။ တိုစွာ ဝင်သက်ရှူသော် “တိုစွာ ဝင်သက် ရှူ၏”ဟု သိ၏၊ တိုစွာ ထွက်သက် ထုတ်သော် “တိုစွာ ထွက်သက် ထုတ်၏”ဟု သိ၏။ “(ဝင်သက်၏) အစ အလယ် အဆုံး အားလုံးအပေါင်းကို ထင်ရှားစေလျက် ဝင်သက် ရှူအံ့”ဟု ကျင့်၏၊ “(ထွက်သက်၏) အစအလယ်အဆုံး အားလုံးအပေါင်းကို ထင်ရှားစေလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏။ “ကာယသင်္ခါရ (ရုန့်ရင်းသောဝင်သက်လေ)ကို ငြိမ်းစေလျက် ဝင်သက် ရှူအံ့”ဟု ကျင့်၏၊ “ကာယသင်္ခါရ (ရုန့်ရင်းသောထွက်သက်လေ) ကို ငြိမ်းစေလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏။ “ပီတိကို ထင်ရှားစေလျက် ဝင်သက်ရှူအံ့”ဟု ကျင့်၏၊ “ပီတိကို ထင်ရှားစေလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏။ “သုခကို ထင်ရှားစေလျက် ဝင်သက် ရှူအံ့”ဟု ကျင့်၏၊ “သုခကို ထင်ရှားစေလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏။ “စိတ္တသင်္ခါရ(ဝေဒနာ,သညာ) ကို ထင်ရှားစေလျက် ထွက်သက် ရှူအံ့”ဟု ကျင့်၏၊ “စိတ္တသင်္ခါရ(ဝေဒနာသညာ) ကို ထင်ရှားစေလျက် ဝင်သက်ထုတ်အံ့”ဟု ကျင့်၏။ (ရုန့်ရင်းသည့် ဝေဒနာ,သညာဟူသော) “စိတ္တသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်ရှူအံ့”ဟု ကျင့်၏။ (ရုန့်ရင်းသည့် ဝေဒနာ,သညာဟူသော) “စိတ္တသင်္ခါရကို ငြိမ်းစေလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏၊ “စိတ်ကို ထင်ရှားစေလျက် ဝင်သက်ရှူအံ့”ဟု ကျင့်၏၊ “စိတ်ကို ထင်ရှားစေလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏၊ “စိတ်ကို အလွန်ဝမ်းမြောက်စေလျက်။ပ။ စိတ်ကို ကောင်းစွာ ထားလျက်။ပ။ စိတ်ကို လွတ်စေလျက်။ပ။ အနိစ္စဟု ရှုလျက်။ပ။ ဝိရာဂဟု ရှုလျက်။ပ။ နိရောဓဟု ရှုလျက်။ပ။ “စွန့်ရာဟု ရှုလျက် ဝင်သက် ရှူအံ့”ဟု ကျင့်၏။ “စွန့်ရာဟု ရှုလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏။ အာနန္ဒာ ဤတရားကို အာနာပါနဿတိဟု ဆိုအပ်၏။ (၁ဝ)

အာနန္ဒာ သင်သည် အကယ်၍ ဂိရိမာနန္ဒရဟန်းအား ဤသညာဆယ်မျိုးတို့ကို ဟောလျှင် ဂိရိမာနန္ဒရဟန်းသည် ဤသညာဆယ်မျိုးတို့ကို ကြားနာရ၍ တစ်ခဏချင်း ထိုအနာသည် ငြိမ်းအေးရာသော အကြောင်းရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံမှ သညာဆယ်မျိုးတို့ကို သင်ယူ၍ အသျှင် ဂိရိမာနန္ဒအထံသို့ ချဉ်းကပ်ပြီးနောက် အသျှင်ဂိရိမာနန္ဒအား ဤသညာ ဆယ်မျိုးတို့ကို ဟော၏။ ထိုအခါ အသျှင်ဂိရိမာနန္ဒသည် ဤသညာဆယ်မျိုးတို့ကို ကြားနာရ၍ (သူ၏) ထိုအနာသည် တစ်ခဏချင်း ငြိမ်းအေးလေ၏၊ အသျှင်ဂိရိမာနန္ဒသည်လည်း ထိုအနာမှ ထမြောက်၏၊ အသျှင်ဂိရိမာနန္ဒ၏ ထိုအနာ သည်လည်း အချင်းခပ်သိမ်း ပယ်အပ်ပြီးဖြစ်၏။

ဒသမသုတ်။

ရှေးဦးစွာသော သစိတ္တဝဂ် ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection