The Shorter Discourse on the Lion’s Roar
Cūḷasīhanāda Sutta
PDFGenerated
The Buddha declares that only those following his path can genuinely experience the four stages of awakening. This is because, while much is shared with other systems, none of them go so far as to fully reject all attachment to the idea of a self.
Read the full discourse slowly and use the prebuilt MP3 for continuous listening.
Read here in the library
မဇ္ဈိမနိကာယ် ၁— စူဠသီဟနာဒသုတ် ၁၃၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟုခေါ်တော် မူ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား “အသျှင်ဘုရား” ဟု ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။
“ရဟန်းတို့ ဤသာသနာတော်၌သာလျှင် (သောတာပန်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤသာသနာတော်၌သာလျှင် ဒုတိယ (သကဒါဂါမ်) ရဟန်း ‘သမဏ’ရှိ၏၊ ဤသာသနာတော်၌သာလျှင် တတိယ (အနာဂါမ်) ရဟန်း ‘သမဏ’ရှိ၏၊ ဤသာသနာတော်၌သာလျှင်စတုတ္ထ (ရဟန္တာ) ရဟန်း ‘သမဏ’ ရှိ၏၊ သာသနာ့ ပြင် ပပုဂ္ဂိုလ်တို့၏ အယူဝါဒတို့သည် (သစ္စာလေးပါးကို သိသော) ရဟန်း ‘သမဏ’တို့မှ ဆိတ်သုဉ်း ကုန်၏” ဟု ဤသို့ မကြောက်မရွံ့ကောင်းစွာကြုံးဝါးကြကုန်လော့။
၁၄ဝ။ ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့က “အသျှင်တို့ သင်တို့သည် ဤသာသနာတော်၌သာလျှင် (သောတာပန်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤသာသနာတော်၌သာလျှင် ဒုတိယ (သကဒါဂါမ်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤသာသနာတော်၌သာလျှင် တတိယ (အနာဂါမ်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤသာသနာတော်၌သာလျှင် စတုတ္ထ (ရဟန္တာ) ရဟန်း ‘သမဏ’ရှိ၏၊ သာသနာ့ပြင်ပပုဂ္ဂိုလ်တို့၏ အယူဝါဒတို့သည် (သစ္စာလေးပါးကို သိသော) ရဟန်း သမဏတို့မှ ဆိတ်သုဉ်းကုန်၏” ဟု ပြောဆိုကြကုန်၏။ “အသျှင်တို့၏ အထောက်အထားကား အဘယ်နည်း၊ (အားကိုးအားထား) အကိုးအကားကား အဘယ်နည်း” ဟုပြောဆိုရာသော အကြောင်းသည် ရှိပေ၏။
ရဟန်းတို့ ဤသို့ ပြောဆိုကြကုန်သော အယူတစ်ပါးရှိသော ပရိဗိုဇ်တို့ကို “ငါ့သျှင်တို့ သိတော်မူမြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောမြတ်စွာဘုရားက ငါတို့အား ဟောထားသော တရားလေးပါးတိုကို ငါတို့သည် မိမိကိုယ်၌ ကောင်းစွာတွေ့မြင်ကြကုန်သောကြောင့် ဤသာသနာတော်၌သာလျှင် (သောတာပန်) ရဟန်း ‘သမဏ’ရှိ၏၊ ဤသာသနာ တော်၌သာလျှင် ဒုတိယ (သကဒါဂါမ်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤသာသနာတော်၌သာလျှင်တတိယ (အနာဂါမ်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤသာသနာတော်၌သာလျှင်စတုတ္ထ (ရဟန ္တာ) ရဟန်း ‘သမဏ’ ရှိ၏၊ သာသနာ့ပြင်ပ ပုဂ္ဂိုလ်တို့၏ အယူဝါဒတို့သည် (သစ္စာလေးပါးကို) သိသော ရဟန်း ‘သမဏ’တို့မှ ဆိတ်သုဉ်းကုန်၏ဟု ငါတို့ ပြောဆိုပါကုန်၏” ဟူ၍ ပြောဆိုကြကုန်ရာ၏။
တရားလေးပါးတို့ဟူသည် အဘယ်တို့နည်း။
“ငါ့သျှင်တို့ ငါတို့အား ဘုရား၌ ကြည်ညိုခြင်းရှိ၏၊ တရား၌ ကြည်ညိ်ုခြင်းရှိ၏၊ အကျင့်သီလတို့၌့ဖြည့်ကျင့်မှုကို ပြုလေ့ရှိ၏၊ ချစ်နှစ်သက်ဖွယ်ဖြစ်သည့် တရားကျင့်ဘက် လူ ရဟန်းတို့ ရှိကြကုန်၏၊ ငါ့သျှင်တို့ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားက ငါတို့အား ဟောကြားထားတော်မူသော တရားလေးပါးတို့ကိုငါတို့သည် မိမိကိုယ်၌ ကောင်းစွာ တွေ့မြင်ကြကုန်သောကြောင့် ‘ဤသာသနာတော်၌သာလျှင် (သောတာပန်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤသာသနာတော်၌သာလျှင် ဒုတိယ (သကဒါဂါမ်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤ သာသနာတော်၌သာလျှင် တတိယ (အနာဂါမ်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤသာသနာတော်၌သာလျှင် စတုတ္ထ (ရဟန္တာ) ရဟန်း ‘သမဏ’ ရှိ၏၊ သာသနာ့ပြင်ပပုဂ္ဂိုလ်တို့၏အယူဝါဒတို့သည် ရဟန်း ‘သမဏ’တို့မှ ဆိတ်သုဉ်းကုန်၏’— ဟု ငါတို့ ပြောဆိုကြပါကုန်၏” ဟူ၍ (ပြောဆိုကြကုန်ရာ၏)။
၁၄၁။ ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့က ဤသို့ ပြောဆိုရာသော အကြောင်းရှိပေ သေး၏၊ “ငါ့သျှင်တို့ ငါတို့အားလည်း ငါတို့၏ ဘုရား၌ ကြည်ညိုခြင်းရှိ၏၊ ငါတို့၏ တရား၌ ကြည်ညိုခြင်းရှိ၏၊ ငါတို့သည်လည်း ငါတို့၏ အကျင့်တို့၌ ဖြည့်ကျင့်မှုကို ပြုလေ့ရှိကြကုန်၏၊ ငါတို့အားလည်းချစ်နှစ်သက်ဖွယ်ဖြစ်သော တရားကျင့်ဘက် လူ ရဟန်းတို့ ရှိကြကုန်၏၊ ငါ့သျှင်တို့ ဤအရာ၌ သင်တို့နှင့်ငါတို့၏ ထူးခြားချက်ကား အဘယ်နည်း၊ သာလွန်ချက်ကား အဘယ်နည်း၊ ခြားနားချက်ကား အဘယ်နည်း” ဟု (ပြောဆိုရာသော အကြောင်းရှိပေသေး၏)။
ရဟန်းတို့ ဤသို့ ပြောဆိုကြသော အယူတစ်ပါးရှိသူ ပရိဗိုဇ်တို့ကို “ငါ့သျှင်တို့ အဆုံးသတ်ပန်းတိုင်သည် တစ်မျိုးတည်းလော၊ သို့မဟုတ် အမျိုးမျိုးလော” ဟု မေးမြန်းကြကုန်ရာ၏။
ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့သည် ကောင်းစွာ ဖြေဆိုလိုကြသော် “ငါ့သျှင်တို့ အဆုံး သတ်ပန်းတိုင်သည် တစ်မျိုးတည်းသာတည်း၊ အမျိုးမျိုး မဟုတ်” ဟု ဖြေဆိုကြကုန်ရာ၏။
ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် စွဲမက်ခြင်း ‘ရာဂ’ရှိသော သူအား ဖြစ်သလော၊ သို့မဟုတ်စွဲမက်ခြင်း ‘ရာဂ’ကင်းသော သူအား ဖြစ်သလောဟု မေးမြန်းကြကုန်ရာ၏။
ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့သည် ကောင်းစွာ ဖြေဆိုလိုကြသော် “ငါ့သျှင်တို့ အဆုံး သတ်ပန်းတိုင်သည် စွဲမက်ခြင်း ‘ရာဂ’ကင်းသူအားသာ ဖြစ်၏၊ ထိုအဆုံးသတ် ပန်းတိုင်သည် စွဲမက်ခြင်း ‘ရာဂ’ရှိသူအား မဖြစ်” ဟု ဖြေဆိုကြကုန်ရာ၏။
ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် ကြမ်းတမ်းပြစ်မှားခြင်း ‘ဒေါသ’ရှိသူအား ဖြစ်သလော၊ သို့မဟုတ် ကြမ်းတမ်းပြစ်မှားခြင်း ‘ဒေါသ’ ကင်းသူအား ဖြစ်သလောဟု မေးမြန်းကြကုန်ရာ၏။
ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့သည် ကောင်းစွာ ဖြေဆိုလိုကြသော် “ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် ကြမ်းတမ်းပြစ်မှားခြင်း ‘ဒေါသ’ကင်းသူအားသာ ဖြစ်၏၊ ထိုအဆုံးသတ် ပန်းတိုင်သည် ကြမ်းတမ်း ပြစ်မှားခြင်းရှိသူအား မဖြစ်” ဟု ဖြေဆိုကြကုန်ရာ၏။
ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် တွေဝေခြင်း ‘မောဟ’ ရှိသူအား ဖြစ်သလော၊ သို့မဟုတ်တွေဝေခြင်း ‘မောဟ’ ကင်းသူအား ဖြစ်သလောဟု မေးမြန်းကြကုန်ရာ၏။
ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့သည် ကောင်းစွာ ဖြေဆိုလိုကြသော် “ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် တွေဝေခြင်း ‘မောဟ’ကင်းသူအားသာ ဖြစ်၏၊ ထိုအဆုံးသတ် ပန်းတိုင်သည် တွေဝေခြင်း ‘မောဟ’ ရှိသူအား မဖြစ်” ဟု ဖြေဆိုကြကုန်ရာ၏။
ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် တပ်မက်ခြင်း ‘တဏှာ’ ရှိသူအား ဖြစ်သလော၊ သို့မဟုတ်တပ်မက်ခြင်း ‘တဏှာ’ ကင်းသူအား ဖြစ်သလောဟု မေးမြန်းကြကုန်ရာ၏။
ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့သည် ကောင်းစွာ ဖြေဆိုလိုကြသော် “ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် တပ်မက်ခြင်း ‘တဏှာ’ ကင်းသူအားသာ ဖြစ်၏၊ ထိုအဆုံးသတ် ပန်းတိုင်သည့်တပ်မက်ခြင်း ‘တဏှာ’ ရှိသူအား မဖြစ်” ဟု ဖြေဆိုကြကုန်ရာ၏။
ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် အစွဲအလမ်း ‘ဥပါဒါန်’ရှိသူအား ဖြစ်သလော၊ သို့မဟုတ် အစွဲအလမ်း ‘ဥပါဒါန်’မရှိသူအား ဖြစ်သလောဟု မေးမြန်းကြကုန်ရာ၏။
ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့သည် ကောင်းစွာ ဖြေဆိုလိုကြသော် “ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် အစွဲအလမ်း ‘ဥပါဒါန်’မရှိသူအားသာ ဖြစ်၏၊ ထိုအဆုံးသတ် ပန်းတိုင်သည် အစွဲအလမ်း ‘ဥပါဒါန်’ ရှိသူအား မဖြစ်” ဟု ဖြေဆိုကြကုန်ရာ၏။
ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် ပညာရှိသူအား ဖြစ်သလော၊ သို့မဟုတ် ပညာမရှိသူအားဖြစ်သလောဟု မေးမြန်းကြကုန်ရာ၏။
ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့သည် ကောင်းစွာ ဖြေဆိုလိုကြသော် “ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် ပညာရှိသူအားသာ ဖြစ်၏၊ ထိုအဆုံးသတ် ပန်းတိုင်သည် ပညာမရှိသူအားမဖြစ်” ဟု ဖြေဆိုကြ ကုန်ရာ၏။
ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် ချစ်ခြင်း မုန်းခြင်း ရှိသူအား ဖြစ်သလော၊ သို့မဟုတ် ချစ်ခြင်းမုန်းခြင်း မရှိသူအား ဖြစ်သလောဟု မေးမြန်းကြကုန်ရာ၏။
ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့သည် ကောင်းစွာ ဖြေဆိုလိုကြသော် “ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် ချစ်ခြင်း မုန်းခြင်း မရှိသူအားသာ ဖြစ်၏၊ ထိုအဆုံးသတ် ပန်းတိုင်သည် ချစ်ခြင်းမုန်းခြင်းရှိသူအား မဖြစ်” ဟု ဖြေဆိုကြကုန်ရာ၏။
ငါ့သျှင်တို့ အဆုံးသတ် ပန်းတိုင်သည် သံသရာချဲ့တရား၌ မွေ့လျော်ပျော်ပိုက်သူအား ဖြစ်သလော၊ သို့မဟုတ် သံသရာချဲ့တရား၌ မမွေ့လျော်မပျော်ပိုက်သူအား ဖြစ်သလောဟု မေးမြန်းကြကုန်ရာ၏။
ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့သည် ကောင်းစွာ ဖြေဆိုလိုကြသော် “ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် သံသရာချဲ့တရား၌ မမွေ့လျော်မပျော်ပိုက်သူအားသာ ဖြစ်၏၊ ထိုအဆုံးသတ်ပန်းတိုင်သည် သံသရာ ချဲ့တရား၌ မွေ့လျော်ပျော်ပိုက်သူအား မဖြစ်” ဟု ဖြေဆိုကြကုန်ရာ၏။
၁၄၂။ ရဟန်းတို့ အယူမှားသော ဒိဋ္ဌိတို့သည် ဘဝမြဲ၏ဟု ယူမှားခြင်း ‘ဘဝဒိဋ္ဌိ’၊ ဘဝပြတ်၏ဟုယူမှားခြင်း ‘ဝိဘဝဒိဋ္ဌိ’ အားဖြင့် နှစ်ပါးတို့တည်း။ ရဟန်းတို့ ဘဝဒိဋ္ဌိ၌ ကပ်ငြိ ဘဝဒိဋ္ဌိသို့ချဉ်းကပ်ဘဝဒိဋ္ဌိ၌ သက်ဝင်ကြကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ဝိဘဝဒိဋ္ဌိနှင့် ဆန့်ကျင်ကြကုန်၏။ ရဟန်းတို့ ဝိဘဝဒိဋ္ဌိ၌ကပ်ငြိ ဝိဘဝဒိဋ္ဌိသို့ချဉ်းကပ် ဝိဘဝဒိဋ္ဌိ၌သက်ဝင်ကြကုန်သောသမဏဗြာဟ္မဏအချို့တို့သည် ဘဝဒိဋ္ဌိနှင့် ဆန့်ကျင်ကြကုန်၏။ ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည်ဤဒိဋ္ဌိနှစ်ပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက် မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိကြကုန်၊ ထိုသမဏဗြာဟ္မဏတို့သည် စွဲမက်ခြင်းရှိ သူများ ဖြစ်ကြကုန်၏၊ ပြစ်မှားခြင်းရှိသူများ ဖြစ်ကြကုန်၏၊ တွေဝေခြင်းရှိသူများ ဖြစ်ကြကုန်၏၊ တပ် မက်ခြင်း ‘တဏှာ’ ရှိသူများ ဖြစ်ကြကုန်၏၊ အစွဲအလမ်းရှိသူများ ဖြစ်ကြကုန်၏၊ ပညာမရှိသူများ ဖြစ်ကြ ကုန်၏၊ ချစ်ခြင်း မုန်းခြင်းရှိသူများဖြစ်ကြကုန်၏၊ သံသရာချဲ့တရား၌ မွေ့လျော်ပျော်ပိုက်ကြကုန်၏။
ထိုသမဏဗြာဟ္မဏတို့သည် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်မြောက်ကြကုန်၊ ဝဋ်ဆင်းရဲမှမလွတ်မြောက်ကြကုန်ဟု ငါဘုရား ဆို၏။
ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤဒိဋ္ဌိနှစ်ပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် စွဲမက်ခြင်း ကင်းကြကုန်၏၊ ပြစ်မှားခြင်း့ကင်းကြကုန်၏၊ တွေဝေခြင်း ကင်းကြကုန်၏၊ တပ်မက်ခြင်း ကင်းကြကုန်၏၊ အစွဲအလမ်းမရှိသူများဖြစ်ကြကုန်၏၊ ပညာရှိသူများ ဖြစ်ကြကုန်၏၊ ချစ်ခြင်းမုန်းခြင်းမရှိသူများ ဖြစ်ကြကုန်၏၊ သံသရာချဲ့တရား၌ မမွေ့လျော်မပျော်ပိုက်ကြကုန်၊ ထိုသမဏ ဗြာဟ္မဏတို့သည် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်းအိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှလွတ်မြောက်ကြကုန်၏၊ ဝဋ်ဆင်းရဲမှ လွတ်မြောက်ကြကုန်၏ဟု ငါဘုရား ဆို၏။
၁၄၃။ ရဟန်းတို့ စွဲလမ်းခြင်း ‘ဥပါဒါန်’တို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ— ကာမ၌ စွဲလမ်းခြင်း ‘ကာမုပါဒါန်’၊ အယူမှား၌ စွဲလမ်းခြင်း ‘ဒိဋ္ဌုပါဒါန်’၊ အလေ့အကျင့်၌စွဲလမ်းခြင်း ‘သီလဗ္ဗတုပါဒါန်’၊ အတ္တဟု စွဲလမ်းခြင်း ‘အတ္တဝါဒုပါဒါန်’တို့တည်း။
ရဟန်းတို့ ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကို ပြောဆို၏ဟု ဝန်ခံကြသည့် သမဏဗြာဟ္မဏအချို့တို့သည်ရှိကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကို ကောင်းစွာမပညတ်ကြကုန်၊ ကာမု ပါဒါန် လွန်မြောက်ခြင်းမျှကိုသာ ပညတ်ကြကုန်၏၊ ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်,အတ္တဝါဒုပါဒါန် လွန်မြောက်ခြင်းကိုကား မပညတ်ကြကုန်။ ထိုသို့ မပညတ်ခြင်းသည်အဘယ့်ကြောင့်နည်း၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် ဤအကြောင်းသုံးပါးတို့ကိုဟုတ်တိုင်းမှန်စွာမသိကြကုန်၊ ထို့ကြောင့် ထိုအသျှင် သမဏဗြာဟ္မဏတို့သည် ဥပါဒါန် အားလုံး လွန်မြောက်ခြင်းကိုပြောဆို၏ဟု ဝန်ခံကြကုန်လျက် ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကို ကောင်းစွာ မပညတ်ကြကုန်၊ ကာမုပါဒါန် လွန်မြောက်ခြင်းမျှကိုသာ ပညတ်ကြကုန်၏၊ ဒိဋ္ဌုပါဒါန် လွန်မြောက်ခြင်းကို မပညတ်ကြကုန်၊ သီလဗ္ဗတုပါဒါန် လွန်မြောက်ခြင်းကို မပညတ်ကြကုန်၊ အတ္တဝါဒုပါဒါန် လွန်မြောက်ခြင်းကို မပညတ်ကြကုန်။
ရဟန်းတို့ ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကို ပြောဆို၏ဟု ဝန်ခံကြသည့် သမဏဗြာဟ္မဏအချို့တို့သည် ရှိကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကို ကောင်းစွာမပညတ်ကြကုန်၊ ကာမုပါဒါန်နှင့် ဒိဋ္ဌုပါဒါန် လွန်မြောက်ခြင်းမျှကိုသာ ပညတ်ကြ၍ သီလဗ္ဗတုပါဒါန်နှင့်အတ္တဝါဒုပါဒါန် လွန်မြောက်ခြင်းကိုကား မပညတ်ကြကုန်။ ထိုသို့ မပညတ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ဤအကြောင်းနှစ်ပါးတို့ကိုဟုတ်တိုင်းမှန်စွာ မသိကြကုန်၊ ထို့ကြောင့်ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ဥပါဒါန် အားလုံး လွန်မြောက်ခြင်းကို ပြောဆို၏ဟု ဝန်ခံကြကုန်လျက်ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကို ကောင်းစွာ မပညတ်ကြကုန်၊ ကာမုပါဒါန်နှင့် ဒိဋ္ဌုပါဒါန် လွန်မြောက်ခြင်းမျှကိုသာ ပညတ်ကြ၍ သီလဗ္ဗတုပါဒါန်နှင့် အတ္တဝါဒုပါဒါန် လွန်မြောက်ခြင်းကိုကား မပညတ်ကြကုန်။
ရဟန်းတို့ ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကို ပြောဆို၏ဟု ဝန်ခံကြသည့် သမဏဗြာဟ္မဏအချို့တို့သည် ရှိကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကို ကောင်းစွာမပညတ်ကြကုန်၊ ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် လွန်မြောက်ခြင်းမျှကိုသာ ပညတ်ကြကုန်၏၊ အတ္တဝါဒုပါဒါန် လွန်မြောက်ခြင်းကိုကား မပညတ်ကြကုန်။ ထိုသို့ မပညတ်ခြင်းသည်အဘယ့်ကြောင့်နည်း၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ဤအကြောင်းတစ်ပါးကိုဟုတ်တိုင်းမှန်စွာမသိကြကုန်၊ ထို့ကြောင့် ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကိုပြောဆိုဝန်ခံကြကုန်လျက် ဥပါဒါန် အားလုံး လွန်မြောက်ခြင်းကို ကောင်းစွာ မပညတ်ကြကုန်၊ ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန် လွန်မြောက်ခြင်းမျှကိုသာ ပညတ်ကြကုန်၏၊ အတ္တဝါဒုပါဒါန်လွန်မြောက်ခြင်းကိုကား မပညတ်ကြကုန်။
ရဟန်းတို့ ဤသို့သဘောရှိသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ (မိမိတို့) ဆရာ၌ ကြည်ညိုခြင်းကိုကောင်းမြတ်၏ဟု မဆိုရ၊ တရား၌ ကြည်ညိုခြင်းကို ကောင်းမြတ်၏ဟု မဆိုရ၊ အကျင့်သီလတို့၌ ဖြည့်ကျင့်မှု ပြုလေ့ရှိခြင်းကို ကောင်းမြတ်၏ဟု မဆိုရ၊ သီတင်းသုံးဖော်တို့၌ ချစ်နှစ်သက်ခြင်းကို ကောင်းမြတ်၏ဟု မဆိုရ။ ထိုသို့ ကောင်းမြတ်၏ဟု မဆိုရခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ မကောင်း့သဖြင့် ပြောဆိုဟောကြား ထား၍ ဝဋ်မှ ထွက်မြောက်ကြောင်းမဟုတ်သော၊ ငြိမ်းအေးခြင်းကို မဖြစ်စေတတ်သော၊ ဘုရားစစ်မဟုတ်သူတို့ ဟောကြားထားသည့် ဓမ္မဝိနယ၌ ဖြစ်မြဲဓမ္မတာအတိုင်းသာဖြစ်ရသော ကြောင့်တည်း။
၁၄၄။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားသည် ဥပါဒါန်တရားအားလုံး လွန်မြောက်ခြင်းကို ပြောဆို၏ဟု ဝန်ခံလျက်ဥပါဒါန်တရားအားလုံး လွန်မြောက်ခြင်းကို ကောင်းစွာ ပညတ်တော်မူ၏၊ ကာမုပါဒါန် လွန်မြောက်ခြင်းကိုပညတ်တော်မူ၏၊ ဒိဋ္ဌုပါဒါန် လွန်မြောက်ခြင်းကို ပညတ်တော်မူ၏၊ သီလဗ္ဗတုပါဒါန် လွန်မြောက်ခြင်းကိုပညတ်တော်မူ၏၊ အတ္တဝါဒုပါဒါန် လွန်မြောက်ခြင်းကို ပညတ်တော်မူ၏၊ ရဟန်းတို့ ဤသို့သဘောရှိသောဓမ္မဝိနယ ‘သာသနာတော်’၌ ဘုရားအပေါ်၌ ကြည်ညိုခြင်းကို ကောင်းမြတ်၏ဟုဆိုရ၏၊ တရား၌ကြည်ညိုခြင်းကို ကောင်းမြတ်၏ဟု ဆိုရ၏၊ အကျင့်သီလတို့၌ ဖြည့်ကျင့်မှု ပြုလေ့ရှိခြင်းကိုကောင်းမြတ်၏ဟု ဆိုရ၏၊ သီတင်းသုံးဖော်တို့၌ ချစ်နှစ်သက်ခြင်းကို ကောင်းမြတ်၏ဟု ဆိုရ၏၊ ထိုသို့ကောင်းမြတ်၏ဟု ဆိုရခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ကောင်းစွာပြောဆိုဟောကြားထားသော၊ (ဝဋ်မှ) ထွက်မြောက်ကြောင်းဖြစ်သော၊ ငြိမ်းအေးခြင်းကိုဖြစ်စေတတ်သော၊ ဘုရားစစ် ဟောကြားထားသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဖြစ်မြဲဓမ္မတာအတိုင်းသာ ဖြစ်သောကြောင့်တည်း။
၁၄၅။ ရဟန်းတို့ ဤဥပါဒါန်လေးပါးတို့သည် အဘယ်အကြောင်းရင်းရှိသနည်း၊ အဘယ်ဖြစ်ကြောင်းရှိသနည်း၊ အဘယ်ဇာစ်မြစ်ရှိသနည်း၊ အဘယ်အမွန်အစရှိသနည်း။
ဤဥပါဒါန်လေးပါးတို့သည် တဏှာအကြောင်းရင်းရှိ၏၊ တဏှာဖြစ်ကြောင်းရှိ၏၊ တဏှာဇာစ်မြစ် ရှိ၏၊ တဏှာအမွန်အစရှိ၏။
ရဟန်းတို့ ဤတဏှာသည်လည်း အဘယ်အကြောင်းရင်းရှိသနည်း၊ အဘယ်ဖြစ်ကြောင်းရှိသနည်း၊ အဘယ် ဇာစ်မြစ်ရှိသနည်း၊ အဘယ်အမွန်အစရှိသနည်း။
တဏှာသည် ဝေဒနာအကြောင်းရင်းရှိ၏၊ ဝေဒနာဖြစ်ကြောင်းရှိ၏၊ ဝေဒနာဇာစ်မြစ်ရှိ၏၊ ဝေဒနာအမွန်အစရှိ၏။
ရဟန်းတို့ ဤဝေဒနာသည်လည်း အဘယ်အကြောင်းရင်းရှိသနည်း၊ အဘယ်ဖြစ်ကြောင်းရှိသနည်း၊ အဘယ် ဇာစ်မြစ်ရှိသနည်း၊ အဘယ်အမွန်အစရှိသနည်း။
ဝေဒနာသည် တွေ့ထိမှု ‘ဖဿ’ အကြောင်းရင်းရှိ၏၊ ဖဿဖြစ်ကြောင်းရှိ၏၊ ဖဿဇာစ်မြစ်ရှိ၏၊ ဖဿအမွန်အစရှိ၏။
ရဟန်းတို့ ဤဖဿသည်လည်း အဘယ်အကြောင်းရင်းရှိသနည်း၊ အဘယ်ဖြစ်ကြောင်းရှိသနည်း၊ အဘယ်ဇာစ်မြစ်ရှိသနည်း၊ အဘယ်အမွန်အစရှိသနည်း။
ဖဿသည် သဠာယတနအကြောင်းရင်း ရှိ၏၊ သဠာယတနဖြစ်ကြောင်း ရှိ၏၊ သဠာယတနဇာစ်မြစ်ရှိ၏၊ သဠာယတနအမွန်အစရှိ၏။
ရဟန်းတို့ ဤသဠာယတနသည်လည်း အဘယ်အကြောင်းရင်းရှိသနည်း၊ အဘယ်ဖြစ်ကြောင်းရှိသနည်း၊ အဘယ်ဇာစ်မြစ်ရှိသနည်း၊ အဘယ်အမွန်အစရှိသနည်း။
သဠာယတနသည် နာမ်ရုပ်အကြောင်းရင်း ရှိ၏၊ နာမ်ရုပ်ဖြစ်ကြောင်း ရှိ၏၊ နာမ်ရုပ်ဇာစ်မြစ် ရှိ၏၊ နာမ်ရုပ် အမွန်အစရှိ၏။
ရဟန်းတို့ ဤနာမ်ရုပ်သည်လည်း အဘယ်အကြောင်းရင်း ရှိသနည်း၊ အဘယ်ဖြစ်ကြောင်း ရှိ သနည်း၊ အဘယ်ဇာစ်မြစ်ရှိသနည်း၊ အဘယ်အမွန်အစရှိသနည်း။
နာမ်ရုပ်သည် ဝိညာဏ်အကြောင်းရင်း ရှိ၏၊ ဝိညာဏ်ဖြစ်ကြောင်း ရှိ၏၊ ဝိညာဏ်ဇာစ်မြစ် ရှိ၏၊ ့ဝိညာဏ် အမွန်အစရှိ၏။
ရဟန်းတို့ ဤဝိညာဏ်သည်လည်း အဘယ်အကြောင်းရင်းရှိသနည်း၊ အဘယ်ဖြစ်ကြောင်းရှိသ နည်း၊ အဘယ်ဇာစ်မြစ်ရှိသနည်း၊ အဘယ်အမွန်အစရှိသနည်း။
ဝိညာဏ်သည် ပြုပြင်စီရင်မှု ‘သင်္ခါရ’ အကြောင်းရင်းရှိ၏၊ ပြုပြင်စီရင်မှု ‘သင်္ခါရ’ ဖြစ်ကြောင်းရှိ၏၊ ပြုပြင်စီရင်မှု ‘သင်္ခါရ’ ဇာစ်မြစ်ရှိ၏၊ ပြုပြင်စီရင်မှု ‘သင်္ခါရ’ အမွန်အစရှိ၏။
ရဟန်းတို့ ဤသင်္ခါရတို့သည်လည်း အဘယ်အကြောင်းရင်းရှိကုန်သနည်း၊ အဘယ်ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ်ဇာစ်မြစ်ရှိကုန်သနည်း၊ အဘယ်အမွန်အစရှိကုန်သနည်း။
သင်္ခါရတို့သည် မသိခြင်း ‘အဝိဇ္ဇာ’ အကြောင်းရင်းရှိကုန်၏၊ အဝိဇ္ဇာ ဖြစ်ကြောင်းရှိကုန်၏၊ အဝိဇ္ဇာဇာစ်မြစ်ရှိကုန်၏၊ အဝိဇ္ဇာ အမွန်အစရှိကုန်၏။
ရဟန်းတို့ အကြင်အခါ၌ ရဟန်းအား အဝိဇ္ဇာ ပျောက်ကင်း၏၊ ဝိဇ္ဇာ ဖြစ်ပေါ်၏၊ (ထိုအခါ) ထိုရဟန်းသည် အဝိဇ္ဇာကင်း၍ ဝိဇ္ဇာဖြစ်ပေါ်ခြင်းကြောင့် ကာမစွဲ မစွဲလမ်း၊ အယူမှားစွဲ မစွဲလမ်း၊ အလေ့အကျင့်စွဲ မစွဲလမ်း၊ အတ္တစွဲ မစွဲလမ်း၊ မစွဲလမ်းသော် (တဏှာဖြင့်) မတပ်မက်၊ မတပ်မက်သော်ယခုဘဝ၌ပင်လျှင် (ကိလေသာ) ငြိမ်းအေး၏။
“ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ” ဟု သိ၏ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောကြားတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာ ဘုရားဟောတော်မူသော တရားတော်ကို နှစ်လိုကြသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။
ရှေးဦးစွာသော စူဠသီဟနာဒသုတ်ပြီး၏။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source