LibraryMNMN 2
MN 216 min read

All the Defilements

Sabbāsava Sutta

20
PDFGenerated
01 · Overview

The diverse problems of the spiritual journey demand a diverse range of responses. Rather than applying the same solution to every problem, the Buddha outlines seven methods of dealing with defilements, each of which works in certain cases.

02 · Reading guide

Read the full discourse slowly and use the prebuilt MP3 for continuous listening.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

မဇ္ဈိမနိကာယ် ၂— သဗ္ဗာသဝသုတ် ၁၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

“ရဟန်းတို့ အာသဝအားလုံးကို ပိတ်ကြောင်း ‘သဗ္ဗာသဝသံဝရ’ ဒေသနာကို သင်တို့အားဟောကြားပေအံ့၊ ထိုဒေသနာကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့” ့ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဟောတော်မူ၏။

၁၅။ ရဟန်းတို့ ငါသည် သိသူ မြင်သူအား အာသဝတို့၏ကုန်ခြင်းကို ဟောတော်မူ၏၊ မသိသူမမြင်သူအား ဟောတော်မမူ။ ရဟန်းတို့ အဘယ်ကို သိသူ မြင်သူအား အာသဝတို့၏ ကုန်ခြင်းကို ဟောတော်မူသနည်း ဟူမူ— သင့်သော အကြောင်းအားဖြင့်နှလုံးသွင်းခြင်းကိုလည်းကောင်း၊ မသင့်သော အကြောင်းအားဖြင့်နှလုံးသွင်းခြင်းကိုလည်းကောင်း သိသူ မြင်သူအား အာသဝတို့၏ ကုန်ခြင်းကို ဟောတော်မူ၏၊ ရဟန်းတို့မသင့်သော အကြောင်းအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော အာသဝတို့သည်လည်း ဖြစ်ကုန်၏၊ ဖြစ်ပြီးသော အာသဝတို့သည်လည်း တိုးပွားကုန်၏၊ ရဟန်းတို့ သင့်သော အကြောင်းအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော အာသဝတို့သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော အာသဝတို့သည်လည်းပပျောက်ကုန်၏။

၁၆။ ရဟန်းတို့ မြင်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ ပိတ်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ မှီဝဲခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ သည်းခံခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်ကုန်သောအာသဝတို့သည် ရှိကုန်၏၊ ဖျောက်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ ပွားခြင်းဖြင့်ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊

၁၇။ ရဟန်းတို့ အဘယ်အာသဝတို့ကို မြင်ခြင်းဖြင့် ပယ်အပ်ကုန်သနည်း ဟူမူ— ရဟန်းတို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိ, အရိယာတရား၌ မလိမ္မာ, အရိယာတရား၌ယဉ်ကျေးမှု ‘ဝိနည်း’ မရှိသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိ, သူတော်ကောင်းတရား၌ မလိမ္မာ,သူတော် ကောင်းတရား၌ ယဉ်ကျေးမှု ‘ဝိနည်း’ မရှိသော အကြားအမြင်မရှိသူ ပုထုဇဉ်သည်နှလုံးသွင်းသင့် သော တရား, နှလုံးမသွင်းသင့်သော တရားတို့ကို မသိ၊ နှလုံးသွင်းသင့်သော တရား,နှလုံးမသွင်းသင့် သော တရားတို့ကို မသိသော ထိုသူသည် နှလုံးမသွင်းသင့်သော တရားတို့ကိုနှလုံးသွင်း၏၊ နှလုံးသွင်း သင့်သော တရားတို့ကို နှလုံးမသွင်း။

ရဟန်းတို့ အဘယ်တရားတို့သည် နှလုံးမသွင်းသင့်ဘဲ နှလုံးသွင်းသော တရားတို့နည်း ဟူမူ— ရဟန်းတို့ အကြင်တရားတို့ကို နှလုံးသွင်းသူအား မဖြစ်သေးသော ကာမာသဝလည်း ဖြစ်၏၊ ဖြစ်ပြီးသော ကာမာသဝလည်း တိုးပွား၏၊ မဖြစ်သေးသော ဘဝါသဝလည်း ဖြစ်၏၊ ဖြစ်ပြီးသောဘဝါသဝလည်း တိုးပွား၏။ မဖြစ်သေးသော အဝိဇ္ဇာသဝလည်း ဖြစ်၏၊ ဖြစ်ပြီးသော အဝိဇ္ဇာသဝလည်းတိုးပွား၏၊ ဤတရားတို့သည် နှလုံးမသွင်းသင့်ဘဲ နှလုံးသွင်းသော တရားတို့ ဖြစ်ကုန်၏။

ရဟန်းတို့ အဘယ်တရားတို့သည် နှလုံးသွင်းသင့်လျက် နှလုံးမသွင်းသော တရားတို့နည်း ဟူမူ— ရဟန်းတို့ အကြင်တရားတို့ကို နှလုံးသွင်းသူအား မဖြစ်သေးသော ကာမာသဝလည်း မဖြစ်၊ ဖြစ်ပြီးသော ကာမာသဝလည်း ပပျောက်၏၊ မဖြစ်သေးသော ဘဝါသဝလည်း မဖြစ်၊ ဖြစ်ပြီးသောဘဝါသဝလည်း ပပျောက်၏။ မဖြစ်သေးသော အဝိဇ္ဇာသဝလည်း မဖြစ်၊ ဖြစ်ပြီးသော အဝိဇ္ဇာသဝလည်းပပျောက်၏၊ ဤတရားတို့သည် နှလုံးသွင်းသင့်လျက် နှလုံးမသွင်းသော တရားတို့ ဖြစ်ကုန်၏။

ထိုသူအား နှလုံးမသွင်းသင့်သော တရားတို့ကို နှလုံးသွင်းခြင်း နှလုံးသွင်းသင့်သော တရားတို့ကိုနှလုံးမသွင်းခြင်းကြောင့် မဖြစ်သေးသော အာသဝတို့လည်း ဖြစ်ကုန်၏၊ ဖြစ်ပြီးသော အာသဝတို့လည်းတိုးပွားကုန်၏။

၁၈။ ထိုသူသည် ဤသို့ မသင့်သော အကြောင်းအားဖြင့် နှလုံးသွင်း၏။

“ငါသည် အတိတ်ကာလ၌ ဖြစ်ခဲ့ဖူးသလော။

အတိတ်ကာလ၌ မဖြစ်ခဲ့ဖူးသလော။

အတိတ်ကာလ၌ အဘယ်သူ ဖြစ်ခဲ့ဖူးသနည်း။

အတိတ်ကာလ၌ အဘယ်သို့ ဖြစ်ခဲ့ဖူးသနည်း။

ငါသည် အတိတ်ကာလ၌ အဘယ်သူဖြစ်ပြီး၍ အဘယ်သူဖြစ်ခဲ့ဖူးသနည်း။

ငါသည် အနာဂတ်ကာလ၌ ဖြစ်လတ္တံ့လော။

အနာဂတ်ကာလ၌ မဖြစ်လတ္တံ့လော။

အနာဂတ်ကာလ၌ အဘယ်သူ ဖြစ်လတ္တံ့နည်း။

အနာဂတ်ကာလ၌ အဘယ်သို့ ဖြစ်လတ္တံ့နည်း။

ငါသည် အနာဂတ်ကာလ၌ အဘယ်သူဖြစ်ပြီး၍ အဘယ်သူဖြစ်လတ္တံ့နည်း” ဟု (နှလုံးသွင်း၏)။

ယခုပစ္စုပ္ပန်ကာလ၌လည်း—

“ငါဖြစ်သလော။

ငါမဖြစ်သလော။

ငါအဘယ်သူ ဖြစ်သနည်း။

ငါအဘယ်သို့ ဖြစ်သနည်း။

ငါသည် အဘယ်မှ လာသနည်း။

ထိုငါသည် အဘယ်သို့ သွားလတံ္တနည်း” ။

ဤသို့ အဇ္ဈတ္တသန္တာန်၌ သို့လော သို့လော တွေးတော ယုံမှားခြင်းဖြစ်၏၊ (ဤသို့ မသင့်သောအကြောင်း အားဖြင့် နှလုံးသွင်း၏)။

၁၉။ ဤသို့ မသင့်သောအကြောင်းအားဖြင့် နှလုံးသွင်းသော ထိုသူအား ဒိဋ္ဌိခြောက်ပါးတို့တွင်တစ်ပါးပါးသော ဒိဋ္ဌိဖြစ်၏၊ “ငါအား အတ္တသည် ရှိ၏” ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့် ဒိဋ္ဌိဖြစ်၏၊ “ငါအား အတ္တသည် မရှိ” ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ “အတ္တဖြင့်သာလျှင် အတ္တကို သိ၏” ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ “အတ္တဖြင့်သာလျှင် အနတ္တကိုသိ၏” ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ “အနတ္တဖြင့်သာလျှင် အတ္တကို သိ၏” ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ တစ်နည်းအားဖြင့် ထိုသူအား “ငါ၏ ထိုအတ္တသည် ပြောဆိုတတ်၏၊ သိမြင်ခံစားတတ်၏၊ ထိုထိုယောနိ ဂတိဝိညာဏဋ္ဌိတိ သတ္တာဝါသ သတ္တနိကာယ (အာရုံ)တို့၌ ကောင်းမှုကံ မကောင်းမှုကံတို့၏အကျိုးကို (သိမြင်) ခံစားတတ်၏၊ ငါ၏ ထိုအတ္တသည် မြဲ၏၊ ခိုင်မြဲ၏၊ တည်မြဲ၏၊ ဖောက်ပြန်သောသဘောမရှိ၊ မြဲသော အရာတို့နှင့် တူစွာ ထို့အတူပင် တည်လတ္တံ့” ဟု ဤသို့သော ဒိဋ္ဌိဖြစ်၏။

ရဟန်းတို့ ဤမှားသောအမြင်ကို မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌိတောအုပ် ဒိဋ္ဌိခရီးခဲ ဒိဋ္ဌိဆူးငြောင့် ဒိဋ္ဌိဖောက်ပြန်လှုပ်ရှားမှု ဒိဋ္ဌိသံယောဇဉ်ဟူ၍ ဆိုအပ်၏၊ ရဟန်းတို့ ဒိဋ္ဌိသံယောဇဉ်နှင့် ယှဉ်သော အကြားအမြင်မရှိသူပုထုဇဉ်သည် (ပဋိသန္ဓေတည်၍) ဖြစ်ခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း (ကိုယ်) ဆင်းရဲခြင်းစိတ်မကောင်းခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ မလွတ်၊ ထိုဆင်းရဲ ‘ဒုက္ခ’မှ မလွတ်ဟု (ငါဘုရား) ဟောတော် မူ၏။

၂ဝ။ ရဟန်းတို့ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ လိမ္မာသော, အရိယာတရား၌ယဉ်ကျေးမှု ‘ဝိနည်း’ ရှိသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ လိမ္မာသော, သူတော်ကောင်းတရား၌ ယဉ်ကျေးမှု ‘ဝိနည်း’ ရှိသော အကြားအမြင်ရှိသူ အရိယာသာဝကသည်နှလုံးသွင်းသင့်သော တရား, နှလုံးမသွင်းသင့်သော တရားတို့ကို ခွဲခြား၍ သိ၏၊ နှလုံးသွင်းသင့်သော တရား, နှလုံးမသွင်းသင့်သော တရားတို့ကို ခွဲခြားသိသော ထိုသူသည် နှလုံးမသွင်းသင့်သော တရားတို့ကို နှလုံးမသွင်းဘဲ နှလုံးသွင်းသင့်သော တရားတို့ကို နှလုံးသွင်း၏။

ရဟန်းတို့ အဘယ်တရားတို့သည် နှလုံးမသွင်းသင့်သဖြင့် နှလုံးမသွင်းသော တရားတို့နည်းဟူမူ— ရဟန်းတို့ အကြင်တရားတို့ကို နှလုံးသွင်းသူအား မဖြစ်သေးသော ကာမာသဝလည်း ဖြစ်၏၊ ဖြစ်ပြီးသော ကာမာသဝလည်း တိုးပွား၏။ မဖြစ်သေးသော ဘဝါသဝလည်း ဖြစ်၏၊ ဖြစ်ပြီးသောဘဝါသဝလည်း တိုးပွား၏။ မဖြစ်သေးသော အဝိဇ္ဇာသဝလည်း ဖြစ်၏၊ ဖြစ်ပြီးသော အဝိဇ္ဇာသဝလည်းတိုးပွား၏။ ဤတရားတို့သည် နှလုံးမသွင်းသင့်သဖြင့် နှလုံးမသွင်းသော တရားတို့ ဖြစ်ကုန်၏။

ရဟန်းတို့ အဘယ်တရားတို့သည် နှလုံးသွင်းသင့်သဖြင့် နှလုံးသွင်းသော တရားတို့နည်းဟူမူ— ရဟန်းတို့ အကြင်တရားတို့ကို နှလုံးသွင်းသူအား မဖြစ်သေးသော ကာမာသဝလည်း မဖြစ်၊ ဖြစ်ပြီးသော ကာမာသဝလည်း ပပျောက်၏။ မဖြစ်သေးသော ဘဝါသဝလည်း မဖြစ်၊ ဖြစ်ပြီးသောဘဝါသဝလည်း ပပျောက်၏။ မဖြစ်သေးသော အဝိဇ္ဇာသဝလည်း မဖြစ်၊ ဖြစ်ပြီးသော အဝိဇ္ဇာသဝလည်းပပျောက်၏။ ဤတရားတို့သည် နှလုံးသွင်းသင့်သဖြင့် နှလုံးသွင်းသော တရားတို့ ဖြစ်ကုန်၏။ ထိုသူအားနှလုံးမသွင်းသင့်သော တရားတို့ကို နှလုံးမသွင်းခြင်းကြောင့် နှလုံးသွင်းသင့်သော တရားတို့ကို နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော အာသဝတို့လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော အာသဝတို့လည်းပပျောက် ကုန်၏။

၂၁။ ထိုသူသည် “ဤသည်ကား ဒုက္ခတည်း” ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ “ဤသည်ကား ဒုက္ခဖြစ်ကြောင်း သမုဒယတည်း” ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ “ဤသည်ကား ဒုက္ခချုပ်ရာ နိရောဓတည်း” ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ “ဤသည်ကား ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်း အကျင့် (လမ်းစဉ်) တည်း” ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ ဤသို့သော အကြောင်းအားဖြင့် နှလုံးသွင်းသော ထိုသူအား (ပရမတ္ထသဘာဝအားဖြင့် ထင်ရှားရှိသော ခန္ဓာ၌ ငါ့ဟာ ငါ ငါ့ကိုယ်ဟု အမှားမြင်ခြင်း) သက္ကာယဒိဋ္ဌိ, (ဘုရားစသည်တို့၌ ယုံမှားခြင်း) ဝိစိကိစ္ဆာ, (နွား ခွေး စသည်တို့၏ အကျင့် အလေ့ဖြင့် စင်ကြယ်၏ဟု အကျင့်အလေ့တို့ကို အမှားသုံးသပ်ခြင်း) သီလဗ္ဗတပရာမာသ သံယောဇဉ်သုံးပါးတို့သည် ပပျောက်ကုန်၏။ ရဟန်းတို့ ဤအာသဝတို့ကိုမြင်ခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၂။ ရဟန်းတို့ အဘယ်အာသဝတို့ကို ပိတ်ခြင်းဖြင့် ပယ်အပ်ကုန်သနည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ စက္ခုန္ဒြေကိုပိတ်ခြင်းဖြင့် ပိတ်လျက် နေ၏၊ ရဟန်းတို့ ယင်းစက္ခုန္ဒြေကို ပိတ်ခြင်းဖြင့် မပိတ်ဘဲနေသော ထိုရဟန်းအား အာသဝေါတရား နှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည်ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) စက္ခုန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက်နေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍ သောတိန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက်နေ၏။ပ။ ဃာနိန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက် နေ၏။ပ။ ဇိဝှိန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက် နေ၏။ပ။ ကာယိန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက် နေ၏။ပ။ မနိန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက် နေ၏။ ရဟန်းတို့ယင်းမနိန္ဒြေကို ပိတ်ခြင်းဖြင့် မပိတ်ဘဲနေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) မနိန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက်နေသော ထိုရဟန်းအားအာသဝေါတရားနှင့်ပင်ပန်းခြင်း ကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။

ရဟန်းတို့ ယင်းပိတ်ခြင်းကို မပိတ်ဘဲနေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို့ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍) ပိတ်ခြင်းကို ပိတ်လျက်နေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ ဤအာသဝတို့ကို ပိတ်ခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၃။ ရဟန်းတို့ အဘယ်အာသဝတို့ကို မှီဝဲခြင်းဖြင့် ပယ်အပ်ကုန်သနည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ သင်္ကန်းကို မှီဝဲ၏၊ အအေးကို ပယ်ဖျောက်ရုံမျှသာ အပူကို ပယ်ဖျောက်ရုံမျှသာ မှက် ခြင် လေ နေပူ မြွေ ကင်း သန်းအတွေ့တို့ကို ပယ်ဖျောက်ရုံမျှသာ အရှက်ကို ဖျက်ဆီးတတ်သော ကိုယ်အင်္ဂါကို ဖုံးလွှမ်းရုံမျှသာ (သင်္ကန်းကို မှီဝဲ၏)။

သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ ဆွမ်းကိုမှီဝဲ၏၊ မြူးထူးခြင်းငှါ မဟုတ်၊ မာန်ယစ်ခြင်းငှါမဟုတ်၊ တန်ဆာဆင်ခြင်းငှါ မဟုတ်၊ အရေအဆင်း ဖွံ့ဖြိုးတိုးပွားခြင်းငှါ မဟုတ်၊ ဤကိုယ်၏ တည်တံ့ရုံမျှသာ မျှတရုံမျှသာ (ဆာလောင်မွတ်သိပ်သော) ပင်ပန်းခြင်းကို ပယ်ဖျောက်ရုံမျှသာ မြတ်သော အကျင့်ကို ချီးမြှောက်ခြင်းငှါသာ (ဆွမ်းကို မှီဝဲ၏)။ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်းသည်လည်းကောင်း၊ အပြစ်မရှိသည့် အဖြစ်သည်လည်းကောင်း၊ ချမ်းသာစွာ နေရခြင်းသည်လည်းကောင်း ဖြစ်လတ္တံ့ဟု (ဆွမ်းကို မှီဝဲ၏)။

သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ အိပ်ရာ နေရာ ကျောင်းကို မှီဝဲ၏၊ အအေးကို ပယ်ဖျောက်ရုံမျှသာ အပူကိုပယ်ဖျောက်ရုံမျှသာ မှက် ခြင် လေ နေပူ မြွေ ကင်း သန်း အတွေ့တို့ကို ပယ်ဖျောက်ရုံမျှသာ (ရာသီ) ဥတု ဘေးရန်ကို ပယ်ဖျောက်၍ ကိန်းအောင်းမွေ့လျော်ရုံမျှသာ (အိပ်ရာ နေရာ ကျောင်းကို မှီဝဲ၏)။

သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ သူနာ၏ အထောက်အပံ့ ဆေး (ပစ္စည်း) အဆောက်အဦကိုမှီဝဲ၏၊ ဖြစ်ပေါ်ကုန်သော ကျင်နာခံခက် နှိပ်စက်တတ်ကုန်သော (ရောဂါ) ဝေဒနာတို့ကို ပယ်ဖျောက်ရုံမျှသာ ဆင်းရဲဒုက္ခ ကင်းပျောက်ရုံမျှသာ (ဆေးကို မှီဝဲ၏)။

ရဟန်းတို့ ယင်းပစ္စည်းလေးပါးကို (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) မမှီဝဲသော ထိုရဟန်း အားအာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) မှီဝဲသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ဤအာသဝတို့ကို မှီဝဲခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၄။ ရဟန်းတို့ အဘယ်အာသဝတို့ကို သည်းခံခြင်းဖြင့် ပယ်အပ်ကုန်သနည်း ဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ အချမ်း အပူဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်း အတွေ့တို့ကို သည်းခံနိုင်၏၊ မကောင်းသဖြင့် ဆိုအပ်ကုန်သော မကောင်းသဖြင့် ရောက်လာကုန်သော စကားတို့ကိုလည်းကောင်းကိုယ်၌ ဖြစ်ဆဲဖြစ်ကုန်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်မြို့ဖွယ်သောအသက်ကို ဆောင်နိုင်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်ခြင်းသဘောရှိသူဖြစ်၏။ ရဟန်းတို့ ယင်းအရာတို့ကို သည်းမခံနိုင်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) သည်းခံနိုင်သော ထိုရဟန်းအား အာသဝေါတရားနှင့်ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာ ဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ဤအာသဝတို့ကို သည်းခံခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၅။ ရဟန်းတို့ အဘယ်အာသဝတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်ကုန်သနည်း ဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍ ကြမ်းသောဆင်ကို ရှောင်ကြဉ်၏၊ ကြမ်းသောမြင်းကို ရှောင်ကြဉ်၏၊ ကြမ်းသောနွားကို ရှောင်ကြဉ်၏၊ ကြမ်းသောခွေးကို ရှောင်ကြဉ်၏၊ မြွေကို သစ်ငုတ်ကို ဆူးရှိရာဌာနကို ချောက်ကို ကမ်းပါးကိုအညစ်အကြေးစွန့်ရာကို အညစ်အကြေး စီးဆင်းရာ တန်စီးတွင်းကို (ရှောင်ကြဉ်၏)။ အကြင်သို့သဘောရှိသော နေရာမဟုတ်ရာ၌ နေသောရဟန်း ကျက်စားရာမဟုတ်ရာ၌ ကျက်စားသောရဟန်း ယုတ်မာသော မိတ်ဆွေတို့ကို ဆည်း ကပ်သော ရဟန်းကို ပညာရှိ သီတင်းသုံးဖော်တို့သည်မကောင်းသော အရာဌာနတို့၌ တွေးတောကုန်ရာ၏၊ ထိုရဟန်းသည် ထိုနေရာမဟုတ်ရာကိုလည်းကောင်း၊ ကျက်စားရာမဟုတ်ရာကိုလည်းကောင်း၊ ယုတ် မာသောမိတ်ဆွေတို့ကိုလည်းကောင်း သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍ ရှောင်ကြဉ်၏။

ရဟန်းတို့ ယင်းအရာကို မရှောင်ကြဉ်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍) ရှောင်ကြဉ်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ ဤအာသဝတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၆။ ရဟန်းတို့ အဘယ်အာသဝတို့ကို ဖျောက်ဖျက်ခြင်းဖြင့် ပယ်အပ်ကုန်သနည်း ဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍ ဖြစ်သောကာမဝိတက်ကို လက်မခံ၊ စွန့်၏၊ ဖျောက်ဖျက်၏၊ အဆုံးစွန်ကင်းအောင် ပြု၏၊ အဖန်ဖန် မဖြစ်ခြင်းသို့ရောက်စေ၏။ ဖြစ်သော ဗျာပါဒဝိတက်ကို။ပ။ ဖြစ်သော ဝိဟိံသာဝိတက်ကို။ပ။ ဖြစ်တိုင်းဖြစ်တိုင်းကုန်သော ယုတ်မာသော အကုသိုလ်တရားတို့ကို လက်မခံ၊ စွန့်၏၊ ဖျောက်ဖျက်၏၊ အဆုံးစွန်ကင်းအောင် ပြု၏၊ အဖန်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။

ရဟန်းတို့ ယင်းဝိတက်အကုသိုလ်တရားကို မဖျောက်ဖျက်သော ထိုရဟန်းအား အာသဝေါတရားနှင့်ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍) ဖျောက်ဖျက်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ ဤအာသဝတို့ကိုဖျောက်ဖျက်ခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၇။ ရဟန်းတို့ အဘယ်အာသဝတို့ကို ပွားခြင်းဖြင့် ပယ်အပ်ကုန်သနည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’၌ မှီသော၊ တပ်စွန်းမှု ‘ရာဂ’ကင်းရာ၌ မှီသော၊ ချုပ်ရာ ‘နိရောဓ’၌ မှီသော၊ (ကိလေသာကို) စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ဝေါဿဂ္ဂ’ကို ရင့်ကျက်စေတတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါး၏၊ သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပီတိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’၌ မှီသော၊ တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌ မှီသော၊ ချုပ်ရာ ‘နိရောဓ’ ၌ မှီသော၊ (ကိလေသာကို) စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ဝေါဿဂ္ဂ’ကို ရင့်ကျက်စေတတ်သောဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါး၏။

ရဟန်းတို့ ယင်းဗောဇ္ဈင် (ခုနစ်ပါး) ကို မပွါးသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) ပွားသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန် သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ဤအာသဝတရားတို့ကို ပွါးခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၈။ ရဟန်းတို့ အကြင်ရဟန်းသည် မြင်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကို မြင်ခြင်းဖြင့်ပယ်ပြီးကုန်ပြီ။ ပိတ်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကို ပိတ်ခြင်းဖြင့် ပယ်ပြီးကုန်ပြီ။ မှီဝဲခြင်းဖြင့်ပယ်အပ်ကုန်သော အာသဝတို့ကို မှီဝဲခြင်းဖြင့် ပယ်ပြီးကုန်ပြီ။ သည်းခံခြင်းဖြင့် ပယ်အပ်ကုန်သောအာသဝတို့ကို သည်းခံခြင်းဖြင့် ပယ်ပြီးကုန်ပြီ။ ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကိုရှောင်ကြဉ်ခြင်းဖြင့် ပယ်ပြီးကုန်ပြီ။ ဖျောက်ဖျက်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကိုဖျောက်ဖျက်ခြင်းဖြင့် ပယ်ပြီးကုန်ပြီ။ ပွါးခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကို ပွါးခြင်းဖြင့်ပယ်ပြီးကုန်ပြီ။ ရဟန်းတို့ ဤ ရဟန်းကို အာသဝ အားလုံးကို ပိတ်ခြင်းဖြင့် ပိတ်လျက် နေ၏၊ (တပ်မက်မှု) တဏှာကို ဖြတ်ပြီးပြီ၊ သံယောဇဉ်ကို ဖြေပြီးပြီ၊ ကောင်းစွာ မာနကိုမချွတ်မယွင်းသိသောကြောင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးပြီဟု ဆိုအပ်၏။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူ သောတရားကို နှစ်လိုကုန်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

နှစ်ခုမြောက် သဗ္ဗာသဝသုတ်ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection