LibraryKNDhp 1–20
Dhp 1–208 min read

Dhammapada · Pairs

Yamakavagga

20
PDFGenerated
01 · Overview

The opening twenty verses of the Dhammapada, emphasizing the leading role of mind and the results of action.

02 · Reading guide

Ideal for a few verses each day; save a verse and return to it during the day.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

ဓမ္မပဒပါဠိတော် ၁-ယမကဝဂ် ၁-စက္ခုပါလတ္ထေရဝတ္ထု

SC 1 ၁။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့်ပြီးကုန်၏။ ပြစ်မှားလိုသော စိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

၂-မဋ္ဌကုဏ္ဍလီဝတ္ထု

SC 2 ၂။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့် ပြီးကုန်၏။ သန့်ရှင်းကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆိုသော် လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ်လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။

၃-တိဿတ္ထေရဝတ္ထု

SC 3 ၃။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှဉ်းဆဲဖူးပြီ။ ငါ့ကို အောင်နိုင်ဖူးပြီ။ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏။ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် မငြိမ်းအေးနိုင်။

SC 4 ၄။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှဉ်းဆဲဖူးပြီ။ ငါ့ကို အောင်နိုင်ဖူးပြီ။ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်။ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်းနိုင်၏။

၄-ကာဠယက္ခိနီဝတ္ထု

SC 5 ၅။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါ မျှ မပြေငြိမ်းနိုင်ကုန်။ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏။ ဤသဘောကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။

၅-ကောသမ္ဗကဝတ္ထု

SC 6 ၆။ ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်။ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်။ ဤလောက၌ ပညာရှိသူတို့သည် ငါတို့ သေကြလိမ့်မည်ဟု သိကြကုန်၏။ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။

၆-မဟာကာဠတ္ထေရဝတ္ထု

SC 7 ၇။ တင့်တယ်၏ဟု အဖန်ဖန်ရှု၍ နေသော ဣန္ဒြေတို့၌ မစောင့်စည်းဘဲ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိမူ၍ ဝီရိယယုတ်လျော့ ပျင်းရိသူကို လေမုန်တိုင်းသည်အားနည်းသော သစ်ပင်ကို နှိပ်စက်ညှဉ်းဆဲဘိသကဲ့သို့ (ကိလေသာ) မာရ်သည် စင်စစ် နှိပ်စက်နိုင်၏။

SC 8 ၈။ မတင့်တယ်ဟု အဖန်ဖန်ရှု၍ နေသော ဣန္ဒြေတို့၌ ကောင်းစွာ စောင့်စည်းလျက် ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၍ သဒ္ဓါတရားရှိသဖြင့် ထက်သန်သော လုံ့လရှိသူကို လေမုန်တိုင်းသည် ကျောက်တောင်ကြီးကို မနှိပ်စက် မညှဉ်းဆဲနိုင်ဘိသကဲ့သို့ (ကိလေသာ) မာရ်သည် စင်စစ် မနှိပ်စက်နိုင်။

၇-ဒေဝဒတ္တဝတ္ထု

SC 9 ၉။ (ဣန္ဒြေကို) ဆုံးမခြင်းကင်း၍မှန်ကန်စွာ ပြောဆိုခြင်းမရှိသော ကိလေသာ ဖန်ရည် မကင်းဘဲလျက် ဖန်ရည်စွန်းသော အဝတ် (သင်္ကန်း) ကို ဝတ်သောသူသည် ဖန်ရည်စွန်းသော အဝတ် (သင်္ကန်း)နှင့်မထိုက်တန်။

SC 10 ၁ဝ။ ဣန္ဒြေတို့ကို ဆုံးမလျက်မှန်ကန်စွာ ပြောဆိုခြင်းရှိသော ကိလေသာဖန်ရည်ကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူသည်သာလျှင် ဖန်ရည်စွန်းအဝတ်နှင့် ထိုက်တန်၏။

၈-သာရိပုတ္တတ္ထေရဝတ္ထု

SC 11 ၁၁။ အနှစ်မရှိသောတရား၌ အနှစ်ရှိ၏ဟု အယူရှိကြကုန်၏။ အနှစ်ရှိသောတရား၌မူကား အနှစ်မရှိဟု အယူရှိကြကုန်၏။ ထိုသူတို့သည်မှားသော ကြံစည်မှုလျှင် (ကျက်စားရာ) အာရုံရှိကြကုန်ရကား အနှစ်ရှိသောတရားကို မရနိုင်ကြကုန်။

SC 12 ၁၂။ အနှစ်ရှိသောတရားကိုလည်း အနှစ်ရှိသောတရားဟူ၍ အနှစ်မရှိသောတရားကိုလည်း အနှစ်မရှိသောတရားဟူ၍ သိကြကုန်သောကြောင့် ထိုသူတို့သည်မှန်ကန်သော ကြံစည်မှုလျှင် (ကျက်စားရာ) အာရုံရှိကုန်ရကား အနှစ်ရှိသောတရားကို ရနိုင်ကြကုန်၏။

၉-နန္ဒတ္ထေရဝတ္ထု

SC 13 ၁၃။ အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော် မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ, ဝိပဿနာတို့ဖြင့်) ကောင်းစွာ မပွါးထုံအပ်သည်ရှိသော် ရာဂသည် ဖောက်ဝင်နိုင်၏။

SC 14 ၁၄။ အိမ်ကို ကောင်းစွာ မိုးအပ်သည်ရှိသော် မိုးရေသည် မဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ, ဝိပဿနာတို့ဖြင့်) ကောင်းစွာ ပွါးထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။

၁ဝ-စုန္ဒသူကရိကဝတ္ထု

SC 15 ၁၅။ မကောင်းမှုပြုသူသည် ဤဘဝ၌လည်း စိုးရိမ်ရ၏။ တမလွန်ဘဝ၌လည်း စိုးရိမ်ရ၏။ ပစ္စုပ္ပန်တမလွန် ဘဝနှစ်တန်တို့၌လည်း စိုးရိမ်ရ၏။ ထိုမကောင်းမှု ပြုသူသည် မိမိ၏ ညစ်နွမ်းသော ကံကိုသိမြင်၍ စိုးရိမ်ရ ပင်ပန်းရ၏။

၁၁-ဓမ္မိကဥပါသကဝတ္ထု

SC 16 ၁၆။ ကောင်းမှုပြုသူသည် ဤဘဝ၌လည်း ဝမ်းမြောက်ရ၏။ တမလွန်ဘဝ၌လည်း ဝမ်းမြောက်ရ၏။ ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်တို့၌လည်း ဝမ်းမြောက်ရ၏။ ထိုကောင်းမှုပြုသူသည် မိမိ၏စင်ကြယ်သော ကံကို သိမြင်ရ၍ ဝမ်းမြောက်ရ အလွန် ဝမ်းမြောက်ရ၏။

၁၂-ဒေဝဒတ္ထဝတ္ထု

SC 17 ၁၇။ မကောင်းမှုပြုသူသည် ဤဘဝ၌လည်း ပူပန်ရ၏။ တမလွန်ဘဝ၌လည်း ပူပန်ရ၏။ ပစ္စုပ္ပန်တမလွန် ဘဝနှစ်တန်တို့၌လည်း ပူပန်ရ၏။ ''ငါသည် မကောင်းမှုကို ပြုမိပြီ''ဟု ပူပန်ရ၏။ ဒုဂ္ဂတိဘုံဘဝသို့ ရောက်ပါမူကား အလွန် ပူပန်ရ၏။

၁၃-သုမနဒေဝီဝတ္ထု

SC 18 ၁၈။ ကောင်းမှုပြုသူသည် ဤဘဝ၌လည်း နှစ်သက်ရ၏။ တမလွန်ဘဝ၌လည်း နှစ်သက်ရ၏။ ပစ္စုပ္ပန်တမလွန် ဘဝနှစ်တန်တို့၌လည်း နှစ်သက်ရ၏။ ''ငါသည် ကောင်းမှုကို ပြုအပ်ပြီ''ဟု နှစ်သက်ရ၏။ သုဂတိဘုံဘဝသို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။

၁၄-ဒွေသဟာယကဘိက္ခုဝတ္ထု

SC 19 ၁၉။ နွားရှင်တို့အား နွားတို့ကို ရေတွက် အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့အရသာကို မခံစားရသကဲ့သို့၊ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွါးနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို များစွာပြောဟောနေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့တန်နေသောသူသည် ပြုထိုက်သည်ကို ပြုသည်မမည်၊ မဂ်ဖိုလ်အရသာကို မခံစားရ။

SC 20 ၂ဝ။ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွါးနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို အနည်းငယ်မျှပင် ပြောဟောနေပါသော်လည်း တရားအားလျော်သောအကျင့်ကို ကျင့်လေ့ရှိသူဖြစ်ခဲ့မူ ရာဂ ဒေါသ မောဟကို ပယ်ပြီးလျှင် ကောင်းစွာ အပြားအားဖြင့် သိသည်ဖြစ်၍ (ကိလေသာတို့မှ) လွတ်သော စိတ်ရှိသည် ဖြစ်လျက် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း စွဲလမ်းမှု မရှိတော့ပြီ။ ထိုသူသည်သာ မဂ်ဖိုလ်အရသာကို ခံစားရ၏။

ရှေးဦးစွာသော ယမကဝဂ် ပြီး၏။



Prepared for SuttaCentral by နေမျိုးဝင်း and Ven. Vimala .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection