LibraryMNMN 16
MN 1611 min read

Emotional Barrenness

Cetokhila Sutta

20
PDFGenerated
01 · Overview

The Buddha explains various ways one can become emotionally cut off from one’s spiritual community.

02 · Reading guide

Read the full discourse slowly and use the prebuilt MP3 for continuous listening.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

မဇ္ဈိမနိကာယ် ၆— စေတောခိလသုတ် ၁၈၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤ (သုတ်) တရားကို ဟောကြားတော်မူ၏—

ရဟန်းတို့ စိတ်၏ဆူးငြောင့်ခလုတ် ငါးမျိုးတို့ကို မပယ်ရသေးသော, စိတ်၏အနှောင်အဖွဲ့ ငါးမျိုးတို့ကိုမဖြတ်ရသေးသော မည်သည့်ရဟန်းမဆို ဤသာသနာတော်၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ရောက်နိုင်ရာသော အကြောင်းသည် မရှိပေ။

ထိုရဟန်း မပယ်ရသေးသော စိတ်၏ ဆူးငြောင့်ခလုတ် ငါးမျိုးတို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား၌ ယုံမှား၏၊ တွေးတော၏၊ မဆုံးဖြတ်နိုင်၊ စိတ်မရှင်းလင်း။ ရဟန်းတို့ မြတ်စွာဘုရား၌ ယုံမှားသော တွေးတောသော မဆုံးဖြတ်နိုင်သော မရှင်းလင်းသောရဟန်း၏စိတ်သည် စ၍အားထုတ်ခြင်း အကြိမ်ကြိမ်အားထုတ်ခြင်း မပြတ်အားထုတ်ခြင်း လွန်စွာအားထုတ်ခြင်းငှါ မညွတ်ပေ။ ဤသို့ ဖြစ်ခြင်းသည် ထိုရဟန်းမပယ်ရသေးသော ရှေးဦးစွာသော စိတ်၏ ဆူးငြောင့်ခလုတ် ဖြစ်၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် တရား၌ ယုံမှား၏၊ တွေးတော၏၊ မဆုံးဖြတ်နိုင်၊ စိတ်မရှင်းလင်း။ပ။ ဤသို့ဖြစ်ခြင်းသည် ထိုရဟန်းမပယ်ရသေးသော နှစ်ခုမြောက်သော စိတ်၏ဆူးငြောင့်ခလုတ် ဖြစ်၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သံဃာ၌ ယုံမှား၏၊ တွေးတော၏၊ မဆုံးဖြတ်နိုင်၊ စိတ်မရှင်းလင်း။ပ။ ဤသို့ဖြစ်ခြင်းသည် ထိုရဟန်းမပယ်ရသေးသော သုံးခုမြောက်သော စိတ်၏ဆူးငြောင့်ခလုတ် ဖြစ်၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အကျင့်သိက္ခာ၌ ယုံမှား၏၊ တွေးတော၏၊ မဆုံး ဖြတ်နိုင်၊ စိတ်မရှင်းလင်း။ ရဟန်းတို့ အကျင့်သိက္ခာ၌ ယုံမှားသော တွေးတောသော မဆုံးဖြတ်နိုင်သောစိတ်မရှင်းလင်းသော ရဟန်း၏စိတ်သည် စ၍အားထုတ်ခြင်း အကြိမ်ကြိမ်အားထုတ်ခြင်း မပြတ်အားထုတ်ခြင်း လွန်စွာအားထုတ်ခြင်းငှါ မညွတ်ပေ။ ဤသို့ဖြစ်ခြင်းသည် ထိုရဟန်း မပယ်ရသေးသော လေးခုမြောက်ဖြစ်သော စိတ်၏ ဆူးငြောင့်ခလုတ် ဖြစ်၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်၊ စိတ်နာတတ်၏၊ ဆူးငြောင့်ခလုတ်သဖွယ် ဖြစ်၏။ ရဟန်းတို့ သီတင်းသုံးဖော်တို့၌ အမျက်ထွက်သောမနှစ် သက်သော စိတ်နာတတ်သော ဆူးငြောင့်ခလုတ်သဖွယ်ဖြစ်သော ရဟန်း၏စိတ်သည်စ၍အားထုတ်ခြင်း အကြိမ်ကြိမ်အားထုတ်ခြင်း မပြတ်အားထုတ်ခြင်း လွန်စွာအားထုတ်ခြင်းငှါ မညွတ်ပေ။ ဤသို့ဖြစ်ခြင်းသည် ထိုရဟန်း မပယ်ရသေးသော ငါးခုမြောက်ဖြစ်သော စိတ်၏ ဆူးငြောင့်ခလုတ် ဖြစ်၏၊ ဤသည်တို့ကား ထိုရဟန်းမပယ်ရသေးသော စိတ်၏ ဆူးငြောင့်ခလုတ် ငါးမျိုးတို့ပေတည်း။

၁၈၆။ ထိုရဟန်း မဖြတ်ရသေးသော စိတ်၏အနှောင်အဖွဲ့ ငါးမျိုးတို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ကာမ၌ တပ်စွန်းခြင်း ‘ရာဂ’ မကင်းသေး၊ အလိုဆန္ဒမကင်း သေး၊ ချစ်ခြင်း မကင်းသေး၊ မွတ်သိပ်ခြင်း မကင်းသေး၊ ပူလောင်ခြင်း မကင်းသေး၊ တပ်မက်ခြင်း ‘တဏှာ’မကင်းသေး။ ရဟန်းတို့ ကာမ၌ တပ်စွန်းခြင်း ‘ရာဂ’ မကင်းသေးသော အလိုဆန္ဒ မကင်းသေး သောချစ်ခြင်းမကင်းသေးသော မွတ်သိပ်ခြင်းမကင်းသေးသော ပူလောင်ခြင်းမကင်းသေးသော တပ်မက်ခြင်း ‘တဏှာ’ မကင်းသေးသော ရဟန်း၏ စိတ်သည် စ၍အားထုတ်ခြင်း အကြိမ်ကြိမ်အားထုတ်ခြင်း မပြတ်အားထုတ်ခြင်း လွန်စွာအားထုတ်ခြင်းငှါ မညွတ်ပေ။ ဤသို့ဖြစ်ခြင်းသည် ထိုရဟန်း မဖြတ် ရသေးသောရှေးဦးစွာသော စိတ်၏ အနှောင်အဖွဲ့ ဖြစ်၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် (မိမိ) ကိုယ်၌ တပ်စွန်းခြင်း ‘ရာဂ’ မကင်းသေး။ပ။ ဤသို့ ဖြစ်ခြင်းသည် ထိုရဟန်း မဖြတ်ရသေးသော နှစ်ခုမြောက်ဖြစ်သော စိတ်၏ အနှောင်အဖွဲ့ ဖြစ်၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် (အပ) ရုပ်၌ တပ်စွန်းခြင်း ‘ရာဂ’ မကင်းသေး။ပ။ ဤသို့ဖြစ်ခြင်းသည် ထိုရဟန်း မဖြတ်ရသေးသော သုံးခုမြောက်ဖြစ်သော စိတ်၏ အနှောင်အဖွဲ့ ဖြစ်၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ လျောင်းမှုချမ်း သာစောင်းမှုချမ်းသာ အိပ်မှုချမ်းသာကို အားထုတ်လျက် နေ၏။ ရဟန်းတို့ အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ လျောင်းမှုချမ်းသာ စောင်းမှုချမ်းသာ အိပ်မှုချမ်းသာကို အားထုတ်နေသော ရဟန်း၏ စိတ်သည်စ၍အားထုတ်ခြင်း အကြိမ်ကြိမ်အားထုတ်ခြင်း မပြတ်အားထုတ်ခြင်း လွန်စွာအားထုတ်ခြင်းငှါ မညွတ်ပေ။ ဤသို့ ဖြစ်ခြင်းသည် ထိုရဟန်းမဖြတ်ရသေးသော လေးခုမြောက်ဖြစ်သော စိတ်၏ အနှောင်အဖွဲ့ ဖြစ်၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် “ဤအကျင့်သီလဖြင့်သော်လည်းကောင်း ဤကျင့်ဝတ်ဖြင့်သော်လည်းကောင်း၊ ဤအားထုတ်မှုဖြင့်သော်လည်းကောင်း၊ ဤမေထုန်မှကြဉ်ရှောင်ခြင်းဖြင့်သော်လည်း ကောင်း ငါသည် နတ်သော်လည်း ဖြစ်ရအံ့၊ နတ်မျိုးတွင်အပါအဝင်သော်လည်း ဖြစ်ရအံ့” ဟု နတ်အမျိုး အစား တစ်ပါးပါးကို တောင့်တ၍ မြတ်သောအကျင့်ကိုကျင့်၏။ ရဟန်းတို့ “ဤအကျင့်သီလ ဖြင့်သော်လည်းကောင်း၊ ဤကျင့်ဝတ် ဖြင့်သော်လည်းကောင်း၊ ဤအားထုတ်မှုဖြင့်သော်လည်းကောင်း၊ ဤမေထုန်မှ ရှောင်ကြဉ်ခြင်းဖြင့်သော်လည်းကောင်း ငါသည်နတ်သော်လည်း ဖြစ်ရအံ့၊ နတ်မျိုးတွင် အပါအဝင်သော်လည်း ဖြစ်ရအံ့” ဟု နတ်အမျိုးအစားတစ်ပါးပါးကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်သော ရဟန်း၏ စိတ်သည် စ၍အားထုတ်ခြင်းအကြိမ်ကြိမ်အားထုတ်ခြင်း မပြတ်အားထုတ်ခြင်း လွန်စွာအားထုတ်ခြင်းငှါ မညွတ်ပေ။ ဤသို့ဖြစ်ခြင်းသည် ထိုရဟန်းမဖြတ်ရသေးသော ငါးခုမြောက်သော စိတ်၏ အနှောင် အဖွဲ့ဖြစ်၏။ ဤသည်တို့ကား ထိုရဟန်း မဖြတ်ရသေးသော စိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ပေတည်း။

ရဟန်းတို့ ဤစိတ်၏ဆူးငြောင့်ခလုတ် ငါးမျိုးတို့ကို မပယ်ရသေးသော, ဤစိတ်၏အနှောင်အဖွဲ့ငါးမျိုးတို့ကို မဖြတ်ရသေးသော မည်သည့်ရဟန်းမဆို ဤသာသနာတော်၌ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်နိုင်ရာသောအကြောင်း မရှိပေ။

၁၈၇။ ရဟန်းတို့ စိတ်၏ဆူးငြောင့်ခလုတ် ငါးမျိုးတို့ကို ပယ်ထားပြီးသော, စိတ်၏အနှောင်အဖွဲ့ငါးမျိုးတို့ကို ဖြတ်ထားပြီးသော မည်သည့်ရဟန်းမဆို ဤသာသနာတော်၌ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်နိုင်ရာသော အကြောင်းသည် ရှိ၏။

ထိုရဟန်း ပယ်ထားပြီးသော စိတ်၏ဆူးငြောင့်ခလုတ် ငါးမျိုးတို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား၌ မယုံမှား၊ မတွေးတော၊ ဆုံးဖြတ်နိုင်၏၊ စိတ်ရှင်းလင်း၏။ ရဟန်းတို့ မြတ်စွာဘုရား၌ မယုံမှားသော မတွေးတောသော ဆုံးဖြတ်နိုင်သော ရှင်းလင်းသောရဟန်း၏စိတ်သည် စ၍ အားထုတ်ခြင်း အကြိမ်ကြိမ်အားထုတ်ခြင်း မပြတ်အားထုတ်ခြင်းလွန်စွာအားထုတ်ခြင်းငှါညွတ်၏။ ဤသို့ ဖြစ်ခြင်းသည် ထိုရဟန်းပယ်ထားပြီးသော ရှေးဦးစွာသော စိတ်၏ ဆူးငြောင့်ခလုတ် ဖြစ်၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် တရား၌ မယုံမှား၊ မတွေးတော၊ ဆုံးဖြတ်နိုင်၏၊ စိတ်ရှင်းလင်း၏။ပ။ ဤသို့ဖြစ်ခြင်းသည် ထိုရဟန်းပယ်ထားပြီးသော နှစ်ခုမြောက်ဖြစ်သော စိတ်၏ ဆူးငြောင့်ခလုတ် ဖြစ်၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သံဃာ၌ မယုံမှား၊ မတွေးတော၊ ဆုံးဖြတ်နိုင်၏၊ စိတ်ရှင်းလင်း၏။ပ။ ဤသို့ဖြစ်ခြင်းသည် ထိုရဟန်းပယ်ထားပြီးသော သုံးခုမြောက်ဖြစ်သော စိတ်၏ ဆူးငြောင့်ခလုတ် ဖြစ်၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အကျင့်သိက္ခာ၌ မယုံမှား၊ မတွေးတော၊ ဆုံးဖြတ် နိုင်၏၊ စိတ်ရှင်းလင်း၏။ပ။ ဤသို့ဖြစ်ခြင်းသည် ထိုရဟန်းပယ်ထားပြီးသော လေးခုမြောက်ဖြစ်သော စိတ်၏ဆူးငြောင့်ခလုတ် ဖြစ်၏။

ရဟန်းတို့ ထိုမှတစ်ပါးလည်း ရဟန်းသည် သီတင်းသုံးဖော်တို့၌ အမျက်မထွက်၊ နှစ်သက်၏၊ စိတ်မနာတတ်၊ ဆူးငြောင့်ခလုတ်သဖွယ် မဖြစ်။ ရဟန်းတို့ သီတင်းသုံးဖော်တို့၌ အမျက်မထွက်သောနှစ်သက် သော စိတ်မနာတတ်သော ဆူးငြောင့်ခလုတ်သဖွယ် မဖြစ်သော ရဟန်း၏စိတ်သည် စ၍အားထုတ်ခြင်း အကြိမ်ကြိမ် အားထုတ်ခြင်း မပြတ်အားထုတ်ခြင်း လွန်စွာအားထုတ်ခြင်းငှါ ညွတ်၏။ ဤသို့ဖြစ်ခြင်းသည် ထိုရဟန်း ပယ်ထားပြီးသော ငါးခုမြောက်ဖြစ်သော စိတ်၏ဆူးငြောင့်ခလုတ် ဖြစ်၏။ ဤသည်တို့ကား ထို ရဟန်း ပယ်ထားပြီးသော စိတ်၏ ဆူးငြောင့်ခလုတ် ငါးမျိုးတို့ပေတည်း။

၁၈၈။ ထိုရဟန်း ဖြတ်ထားပြီးသော စိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ကာမ၌ တပ်စွန်းခြင်း ‘ရာဂ’ ကင်း၏၊ အလိုဆန္ဒကင်း၏၊ ချစ်ခြင်းကင်း၏၊ မွတ်သိပ်ခြင်းကင်း၏၊ ပူလောင်ခြင်းကင်း၏၊ တပ်မက်ခြင်း ‘တဏှာ’ ကင်း၏၊ ရဟန်းတို့ ကာမ၌တပ်စွန်းခြင်း ‘ရာဂ’ ကင်းသော အလိုဆန္ဒကင်းသော ချစ်ခြင်းကင်းသော မွတ်သိပ်ခြင်းကင်းသောပူလောင်ခြင်းကင်းသော တပ်မက်ခြင်း ‘တဏှာ’ ကင်းသော ရဟန်း၏ စိတ်သည် စ၍အားထုတ်ခြင်းအကြိမ် ကြိမ်အားထုတ်ခြင်း မပြတ်အားထုတ်ခြင်း လွန်စွာအားထုတ်ခြင်းငှါ ညွတ်၏။ ဤသို့ဖြစ်ခြင်းသည်ထိုရဟန်း ဖြတ်ထားပြီးသော ရှေးဦးစွာသော စိတ်၏ အနှောင်အဖွဲ့ ဖြစ်၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် (မိမိ) ကိုယ်၌ တပ်စွန်းခြင်း ‘ရာဂ’ ကင်း၏။ပ။

ရုပ်၌ တပ်စွန်းခြင်း ‘ရာဂ’ ကင်း၏။ပ။

အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ အလျောင်းချမ်းသာ အစောင်းချမ်းသာ အအိပ်ချမ်းသာကိုအားထုတ်လျက်မနေ။ ရဟန်းတို့ အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ အလျောင်းချမ်းသာ, အစောင်းချမ်းသာ, အအိပ်ချမ်းသာကို အားထုတ်လျက်မနေသော ရဟန်း၏ စိတ်သည် စ၍အားထုတ်ခြင်း အကြိမ်ကြိမ်အားထုတ်ခြင်း မပြတ်အားထုတ်ခြင်း လွန်စွာအားထုတ်ခြင်းငှါ ညွတ်၏။ ဤသို့ဖြစ်ခြင်းသည် ထိုရဟန်းဖြတ်ထားပြီးသော လေးခုမြောက်ဖြစ်သော စိတ်၏ အနှောင်အဖွဲ့ ဖြစ်၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် “ဤအကျင့်သီလဖြင့်သော်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်သော်လည်းကောင်း၊ ဤအားထုတ်မှုဖြင့်သော်လည်းကောင်း၊ ဤမေထုန်မှ ရှောင်ကြဉ်ခြင်းဖြင့်သော်လည်းကောင်း ငါသည် နတ်သော်လည်း ဖြစ်ရအံ့၊ နတ်မျိုးတွင် အပါအဝင်သော်လည်း ဖြစ်ရအံ့” ဟု နတ်အမျိုးအစား တစ်ပါးပါးကို တောင့်တ၍ မြတ်သောအကျင့်ကို မကျင့်။ ရဟန်းတို့ “ဤအကျင့်သီလဖြင့်သော်လည်းကောင်း၊ ဤကျင့် ဝတ်ဖြင့်သော်လည်းကောင်း၊ ဤအားထုတ်မှုဖြင့်သော်လည်းကောင်း၊ ဤမေထုန်မှ ရှောင်ကြဉ်ခြင်းဖြင့်သော်လည်းကောင်း ငါသည် နတ်သော်လည်း ဖြစ်ရအံ့၊ နတ်မျိုးတွင် အပါအဝင်သော်လည်း ဖြစ်ရအံ့” ဟု နတ်အမျိုးအစား တစ်ပါးပါးကို တောင့်တ၍ မြတ်သောအကျင့်ကို မကျင့်သော ရဟန်း၏ စိတ်သည် စ၍အားထုတ်ခြင်း အကြိမ်ကြိမ်အားထုတ်ခြင်း မပြတ်အားထုတ်ခြင်း လွန်စွာ့အားထုတ်ခြင်းငှါ ညွတ်၏။ ဤသို့ဖြစ်ခြင်းသည် ထိုရဟန်း ဖြတ်ထားပြီးသော ငါးခုမြောက်ဖြစ်သောစိတ်၏ အနှောင်အဖွဲ့ ဖြစ်၏။ ဤသည်တို့ကား ထိုရဟန်း ဖြတ်ထားပြီးသော စိတ်၏ အနှောင်အဖွဲ့ငါးမျိုးတို့ပေ တည်း။

ရဟန်းတို့ ဤစိတ်၏ဆူးငြောင့်ခလုတ် ငါးမျိုးတို့ကို ပယ်ထားပြီးသော ဤ စိတ်၏ အနှောင်အဖွဲ့ငါးမျိုးတို့ကို ဖြတ်ထားပြီးသော ရဟန်းသည် ဤသာသနာတော်၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ရောက်နိုင်ရာသော အကြောင်းသည် ရှိ၏။

၁၈၉။ ထိုရဟန်းသည် ဆန္ဒကိုမှီ၍ဖြစ်သည့် သမာဓိပြဓာန်းသည့် ဝီရိယတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကိုပွါးများ၏။ လုံ့လကိုမှီ၍ဖြစ်သည့် သမာဓိပြဓာန်းသည့် ဝီရိယတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ စိတ်ကိုမှီ၍ ဖြစ်သည့် သမာဓိပြဓာန်းသည့် ဝီရိယတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ပညာကိုမှီ၍ဖြစ်သည့် သမာဓိ ပြဓာန်းသည့် ဝီရိယတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ လွန်လွန်ကဲကဲ အားထုတ်ခြင်းလျှင် ငါးခုမြောက် အင်္ဂါရှိ၏။ ရဟန်းတို့ ဤသို့ လွန်လွန်ကဲကဲ အားထုတ်ခြင်းနှင့်တကွ အင်္ဂါတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံသော ထိုရဟန်းသည် (မဂ်ဉာဏ်ဖြင့်) ကိလေသာကို ဖျက်ဆီးခြင်းငှါ ထိုက်၏၊ (သစ္စာလေးပါးကို) ကိုယ်တိုင်သိခြင်းငှါ ထိုက်၏၊ မြတ်သော ယောဂလေးပါးတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ရခြင်းငှါထိုက်၏။ ရဟန်းတို့ ဥပမာသော်ကား ကြက်မ၌ ရှစ်လုံးဖြစ်စေ၊ ဆယ်လုံးဖြစ်စေ၊ တစ်ဆယ့်နှစ်လုံးဖြစ်စေ ဥများရှိရာ၏၊ ထို့တို့ကို ကြက်မသည် ကောင်းစွာ ဝပ်အပ်ကုန်၏၊ ကောင်းစွာ ထက်ဝန်းကျင်မှ အငွေ့ပေးအပ်ကုန်၏၊ ကောင်းစွာ ထက်ဝန်းကျင်မှ ကြက်နံ့ကို ထုံစေအပ်ကုန်၏။ “ဤကြက်သားငယ်တို့သည် ခြေသည်းဖျား နှုတ်သီးဖျားဖြင့် ဥခွံကို ဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ပွါးလာကြကုန်မူကောင်းလေစွ” ဟု ထိုကြက်မမှာ ဤသို့သော အလိုမဖြစ်သော်လည်း ထိုကြက်သားငယ်တို့သည်ကားခြေသည်းဖျား နှုတ်သီးဖျားဖြင့် ဥခွံကို ဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ပွါးလာ ရန်ထိုက်ကုန်သကဲ့သို့ဤအတူပင် ဤသို့ လွန်လွန်ကဲကဲ အားထုတ်ခြင်းနှင့်တကွ တစ်ဆယ့်ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသောရဟန်းသည် (မဂ်ဉာဏ်ဖြင့်) ကိလေသာကို ဖျက်ဆီးခြင်းငှါ ထိုက်၏၊ (သစ္စာလေးပါးကို) ကိုယ်တိုင်သိခြင်း ငှါ ထိုက်၏၊ မြတ်သော ယောဂလေးပါးတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ရခြင်းငှါထိုက်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။

ခြောက်ခုမြောက် စေတောခိလသုတ်ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection