LibraryDNDN 20
DN 2013 min read

The Great Congregation

Mahāsamayasutta

20
PDFGenerated
01 · Overview

When deities from all realms gather in homage to the Buddha, he gives a series of verses describing them. These verses, which are commonly chanted in Theravadin countries, give one of the most detailed descriptions of the deities worshiped at the the time of the Buddha.

02 · Reading guide

Read the full discourse slowly and reflect on key passages.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၇—မဟာသမယသုတ် ဒီဃနိကာယ် ၇—မဟာသမယသုတ် ၃၃၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ (စကြာဝဠာတစ်ထောင်စီရှိသော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည်လည်း မြတ်စွာဘုရားကိုလည်းကောင်း ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေးလာရောက်ကုန်၏။

ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေသော ဗြဟ္မာလေးဦးတို့အား ဤသို့သော အကြံသည် ဖြစ်၏—

“ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ (စကြာဝဠာ တစ်ထောင်စီရှိသော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်တို့သည်လည်း မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေးလာရောက်ကုန်၏။ ငါတို့သည်လည်းမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ အထံတော်၌ အသီးသီး ဂါထာတစ်ပုဒ်စီ ရွတ်ဆိုရမူကောင်းလေစွ”ဟု (အကြံဖြစ်၏)။

၃၃၂။ ထိုအခါ ထိုဗြဟ္မာ (လေးဦး) တို့သည် ဥပမာအားဖြင့် ခွန်အားရှိသော ယောကျာ်းသည်ကွေးသောလက်ကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်းဤအတူ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာကုန်၏။ ထို့နောက် ထိုဗြဟ္မာ တို့သည် မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ရပ်ပြီးလျှင် တစ်ဦးသောဗြဟ္မာသည် မြတ်စွာ ဘုရား၏အထံတော်၌ ဤဂါထာကို ရွတ်ဆို၏—

“(အသျှင်ဘုရား) မဟာဝုန်တော၌ နတ်ဗြဟ္မာအပေါင်းတို့သည် စုရုံးလာကြသဖြင့် အစည်းအဝေး ကြီးဖြစ်လျက် ရှိနေပါ၏၊ အကျွန်ုပ်တို့သည် (ကိလေသာရန်သူတို့) မအောင်နိုင်သော သံဃာတော် ကိုဖူးမြော်ခြင်းငှါ ဤတရားသဘင် အစည်းအဝေးသို့ လာရောက် ပါကုန်၏”ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏—

“(အသျှင်ဘုရား) ထို (အစည်းအဝေး) ၌ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်စေလျှက် ဖြောင့်မတ်စွာ ပြုထားပါကုန်၏၊ ရထားထိန်းသည် (မြင်းဇက်) ကြိုးတို့ကို ကိုင်၍ ထိန်းသကဲ့သို့ ပညာရှိ့ (ရဟန်း) တို့သည် ဣန္ဒြေတို့ကို ထိန်းသိမ်းတော်မူကြပါကုန်၏”ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏—

“(အသျှင်ဘုရား) မြတ်စွာဘုရား ကောင်းစွာ ဆုံးမထားပြီးဖြစ်၍ တဏှာကင်းလျက် သန့်ရှင်းစင်ကြယ်သော ထိုရဟန္တာငယ်တို့သည် (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ်တံသင်းနှင့်တံခါး ကျည်မင်းတုပ်ကို ဖြတ်ပြီးလျှင် (ရာဂ ဒေါသ မောဟတည်းဟူသော) တံခါးတိုင်ကို နုတ်၍ လှည့်လည်သွားလာနေကြကုန်၏”ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏—

“(အသျှင်ဘုရား) မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ အားလုံးတို့သည် အပါယ် ဘုံသို့မရောက်ကြပါကုန်လတ္တံ့၊ လူ့ခန္ဓာကို စွန့်ပယ်၍ နတ်ပြည်၌ ဖြစ်ကြပါကုန် လတ္တံ့”ဟု (ရွတ် ဆို၏)။

နတ်အစည်းအဝေး ၃၃၃။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏—

“ရဟန်းတို့ (စကြာဝဠာတစ်ထောင်စီရှိသော) လောကဓာတ်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေးလာရောက်ကြကုန်၏။ ရဟန်းတို့ အတိတ်ကာလ၌ ပွင့်တော်မူကုန်သော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခု ငါ၏ လက်ထက်၌ကဲ့သို့ ဤမျှအတိုင်း အရှည်ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးခဲ့ကြကုန်ပြီ။

ရဟန်းတို့ အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သောမြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခု ငါ၏ လက်ထက်၌ကဲ့သို့ ဤမျှအတိုင်းအရှည်ရှိသောနတ်ဗြဟ္မာတို့သည် စည်းဝေးကြကုန်လတ္တံ့။

ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ပြောကြားပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ကြေငြာပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ဟောကြားပေအံ့၊ ထိုစကားကို နာကြားကြလော့၊ ကောင်းစွာ နှလုံးသွင်းကြလော့၊ ဟောပြပေအံ့”ဟု (မိန့်တော်မူ၏)။

“ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။

၃၃၄။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏—

(ရဟန်းတို့) ဂါထာဖွဲ့၍ ဟောကြားပေအံ့၊ အကြင်ရဟန်းတို့သည် ဘုမ္မစိုးနတ်တို့ မှီဝဲနေထိုင်ရာဖြစ်သော ထိုထိုအရပ်ကို မှီ၍ နေကုန်၏၊ တောင်ခေါင်းကို မှီ၍ နေ ကုန်၏၊ ထိုရဟန်းတို့သည်နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်၏၊ တည် ကြည်သော စိတ်ရှိကုန်၏၊ ထိုများစွာသောရဟန်းတို့သည် ကြက်သီးမွေးညင်းမျှ ထခြင်း မရှိမူ၍ ခြင်္သေ့မင်းကဲ့သို့ တစ်းပါးတည်းကိန်းအောင်းလေ့ရှိကုန်၏၊ ဖြူစင် သော စိတ်ရှိ၍ နောက်ကျုကင်းလျက် သန့်ရှင်းကြည်လင်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည် မဟာဝုန်တော၌ တပည့်သာဝက ငါးရာကျော်တို့သာသနာတော်ဝယ် မွေ့လျော်နေကြသည်ကို သိတော်မူ၍၊ ရဟန်း တို့ နတ်ဗြဟ္မာအပေါင်းတို့ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာ အပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့ဟုမိန့်တော်မူ၏၊ ထိုရဟန်းတို့ သည်လည်း မြတ်စွာဘုရား၏ အဆုံးအမကို ကြားနာရ၍ (သိခြင်းငှါ) အားထုတ် ကုန်၏။ ထိုရဟန်းတို့အား နတ်ဗြဟ္မာတို့ကို မြင်စွမ်းနိုင်သော ဒိဗ္ဗစက္ခုဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာတစ်ရာကို မြင်ကုန်၏၊ အချို့ သော ရဟန်းတို့သည်တစ်ထောင်ကို အချို့သော ရဟန်းတို့သည် ခုနစ်သောင်းကို အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ့တစ်သိန်းကို မြင်ကုန်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာအနန္တကို မြင်ကုန်၏၊ အရပ်မျက်နှာအားလုံးတို့သည် နတ်ဗြဟ္မာတို့ဖြင့် ပြည့်နှက်လျက် ရှိကုန်၏။ ထိုအခါ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ထို (ရဟန်းတို့၏ အသီးသီးမြင်ပုံ) အလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြားမှတ်သားတော်မူပြီး လျှင် သာသနာတော်၌မွေ့လျော်ကုန်သော တပည့်သာဝကာတို့အား မိန့်တော် မူ၏—

ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့သည် ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာအပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဥာဏ်ဖြင့်) သိကုန်လော့၊ ယင်းနတ်ဗြဟ္မာတို့ ကို သင်တို့အားဂါထာဖြင့် အစဉ်အတိုင်း ငါ ပြောကြားပေအံ့။

၃၃၅။ (ရဟန်းတို့) မြေ၌ တည်ကုန်သော ကပိလဝတ်ပြည်ကို မှီ၍ နေကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ထိုခုနစ် ထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်ကုန်၏။ ဟိမဝန္တာတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ခြောက်ထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာလာရောက်ကုန်၏။ သာတာဂိရိတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော သုံးထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်ကုန်၏။ အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သောအခြံအရံများကုန်သော ဤတစ်သောင်းခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ဝေဿာမိတ္တတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ငါးရာ သော နတ်တို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာ လာရောက်ကုန်၏။ ရာဇဂြိုဟ်ပြည် ဝေပုလ္လတောင်၌ နေသော ကုမ္ဘီရနတ် (စစ်သူကြီး) ကို အသိန်း မကသော နတ်တို့သည်ခြံရံခစားကုန်၏၊ ရာဇဂြိုဟ်ပြည်၌ နေသော ထိုကုမ္ဘီရနတ် (စစ်သူကြီး) သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်၏။

၃၃၆။ အရှေ့အရပ်ကို အုပ်စိုးသော ဂန္ဓဗ္ဗနတ်တို့၏အရှင် ဓတရဋ္ဌနတ်မင်းကြီး သည် များသောအခြံအရံရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီးကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသောသားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်းအ ဝေးသို့ ဝမ်းမြောက်ဝမ်းသာလာရောက်ကုန်၏။ တောင်အရပ်ကို အုပ်စိုးသော ကုမ္ဘဏ်တို့၏အရှင် ဝိရူဠှက နတ်မင်းကြီးသည် များ သော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီးကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသောသားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာလာရောက်ကုန်၏။ ့အနောက်အရပ်ကို အုပ်စိုးသော နဂါးတို့၏အရှင် ဝိရူပက္ခ နတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီးကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသောသားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာလာရောက်ကုန်၏။ မြောက်အရပ်ကို အုပ်စိုးသော နတ်ဘီလူးတို့၏ အရှင်ကုဝေရနတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီးကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသောသားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာလာရောက်ကုန်၏။ အရှေ့အရပ်၌ ဓတရဋ္ဌနတ်မင်းကြီး၊ တောင်အရပ်၌ ဝိရူဠှကနတ်မင်းကြီး၊ အနောက် အရပ်၌ဝိရူပက္ခနတ်မင်းကြီး၊ မြောက်အရပ်၌ ကုဝေရနတ်မင်းကြီး။ ထိုနတ်မင်းကြီး လေးယောက်တို့သည် ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့၌အလွန်တောက်ပကုန်လျက် ကပိလဝတ်ပြည် မဟာဝုန်တော၌ တည်ရှိကုန်၏။

၃၃၇။ ထို (နတ်မင်းကြီး) တို့၏ ကျွန်ယုံတော်ဖြစ်ကုန်သော ပရိယာယ်မာယာများ ကုန်သောလှည့်စားတတ်ကုန်သော ကောက်ကျစ်စဉ်းလဲတတ်ကုန်သော မာယာနတ် ကုဋေဏ္ဍုနတ် ဝိဋေဏ္ဍုနတ်ဝိဋုစ္စနတ် ဝိဋုဋနတ်နှင့် တကွ —

စန္ဒနနတ် ကာမသေဋ္ဌနတ် ကိန္နိဃဏ္ဍုနတ် နိဃဏ္ဍုနတ်တို့သည် လာရောက် ကုန်၏၊ ပနာဒနတ်သြပမညနတ် ရထားထိန်းမာတလိနတ် စိတ ္တမည်သော ဂန္ဓဗ္ဗ နတ် သေနမည်သော ဂန္ဓဗ္ဗနတ်စိတ္တသေနမည်သော ဂန္ဓဗ္ဗနတ် နဠရာဇာနတ် ဇနဝသဘနတ် ပဉ္စသိခနတ် တိမ္ဗရုနတ်သူရိယ ဝစ္ဆသာနတ်သမီး။ ဤ (ဆိုခဲ့ပြီးသော ဂန္ဓဗ္ဗနတ်) တို့သည်လည်းကောင်း တစ်ပါးသော နတ်တို့သည် လည်းကောင်းနတ်မင်းကြီးတို့နှင့် အတူ မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာလာရောက်ကုန်၏။

၃၃၈။ ထိုမှတစ်ပါး နာဂသအိုင်၌နေသော နဂါးတို့နှင့် ဝေသာလီ၌ နေသော နဂါး တို့သည်နဂါးပရိသတ်နှင့် အတူ လာရောက်ကုန်၏၊ ကမ္ပလမည်သောနဂါး အဿတရမည်သော နဂါးနှင့်ပယာဂဆိပ်၌နေသော နဂါးတို့သည် ဆွေမျိုးတို့နှင့် အတူ လာရောက်ကုန်၏။ အခြံအရံများကုန်သော ယမုနာမြစ်၌နေသော နဂါးတို့နှင့် ဓတရဋ္ဌအမျိုး၌ဖြစ်သော နဂါးတို့သည်လာရောက်ကုန်၏၊ ဧရာဝဏ်ဆင်ပြောင်ကြီးမည်သော ထိုနတ်သား သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ လာရောက်ကုန်၏။ အကြင်ဂဠုန်တို့သည် (ဆိုခဲ့ပြီးသော) နဂါးမင်းတို့ကို အနိုင်အထက်ပြု၍ ဖမ်းယူ နိုင်ကုန်၏၊ နတ်ကဲ့သို့အာနုဘော်ရှိကုန်၏၊ (အမိဝမ်းနှင့် ဥခွံတွင်းမှ) နှစ်ကြိမ် မွေးဖွားရကုန်၏၊ အတောင် ရှိကုန်၏၊ စင်ကြယ်သော မျက်စိအမြင် ရှိကုန်၏၊ စိတြသုပဏ္ဏ အမည်ရှိကုန်၏ ထိုဂဠုန်တို့သည် ကောင်းကင်ခရီးဖြင့်တောအုပ် အလယ်သို့ ရောက်လာကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဂဠုန်ဘေးမှ ငြိမ်းအောင် ပြုတော်မူသဖြင့် နဂါးတို့ အားဘေးကင်းလေ၏၊ နဂါးနှင့် ဂဠုန်တို့သည် သိမ်မွေ့သော စကားတို့ဖြင့် ခေါ်ဝေါ်ပြောဆိုလျက်မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ကြကုန်၏။

၃၃၉။ ဝရဇိန်လက်နက်ရှိသော သိကြားမင်းကို စစ်ရှုံးသဖြင့် သမုဒ္ဒရာကို မှီ၍ နေရကုန်သော အသူရာတို့သည် သိကြားမင်း၏ ညီနောင်တို့ပင် ဖြစ်ကုန်၏၊ တန်ခိုးကြီးကုန်၏၊ အခြံအရံများကုန်၏။ ကာလကဉ္စအသူရာတို့သည် ကြီးမား၍ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ကို ဖန်ဆင်းလျက်လာကုန်၏။ ဒါနဝေဃသမည်သော (လေးသမား) အသူရာ ဝေပ စိတ္တိအသူရာ သုစိတ္တိအသူရာပဟာရာဒအသူရာတို့သည် မာရ်နတ်သားနှင့် တကွ လာရောက်ကုန်၏။ အားလုံးပင် ဝေရောစအမည်ရှိကုန်သော ဗလိအသူရာကြီး၏သားတစ်ရာတို့သည် ဗလိအသူရာစစ်တပ်ကိုလက်နက်တပ်ဆင်ပြီးလျှင် ရာဟုအသူရိန်ကြီးထံ ချဉ်းကပ်၍ သင့်အား ကောင်းခြင်းမင်္ဂလာ (ဖြစ်ပါစေသတည်း)၊ မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ သွားရန်အချိန်တန်ပါပြီဟုပြောဆိုကုန်၏။

၃၄ဝ။ ထိုအခါ၌ အာပေါနတ် ပထဝီနတ် တေဇောနတ် ဝါယောနတ် ဝရုဏနတ် ဝါရဏနတ်သောမနတ်တို့သည် ယသနတ်နှင့်တကွ လာရောက်ကုန်၏၊ အခြံအရံ များကုန်သော မေတ္တာနတ်ကရုဏာနတ်တို့သည်လည်း လာရောက်ကုန်၏။ တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော အား လုံးပင်အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော ဆယ်မျိုးကွဲပြားသော ဤ နတ်အစုအရုံး ဆယ်ခုတို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ဝေဏ္ဍုနတ် သဟလိနတ် အသမနတ်တို့နှင့်တကွ ယမနတ် နှစ်မျိုးတို့သည် လာ ရောက်ကုန်၏၊ လ၏အခြံအရံဖြစ်သော နတ်တို့သည် လနတ်မင်းကို ရှေ့ထား၍ လာရောက်ကုန်၏။ နေ၏ အခြံအရံဖြစ်သော နတ်တို့သည် နေနတ်မင်းကို ရှေ့ထား၍ လာရောက်ကုန် ၏၊ ကြယ်တို့၏အခြံအရံဖြစ်ကြကုန်သော နတ်တို့သည် ကြယ်နတ်မင်းတို့ကို ရှေ့ ထား၍ လာရောက်ကုန်၏၊ မန္ဒဝလာဟကနတ်တို့သည်လည်း လာရောက်ကုန်၏။ နတ်တို့၏ အကြီးအမှူးဖြစ်သော ရှေ့၌အလှူပေးဖူးသည့် ဝါသဝမည်သော သိကြား မင်းသည်လည်းလာရောက်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ကြီး ကုန်သောအဆင်းလှကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံးဆယ်ခုတို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်ကုန်၏။ ထိုမှတစ်ပါး မီးလျှံကဲ့သို့တောက်ပသော သဟဘူနတ်တို့သည် လည်းကောင်း အောက်မဲညိုပွင့်နှင့်တူသောအဆင်းရှိကုန်သော အရိဋ္ဌကနတ်တို့သည်လည်းကောင်း ရောဇနတ်တို့သည်လည်းကောင်း—

ဝရုဏနတ်တို့သည်လည်းကောင်း သဟဓမ္မနတ်တို့သည်လည်းကောင်း အစ္စုတနတ်တို့သည်လည်းကောင်း အနေဇကနတ်တို့သည်လည်းကောင်း သုလေယျနတ်တို့ သည်လည်းကောင်းရုစိရနတ်တို့သည်လည်းကောင်း လာရောက်ကုန်၏၊ ဝါသဝ နေသီ အမည်ရှိသော နတ်တို့သည်လာရောက်ကုန်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော် ကြီး ကုန်သောအဆင်းလှကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခုတို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်ကုန်၏။ သမာနနတ်တို့သည်လည်းကောင်း မဟာသမာနနတ်တို့သည်လည်းကောင်းမာနုသနတ်တို့သည်လည်းကောင်း မာနုသုတ္တမနတ်တို့သည်လည်းကောင်း ခိဣာပဒေါသိကနတ်တို့သည်လည်းကောင်း လာရောက်ကုန်၏။ မနောပဒေါသိကနတ်တို့သည် လည်းလာရောက်ကုန်၏။ ထိုမှတစ်ပါး ဟရိနတ်တို့သည်လည်းကောင်း လောဟိတဝါသီနတ်တို့သည်လည်း ကောင်း့လာရောက်ကုန်၏။ အခြံအရံများသော ပါရဂနတ်တို့သည်လည်းကောင်းမဟာပါရဂနတ်တို့သည်လည်းကောင်း လာရောက်ကုန်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ကြီး ကုန်သောအဆင်းလှကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခုတို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်ကုန်၏။ သုက္ကနတ်တို့သည်လည်းကောင်း ကရ မ္ဘနတ်တို့သည်လည်းကောင်း အရုဏနတ် တို့သည်လည်းကောင်းဝေဃနသနတ်တို့နှင့်တကွ လာရောက်ကုန်၏၊ သြဒါတဂယှ မည်သောပါမောက္ခနတ်တို့သည်လည်းကောင်း ဝိစက္ခဏနတ်တို့သည်လည်းကောင်း လာရောက်ကုန်၏။ သဒါမတ္တနတ်တို့သည်လည်းကောင်း ဟာရဂဇနတ်တို့သည်လည်းကောင်း အခြံ အရံများကုန်သောမိဿကနတ်တို့သည်လည်းကောင်း လာရောက်ကုန်၏။ အရပ် မျက်နှာတို့၌ မိုးရွာစေလျက်သွားလာလေ့ရှိသော ပဇ္ဇုန္နနတ်သည်လည်း မိုးထစ် ချုန်းစေလျက် လာရောက်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ကြီး ကုန်သောအဆင်းလှကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခုတို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်ကုန်၏။ ခေမိယနတ်တို့သည်လည်းကောင်း တုသိတာ (ပြည်၌နေသော) နတ်တို့သည်လည်း ကောင်းယာမာ (ပြည်၌နေသော) နတ်တို့သည်လည်းကောင်း အခြံအရံများကုန်သောကဋ္ဌကနတ်တို့သည်လည်းကောင်း လမ္ဗီတကနတ်တို့သည်လည်းကောင်း လာမသေဋ္ဌနတ်တို့သည်လည်းကောင်း ဇောတိမည်သောနတ်တို့သည်လည်းကောင်း အာသဝ နတ်တို့သည်လည်းကောင်း နိမ္မာနရတိနတ်တို့သည် လည်းကောင်း ပရနိမ္မိတ (ဝသဝတ္တီ) နတ်တို့သည်လည်းကောင်းလာရောက်ကုန်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ကြီး ကုန်သောအဆင်းလှကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခုတို့သည်မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်ကုန်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော ထိုခြောက်ကျိပ်သော နတ်အစုအရုံးတို့သည်အမည် အနွယ်အလိုက် လာရောက်ကုန်၏၊ (အမျိုးအမည်) တူသော တစ်ပါးသော နတ်တို့သည်လည်းလာရောက်ကုန်သေး၏။ပဋိသန္ဓေနေခြင်း ကင်းပြီးသော၊ (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ် တံသင်းမရှိသော၊ သြဃလေးဖြာမှ ကူးမြောက်ပြီးသော၊ အာသဝေါတရားမရှိသော အရိယသံဃာတော်ကိုလည်းကောင်းညစ်ညူးခြင်းကင်းသည့် လမင်းသဖွယ် တင့် တယ်တော်မူသော၊ သြဃလေးဖြာမှကူးမြောက်စေတော်မူသော မြတ်စွာဘုရားကို လည်းကောင်း ဖူးမြော်ကုန်အံ့ဟု (ကြွေးကြော်၍လာကုန်၏)။

၃၄၁။ တန်ခိုးကြီးမားတော်မူသော မြတ်စွာဘုရား၏ သားတော်ဖြစ်ကုန်သော သုဗြဟ္မာမည်သောဗြဟ္မာနှင့် ပရမတ္ထမည်သော ဗြဟ္မာတို့သည် အတူလာရောက် ကုန်၏၊ သနင်္ကုမာရဗြဟ္မာနှင့်တိဿဗြဟ္မာတို့သည်လည်း မဟာဝုန်တော ရဟန်း တို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာလာရောက်ကုန်၏။ လက်တစ်ချောင်းဖြင့် စကြာဝဠာတစ်ထောင် လက်ဆယ်ချောင်းဖြင့် စကြာဝဠာ တစ်သောင်းတိုင်အောင်အရောင်အဝါ ပျံ့နှံ့စေနိုင်သော ဗြဟ္မာတစ်ထောင်သည် အစည်းအဝေးသို့ လာရောက်၏၊ ဗြဟ္မာပြည်၌ပဋိသန္ဓေအားဖြင့်ဖြစ်သော အာနု ဘော်နှင့်ပြည့်စုံသော ကြီးသောကိုယ်ရှိသော ကျက်သရေနှင့် ပြည့်စုံသော မဟာ ဗြဟ္မာသည် အခြားဗြဟ္မာတစ်ထောင်ကို လွှမ်းမိုးအုပ်စိုးလျက် တည်၏။ ဗြဟ္မာတစ်ထောင်စီ အသီးသီး အစိုးရကုန်သော မဟာဗြဟ္မာဆယ်ဦးတို့သည် ဤ အစည်းအဝေးသို့လာရောက်ကုန်၏၊ ထိုဗြဟ္မာတို့အနက် ဟာရိတမည်သော မဟာ ဗြဟ္မာသည်လည်း (ဗြဟ္မာတစ်သိန်း) ခြံရံလျက် လာရောက်၏။

၃၄၂။ ရဟန်းတို့ မာရ်နတ်၏ မိုက်မဲပုံကို ရှုကုန်လော့၊ သိကြား မဟာဗြဟ္မာတို့ နှင့်တကွရှေးရှုလာကုန်သော ထိုနတ်ဗြဟ္မာအားလုံးတို့ဆီသို့ မာရ်နတ်၏ စစ်သည် တို့သည် ရှေးရှုချီတက်လာကြကုန်ပြီ။ လာကြကုန်လော့၊ ဖမ်းကြကုန်လော့၊ နှောင်ဖွဲ့ကြကုန်လော့၊ ရာဂဖြင့် ချည်တုပ် ကြကုန်လော့၊ ထက်ဝန်းကျင်မှ ဝိုင်းဝန်းထားကြကုန်လော့။ သင်တို့သည် တစ်ဦး တစ်ယောက်ကိုမျှမလွတ်စေကြကုန်လင့်။ ဤသို့ ဆိုလျက် စစ်သည်များစွာရှိသော မာရ်နတ်မင်းသည် မြေပြင်ကို လက်ဖြင့် ပုတ်ခတ်၍ လျှပ်စစ်နှင့်တကွ မိုးကြီးထစ်ချုန်းရွာသကဲ့သို့ ကြောက်မက်ဖွယ်အသံကို ပြုလျက် ထိုအစည်းအဝေးသို့မာရ်စစ်သည်ကို စေလွှတ်၏၊ ထိုအခါ မာရ်နတ် မင်းသည် မိမိအလိုအတိုင်း မဖြစ်သောကြောင့် ပြင်းစွာအမျက်ထွက်လျက် ပြန်ရ လေ၏။

၃၄၃။ စက္ခုငါးပါးနှင့် ပြည့်စုံသော မြတ်စွာဘုရားသည် ထိုအလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၍ပိုင်းခြားမှတ်သားတော်မူပြီးလျှင် သာသနာတော်၌ မွေ့လျော်ကုန် သော တပည့်သာဝကတို့အား “ရဟန်းတို့ မာရ်နတ်စစ်သည်တို့သည် ရှေးရှုချီ တက် လာကုန်၏၊ ထိုမာရ်နတ်စစ်သည်တို့ကိုသိကုန်လော့”ဟု မိန့်တော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ အမိန့်တော်ကို ကြား၍ (သိအောင်) အားထုတ် ကုန်၏၊ (မာရ်စစ်သည်တို့သည်) ထိုရဟန္တာတို့၏ မွေးညင်းကိုမျှလည်း မလှုပ်ရှားစေနိုင်သည်ဖြစ်၍ ထိုရဟန္တာတို့ထံမှ ဖဲခွါသွားလေကုန်ပြီ၊ (ထိုအခါ မာရ်နတ်မင်း သည် ရဟန်းသံဃာကိုအာရုံပြု၍ ဤဂါထာကို ရွတ်ဆို၏)။ စစ်ပွဲကို အောင်မြင်ပြီးကုန်သော ကြောက်ရွံ့ခြင်းကင်းပြီးကုန်သော ကျော်စောခြင်း ရှိကုန်သောလူအပေါင်း၌ ထင်ရှားကုန်သော ထို (အရိယာ) သာဝကအားလုံးတို့ သည် (အခြား) အရိယာတို့နှင့် အတူဝမ်းမြောက်ကြလေကုန်သတည်း။

ခုနစ်ခုမြောက် မဟာသမယသုတ် ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection