LibraryMNMN 3
MN 312 min read

Heirs in the Teaching

Dhammadāyāda Sutta

20
PDFGenerated
01 · Overview

Some of the Buddha’s students inherit from him only material profits and fame. But his true inheritance is the spiritual path, the way of contentment. Venerable Sāriputta explains how by following the Buddha’s example we can experience the fruits of the path.

02 · Reading guide

Read the full discourse slowly and use the prebuilt MP3 for continuous listening.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

မဇ္ဈိမနိကာယ် ၃— ဓမ္မဒါယာဒသုတ် ၂၉။ အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟုခေါ်တော် မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား “အသျှင်ဘုရား” ဟုပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤတရား ဒေသနာကို ဟောတော်မူ၏— ရဟန်းတို့ (သင်တို့သည်) ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကြကုန်လော့၊ ပစ္စည်း ‘အာမိသ’အမွေခံတို့ မဖြစ်ကုန်လင့်၊ “ငါ၏ တပည့်သာဝကတို့သည် အဘယ်သို့သော အကြောင်းဖြင့် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်အံ့နည်း” ဟု သင်တို့ (အပေါ်) ၌ ငါဘုရား၏ သနားငဲ့ညှာခြင်းရှိ၏။ ရဟန်းတို့ သင်တို့သည် ပစ္စည်းအမွေခံတို့သာ ဖြစ်ကုန်၍ တရားအမွေခံတို့ မဖြစ်ကုန်ငြားအံ့၊ ထို့အတွက် “မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် ပစ္စည်းအမွေခံတို့သာ ဖြစ်ကုန်၍ တရားအမွေခံတို့မဖြစ်ကြကုန်ဘဲ နေကုန်၏” ဟု သင်တို့လည်း အကဲ့ရဲ့ခံရသူများ ဖြစ်ကုန်ရာ၏။ ထို့အတွက် “မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် ပစ္စည်းအမွေခံတို့သာ ဖြစ်ကုန်၍ တရားအမွေခံတို့ မဖြစ်ကုန်ဘဲနေကုန်၏” ဟု ငါဘုရားလည်း အကဲ့ရဲ့ခံရသူ ဖြစ်ရာ၏။

ရဟန်းတို့ (သင်တို့သည်) ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်ငြားအံ့၊ ထို့အတွက် “မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ပစ္စည်းအမွေခံတို့ မဖြစ်ကုန်” ဟု သင်တို့လည်း အကဲ့ရဲ့ခံရသူများ မဖြစ်ကုန်ရာ။ ထို့အတွက် “မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့မဖြစ်ကုန်” ဟုငါဘုရားလည်း အကဲ့ရဲ့ခံရသူ မဖြစ်ရာ။ ရဟန်းတို့ ထို့ကြောင့် သင်တို့သည် ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကုန်လော့၊ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်လင့်၊ “အဘယ်သို့သော အကြောင်းဖြင့် ငါ၏တပည့်သာဝကတို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်အံ့နည်း” ဟု သင်တို့ (အပေါ်) ၌ ငါဘုရား သနားငဲ့ညှာခြင်း ရှိ၏။

၃ဝ။ ရဟန်းတို့ ငါဘုရားသည် ဆွမ်းစားပြီး တန်ပြီဟု တားမြစ်ပြီး ပြည့်စုံပြီး အပြီးသတ်ပြီး့တင်းတိမ်ပြီး အလိုရှိသလောက် စားသုံးပြီး ဖြစ်ရာ၏၊ ငါဘုရားအား ပိုလျှံနေသဖြင့် စွန့်ပစ်သင့်သောဆွမ်းလည်း ရှိရာ၏၊ ထိုအခါ ဆာလောင်ခြင်း အားနည်းခြင်းဖြင့် အနှိပ်အစက်ခံနေရသော ရဟန်းနှစ်ပါးတို့သည် ရောက်လာကုန်ရာ၏၊ ထိုရဟန်းတို့ကို ငါဘုရားသည် “ရဟန်းတို့ ငါဘုရားသည် ဆွမ်းစားပြီးတန်ပြီဟု တားမြစ်ပြီး ပြည့်စုံပြီး အပြီးသတ်ပြီး တင်းတိမ်ပြီး အလိုရှိသလောက် စားသုံးပြီး ဖြစ်၏၊ ငါဘုရားအား ပိုလျှံနေသဖြင့် ဤစွန့်ပစ်သင့်သော ဆွမ်းလည်း ရှိသေး၏၊ အကယ်၍ အလိုရှိကြမူ စားကြကုန်လော့၊ အကယ်၍ သင်တို့မစားကြမူ ယခုပင် ငါဘုရားသည် စိမ်းစိုသော မြက်သစ်ပင်မရှိရာ အရပ်၌သော်လည်း စွန့်ပစ်လိုက်အံ့၊ ပိုးမရှိသော ရေ၌သော်လည်း သွန်ချလိုက်အံ့ဟု မိန့်ဆိုရာ၏။

ထိုရဟန်းနှစ်ပါးတို့တွင် ရဟန်းတစ်ပါးအား ဤသို့ စိတ်အကြံဖြစ်ရာ၏ —

“မြတ်စွာဘုရားသည် ဆွမ်းစားပြီး တန်ပြီဟု တားမြစ်ပြီး ပြည့်စုံပြီး အပြီးသတ်ပြီး တင်းတိမ်ပြီးအလိုရှိသလောက် စားသုံးပြီး ဖြစ်တော်မူ၏၊ မြတ်စွာဘုရားအား ပိုလျှံနေသဖြင့် ဤစွန့်ပစ်သင့်သောဆွမ်းလည်း ရှိသေး၏။ အကယ်၍ ငါတို့ မသုံးဆောင်ကြမူ ယခုပင် မြတ်စွာဘုရားသည် စိမ်းစိုသောမြက်သစ်ပင်မရှိရာ အရပ်၌သော်လည်း စွန့်ပစ်တော်မူလတ္တံ့၊ ပိုးမရှိသော ရေ၌သော်လည်း သွန်ချတော်မူလတ္တံ့၊ မြတ်စွာဘုရားသည် ‘ရဟန်းတို့ သင်တို့သည် ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကုန်လော့၊ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်လင့်’ဟုလည်း မိန့်တော်မူခဲ့၏၊ ဆွမ်းမည်သည် ပစ္စည်းအာမိသတို့တွင် တစ်ပါးအပါအဝင်ဖြစ်၏၊ ငါသည် ဤသို့လျှင် ဤဆွမ်းကို မစားဘဲ ဤဆာလောင် အားနည်းခြင်းဖြင့်ဤ ညဉ့်နေ့ ကို ကုန်လွန်စေရမူ ကောင်းပေမည်” ဟု (အကြံဖြစ်ရာ၏)။

ထိုရဟန်းသည် ဤသို့လျှင် ထိုဆွမ်းကို မစားဘဲ ထိုဆာလောင်ခြင်း အားနည်းခြင်းဖြင့်သာလျှင်ထိုညဉ့်ကို ကုန်လွန်စေရာ၏။

ထို့နောက် ဒုတိယရဟန်းအား ဤသို့စိတ်အကြံဖြစ်ရာ၏—

“မြတ်စွာဘုရားသည် ဆွမ်းစားပြီး တန်ပြီဟု တားမြစ်ပြီး ပြည့်စုံပြီး အပြီးသတ်ပြီး တင်းတိမ်ပြီးအလိုရှိသလောက် စားသုံးပြီး ဖြစ်တော်မူ၏၊ မြတ်စွာဘုရားအား ပိုလျှံနေသဖြင့် ဤစွန့်ပစ်သင့်သောဆွမ်းလည်းရှိသေး၏၊ အကယ်၍ ငါတို့မစားကြမူ ယခုပင် မြတ်စွာဘုရားသည် စိမ်းစိုသော မြက်သစ်ပင်မရှိရာအရပ်၌သော်လည်း စွန့်ပစ်တော်မူလတ္တံ့၊ ပိုးမရှိသော ရေ၌သော်လည်း သွန်ချတော်မူလတ္တံ့၊ ငါသည်ဤသို့လျှင် ဤဆွမ်းကို စား၍ ဆာလောင် အားနည်းခြင်းကို ပယ်ဖျောက်လျက် ဤညဉ့်နေ့ကို ကုန်လွန်စေရမူ ကောင်းပေမည်” ဟု (အကြံဖြစ်၏)။

ထိုရဟန်းသည် ဤသို့လျှင် ထိုဆွမ်းကို စား၍ ဆာလောင်အားနည်းခြင်းကို ပယ်ဖျောက်လျက် ထိုညဉ့်ကို ကုန်လွန်စေရာ၏။

ရဟန်းတို့ ထို (ဒုတိယ) ရဟန်းသည် ဤသို့လျှင် ထိုဆွမ်းကို စား၍ ဆာလောင်အားနည်းခြင်းကိုပယ်ဖျောက်လျက် ထိုညဉ့်နေ့ကို အကယ်၍ကား ကုန်လွန်စေရာ၏၊ ထိုသို့ဖြစ်သော်လည်း ငါဘုရား၏ (ထိုရဟန်းနှစ်ပါးတို့တွင်) ထိုရှေးဦး ရဟန်းသည်သာ ပိုမို၍ ပူဇော်ထိုက်သူ ချီးကျူးထိုက်သူဖြစ်၏။ ထိုသို့ပိုမို၍ ပူဇော်ထိုက် ချီးကျူးထိုက်ခြင်းသည် အဘယ်ကြောင့်ပါနည်း၊ ရဟန်းတို့ ထိုဆွမ်းကို ပယ်ခြင်းသည်ထိုရဟန်းအား ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး အလိုနည်းပါးရန် ရောင့်ရဲလွယ်ရန် ကိလေသာခေါင်းပါးရန် မွေးမြူလွယ်ရန် လုံ့လစိုက်ထုတ်ရန် ဖြစ်လတ္တံ့သောကြောင့်တည်း။

ရဟန်းတို့ ထို့ကြောင့် (သင်တို့သည်) ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကြကုန်လော့၊ ပစ္စည်းအမွေခံတို့ မဖြစ်ကြကုန်လင့်၊ “အဘယ်သို့သော အကြောင်းဖြင့် ငါ၏ တပည့် ‘သာဝက’တို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်း ‘အာမိသ’အမွေခံတို့ မဖြစ်ကုန်အံ့နည်း” ဟု သင်တို့ (အပေါ်) ၌ ငါဘုရားသနားငဲ့ညှာခြင်းရှိ၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ဤစကားကို မိန့်တော်မူပြီးနောက် မြတ်စွာဘုရား့သည် နေရာမှ ထတော်မူ၍ ကျောင်းတော်သို့ ဝင်တော်မူ၏။

၃၁။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား ဖဲခွါကြွသွားတော်မူ၍ မကြာမီပင် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့” ဟု ခေါ်တော်မူ၏၊ တိုရဟန်းတို့သည် အသျှင်သာရိပုတြာအား “ငါ့သျှင်” ဟု ပြန်ကြား လျှောက်ထားကုန်၏။

အသျှင်သာရိပုတြာသည် ဤစကားကို မိန့်ဆို၏—

“ငါ့သျှင်တို့ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာ နေတော်မူစဉ် တပည့် ‘သာဝက’တို့သည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ကို အဘယ်မျှလောက်ဖြင့် အတုလိုက်၍ မကျင့်ကုန်သနည်း၊ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာနေတော်မူစဉ် တပည့် ‘သာဝက’တို့သည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ ကို အဘယ်မျှလောက်ဖြင့် အတုလိုက်၍ကျင့်ကုန်သနည်း” ဟု (မိန့်ဆို၏)။

ငါ့သျှင် တပည့်တော်တို့သည် အသျှင်သာရိပုတြာ၏အထံ၌ ဤ (ယခု) ဟောမြွက်သော တရား၏အနက်အဓိပ္ပါယ်ကို သိရန် အဝေးမှပင် လာရပါကုန်၏၊ တောင်းပန်ပါကုန်၏၊ ဤ (ယခု) ဟောမြွက်သောတရား၏ အနက်အဓိပ္ပါယ်ကို အသျှင်သာရိပုတြာပင် ဝေဖန်ဟောကြားတော်မူပါ၊ အသျှင်သာရိပုတြာ၏ (အထံမှ) ကြားနာရ၍ ရဟန်းတို့သည် သင်ယူမှတ်သားဆောင်ထားကြပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ငါ့သျှင်တို့ သို့ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်ဆို၏)။

“ငါ့သျှင် ကောင်းပါပြီ” ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကြ ကုန်၏။ အသျှင်သာရိပုတြာသည် ဤသို့ ဟောတော်မူ၏—

ငါ့သျှင်တို့ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာ နေတော်မူစဉ် တပည့် ‘သာဝက’တို့သည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ကို အဘယ်မျှလောက် အတုလိုက်၍ မကျင့်ကုန်သနည်း၊ ငါ့သျှင်တို့ ဤသာသနာတော်၌ဆိတ်ငြိမ် စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် ‘သာဝက’တို့သည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ကိုအတုလိုက်၍ မကျင့်ကုန်။ မြတ်စွာဘုရားသည် ပယ်ရန် ဟောထားတော်မူသော (အကုသိုလ်) တရားတို့ကိုလည်း မပယ် ကုန်၊ ပစ္စည်းများပြားရန်သာ ကျင့်သူများ ဖြစ်ကုန်၏၊ (အဆုံးအမတော်ကို) လျော့လျော့ပေါ့ပေါ့သာ နာယူ သူများ ဖြစ်ကုန်၏၊ ဆုတ်ယုတ်ကြောင်း၌ရှေ့သွားဖြစ်နေကြကုန်၏၊ နိဗ္ဗာန် ‘ဥပဓိဝိဝေက’ ရရေး၌ တာဝန်မဲ့ ဖြစ်နေကြကုန်၏။

ငါ့သျှင်တို့ ထို (တပည့်သာဝက)တို့တွင် မထေရ်ရဟန်းတို့သည် အကြောင်းသုံးပါးတို့ဖြင့် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ “ဆိတ်ငြိမ်စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် ‘သာဝက’တို့သည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ကို အတုလိုက်၍ မကျင့်ကုန်” ဟု ဤပဌမအကြောင်းဖြင့် မထေရ်ရဟန်းတို့သည် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ “မြတ်စွာဘုရားသည် ပယ်ရန် ဟောထားတော်မူသော (အကုသိုလ်) တရားတို့ကိုလည်း မပယ်ကုန်” ဟု ဤဒုတိယအကြောင်းဖြင့် မထေရ်ရဟန်းတို့သည် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ “ပစ္စည်းများပြားရန်သာ ကျင့်သူများ ဖြစ်ကုန်၏၊ (အဆုံးအမတော်ကို) လျော့လျော့ပေါ့ပေါ့သာ နာယူသူများ ဖြစ်ကုန်၏၊ ဆုတ်ယုတ်ကြောင်း၌ ရှေ့သွား ဖြစ်ကုန်၏၊ နိဗ္ဗာန် ‘ဥပဓိဝိဝေက’ ရရေး၌ တာဝန်မဲ့သူများ ဖြစ်နေကြကုန်၏” ဟု ဤတတိယအကြောင်းဖြင့် မထေရ်ရဟန်းတို့သည် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ ငါ့သျှင်တို့ မထေရ်ရဟန်းတို့သည် ဤအကြောင်းသုံးပါးဖြင့် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုတပည့် ‘သာဝက’တို့တွင် ရဟန်းလတ်တို့သည်။ပ။ ရဟန်းငယ်တို့သည် အကြောင်းသုံးပါးတို့ဖြင့် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ “ဆိတ်ငြိမ်စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် ‘သာဝက’တို့သည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ ကို အတုလိုက်၍ မကျင့်ကုန်” ဟု ဤပဌမအကြောင်းဖြင့်ရဟန်း ငယ်တို့သည် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ “မြတ်စွာဘုရားသည် ပယ်ရန်ဟောတော်မူသော (အကုသိုလ်) တရားတို့ကိုလည်း မပယ်ကုန်” ဟု ဤဒုတိယအကြောင်းဖြင့် ရဟန်းငယ်တို့သည့်ကဲ့ရဲ့ထိုက်သူများ ဖြစ် ကုန်၏။ “ပစ္စည်းများပြားရန်သာ ကျင့်သူများ ဖြစ်ကုန်၏။ (အဆုံးအမတော်ကို) လျော့လျော့ပေါ့ပေါ့သာ နာယူသူများ ဖြစ်ကုန်၏။ ဆုတ်ယုတ်ကြောင်း၌ ရှေ့သွားဖြစ်ကုန်၏၊ နိဗ္ဗာန် ‘ဥပဓိဝိဝေက’ ရရေး၌ တာဝန် မဲ့သူများ ဖြစ်နေကြကုန်၏” ဟု ဤတတိယအကြောင်းဖြင့်ရဟန်းငယ်တို့သည် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ ငါ့သျှင်တို့ ရဟန်းငယ်တို့သည်ဤအကြောင်းသုံးပါးဖြင့် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။

ငါ့သျှင်တို့ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာ နေတော်မူစဉ် တပည့် ‘သာဝက’တို့သည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ကို ဤမျှလောက်ဖြင့် အတုလိုက်၍ မကျင့်ကုန်။

၃၂။ ငါ့သျှင်တို့ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာ နေတော်မူစဉ် တပည့် ‘သာဝက’တို့သည်ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ ကို အဘယ်မျှလောက်ဖြင့် အတုလိုက်၍ ကျင့်ကုန်သနည်း၊ ငါ့သျှင်တို့ဤသာသနာ တော်၌ ဆိတ်ငြိမ်စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် ‘သာဝက’တို့သည်ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ ကို အတုလိုက်၍ ကျင့်ကုန်၏၊ မြတ်စွာဘုရားသည် ပယ်ရန်ဟောထားတော်မူသော (အကုသိုလ်) တရားတို့ကိုလည်း ပယ်ကုန်၏။ ပစ္စည်းများပြားရန်လည်းကျင့်သူများ မဟုတ်ကုန်၊ (အဆုံးအမတော်ကို) လျော့ လျော့ပေါ့ပေါ့သာ နာယူသူများ မဟုတ်ကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့သူများ ဖြစ်ကုန်၏၊ နိဗ္ဗာန် ‘ဥပဓိဝိဝေက’ ရရေး၌ ရှေ့သွားဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုတပည့် ‘သာဝက’တို့တွင် မထေရ်ရဟန်းတို့သည် အကြောင်းသုံးပါးတို့ဖြင့် ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏၊ ဆိတ်ငြိမ်စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် ‘သာဝက’တို့သည်ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ကို အတုလိုက်၍ ကျင့်ကုန်၏” ဟု ဤ ပဌမအကြောင်းဖြင့် မထေရ်ရဟန်းတို့သည်ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ “မြတ်စွာဘုရားသည် ပယ်ရန် ဟောထားတော်မူသော (အကုသိုလ်) တရားတို့ကိုလည်း ပယ်ကုန်၏” ဟု ဤဒုတိယအကြောင်းဖြင့် မထေရ်ရဟန်းတို့သည် ချီးမွမ်းထိုက်သူများဖြစ်ကုန်၏။ “ပစ္စည်းများပြားရန် ကျင့်သူများ မဟုတ်ကုန်၊ (အဆုံးအမတော်ကို) လျော့လျော့ပေါ့ပေါ့သာနာယူသူများ မဟုတ်ကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့သူများ ဖြစ်ကုန်၏။ နိဗ္ဗာန် ‘ဥပဓိဝိဝေက’ ရရေး၌ရှေ့သွား ဖြစ်ကုန်၏” ဟု ဤတတိယအကြောင်းဖြင့် မထေရ်ရဟန်းတို့သည် ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ ငါ့သျှင်တို့ မထေရ်ရဟန်းတို့သည် ဤ အကြောင်းသုံးပါးတို့ဖြင့် ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုတပည့် ‘သာဝက’တို့တွင် ရဟန်းလတ်သို့သည်။ပ။ ရဟန်းငယ်တို့သည် အကြောင်းသုံးပါးတို့ဖြင့် ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ “ဆိတ်ငြိမ်စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် ‘သာဝက’တို့သည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ကို အတုလိုက်၍ ကျင့်ကုန်၏” ဟု ဤပဌမအကြောင်းဖြင့်ရဟန်းငယ်တို့သည် ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ “မြတ်စွာဘုရားသည် ပယ်ရန် ဟောထားတော်မူသော (အကုသိုလ်) တရားတို့ ကိုလည်း ပယ်ကုန်၏” ဟု ဤဒုတိယအကြောင်းဖြင့် ရဟန်းငယ်တို့သည်ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ “ပစ္စည်းများပြားရန် ကျင့်သူများ မဟုတ်ကုန်၊ (အဆုံးအမတော်ကို) လျော့လျော့ပေါ့ပေါ့သာ နာယူသူများ မဟုတ်ကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့သူများ ဖြစ်ကုန်၏၊ နိဗ္ဗာန် ‘ဥပဓိဝိဝေက’ ရရေး၌ ရှေ့သွား ဖြစ်ကုန်၏” ဟု ဤတတိယအကြောင်းဖြင့် ရဟန်းငယ်တို့သည်ချီးမွမ်း ထိုက်သူများ ဖြစ်ကုန်၏။ ငါ့သျှင်တို့ ရဟန်းငယ်တို့သည် ဤ အကြောင်းသုံးပါးတို့ဖြင့်ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာ နေတော်မူစဉ်တပည့် ‘သာဝက’တို့သည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ကို ဤမျှလောက်ဖြင့် အတုလိုက်၍ ကျင့်ကုန်၏။

၃၃။ ငါ့သျှင်တို့ ထို (ဟောကြားခဲ့သောတရား) ၌ လိုချင်တပ်မက်ခြင်း ‘လောဘ’သည်လည်း ယုတ်ညံ့၏၊ စိတ်ဆိုးခြင်း ‘ဒေါသ’သည်လည်း ယုတ်ညံ့၏၊ လိုချင်တပ်မက်ခြင်း ‘လောဘ’ကို ပယ်ခြင်းငှါလည်းကောင်း၊ စိတ်ဆိုးခြင်း ‘ဒေါသ’ကို ပယ်ခြင်းငှါလည်းကောင်း အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်သည် ရှိ၏။ ငါ့သျှင်တို့အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်သည် အဘယ်နည်း၊ အဂ,ါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤအရိယာမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’၊ မှန်ကန်သော အကြံ ‘သမ္မာသင်္ကပ္ပ’၊ မှန်ကန်သောအပြော ‘သမ္မာဝါစာ’၊ မှန်ကန်သော အလုပ် ‘သမ္မာကမ္မန္တ’၊ မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့ပေတည်း။ ငါ့သျှင်တို့ အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင်ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်ဟူသည် ဤအကျင့်ပေတည်း။

ငါ့သျှင်တို့ ထို (ဟောကြားခဲ့သော တရား) ၌ အမျက်ထွက်ခြင်း ‘ကောဓ’သည်လည်းကောင်း ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ သည်လည်းကောင်း၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ‘မက္ခ’သည်လည်းကောင်း၊ ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’သည်လည်းကောင်း၊ ငြူစူခြင်း ‘ဣဿာ’ သည်လည်းကောင်း၊ ဝန်တိုခြင်း ‘မစ္ဆရိယ’သည်လည်းကောင်း၊ လှည့်ပတ်ခြင်း ‘မာယာ’သည်လည်းကောင်း၊ ဟန်ဆောင်ခြင်း ‘သာဌေယျ’သည်လည်းကောင်း၊ ခက်ထန်ခြင်း ‘ထမ္ဘ’သည်လည်းကောင်း၊ ခြုတ်ခြယ်ခြင်း ‘သာရမ္ဘ’သည်လည်းကောင်း၊ မောက်မော်ခြင်း ‘မာန’ သည်လည်းကောင်း၊ အလွန်မောက်မော်ခြင်း ‘အတိ မာန’သည်လည်းကောင်း၊ မာန်ယစ်ခြင်း ‘မဒ’သည်လည်း ကောင်း၊ သတိမေ့လျော့ခြင်း ‘ပမာဒ’သည်လည်းကောင်း ယုတ်ညံ့၏။

မာန်ယစ်ခြင်းကို ပယ်ခြင်းငှါ သတိမေ့လျော့ခြင်းကို ပယ်ခြင်းငှါ အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်သည် ရှိ၏။

ငါ့သျှင်တို့ အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ် သည့်အလယ်အလတ်ဖြစ်သော အကျင့်သည်ဟူသည် အဘယ်နည်း၊ အဂ,ါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤအရိယာမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့ပေတည်း။

ငါ့သျှင်တို့ အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန် ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်ဟူသည် ဤအကျင့်ပင်တည်းဟု (မိန့်ဆို၏)။

အသျှင်သာရိပုတြာသည် ဤ (တရားတော်) ကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် အသျှင် သာရိပုတြာဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန် သတည်း။

သုံးခုမြောက် ဓမ္မဒါယာဒသုတ်ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection