Jungle Thickets
Vanapattha Sutta
PDFGenerated
While living in the wilderness is great, not everyone is ready for it. The Buddha encourages meditators to reflect on whether one’s environment is genuinely supporting their meditation practice, and if not, to leave.
Read the full discourse slowly and use the prebuilt MP3 for continuous listening.
Read here in the library
မဇ္ဈိမနိကာယ် ၇— ဝနပတ္ထသုတ် ၁၉ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် “ရဟန်းတို့ သင်တို့အား တောအုပ်တရားဒေသနာတော်ကို ဟောကြားအံ့၊ ထိုတရားဒေသနာကို နာကြားကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့” ဟု မိန့်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား ကောင်းပါပြီ” ဟု မြတ်စွာဘုရားအားပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာ ဘုရားသည် ဤ (သုတ်) တရားကို ဟောကြားတော်မူ၏။
၁၉၁။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသောတောအုပ်ကို မှီ၍ နေ၏၊ ထိုတောအုပ်ကို မှီ၍ နေစဉ် ထိုရဟန်းမှာ မထင်သေးသော သတိသည်လည်း ထင်လာခြင်း မရှိ၊ မတည်တံ့သေးသော စိတ်သည်လည်း တည်တံ့ခြင်းမရှိ၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ မရောက်ကုန်၊ မရောက်သေးသည့် မြတ်သော ယောဂ၏ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်ခြင်း မရှိ။ ရဟန်းများ ခံယူသင့် ခံယူထိုက်သော အသက်၏ အဆောက်အဦဖြစ်သော သင်္ကန်းဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးပစ္စည်းတို့သည်လည်း (ငြိုငြင်) ဆင်းရဲသဖြင့်ဖြစ်ပေါ်ကုန်၏။ ရဟန်းတို့ ထိုရဟန်းသည် “ငါသည်ကား ဤ တောအုပ်ကို မှီ၍ နေ၏၊ ဤတောအုပ်ကိုမှီ၍ နေစဉ် ငါ့မှာ မထင်သေးသော သတိသည်လည်း ထင်လာခြင်းမရှိ၊ မတည်တံ့သေးသောစိတ်သည်လည်း တည်တံ့ခြင်း မရှိ၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့မရောက်ကုန်၊ မရောက်သေးသည့် မြတ်သော ယောဂတို့၏ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်းဆိုက်ရောက်ခြင်းမရှိ။ ရဟန်းများ ခံယူသင့် ခံယူထိုက်သော အသက်၏ အဆောက်အဦဖြစ်သော သင်္ကန်းဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးပစ္စည်းတို့သည်လည်း (ငြိုငြင်) ဆင်းရဲသဖြင့်ဖြစ်ပေါ်ကုန်၏” ဟု ဆင်ခြင်သင့်၏။ ရဟန်းတို့ ထို ရဟန်းသည် ညဉ့်၌ဖြစ်စေ၊ နေ့၌ဖြစ်စေထိုတောအုပ်မှ ဖဲခွါသင့်၏၊ မနေသင့်ပေ။
၁၉၂။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော တောအုပ်ကို မှီ၍ နေ၏၊ ထိုတောအုပ်ကို မှီ၍ နေစဉ် ထိုရဟန်းမှာ မထင်သေးသော သတိသည်လည်း ထင်လာခြင်း မရှိ၊ မတည်တံ့သေးသော စိတ်သည်လည်း တည်တံ့ခြင်း မရှိ၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်းကုန်ခြင်းသို့ မရောက်ကုန်၊ မရောက်ဖူးသေးသည့် မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်ခြင်း မရှိ။ ရဟန်းများ ခံယူသင့် ခံယူထိုက်သော အသက်၏ အဆောက်အဦဖြစ်သောသင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးပစ္စည်းတို့ကား (ငြိုငြင်) ဆင်းရဲခြင်းမရှိဘဲ ဖြစ်ပေါ်ကုန်၏။ ရဟန်းတို့ ထိုရဟန်းသည် “ငါသည်ကား ဤတောအုပ်ကို မှီ၍ နေ၏၊ ဤတောအုပ်ကို မှီ၍နေစဉ် ငါ့မှာ မထင်သေးသော သတိသည်လည်း ထင်လာခြင်းမရှိ၊ မတည်တံ့သေးသော စိတ်သည်လည်းတည်တံ့ခြင်းမရှိ၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ မရောက်ကုန်၊ မရောက်ဖူးသေးသည့် မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်ခြင်း မရှိ။ ရဟန်းများ ခံယူသင့် ခံယူထိုက်သော အသက်၏ အဆောက်အဦဖြစ်သော သင်္ကန်း ဆွမ်း ကျောင်းသူနာ၏ အထောက် အပံ့ ဆေးပစ္စည်းတို့ကား (ငြိုငြင်) ဆင်းရဲခြင်းမရှိဘဲ ဖြစ်ပေါ်ကုန်၏။ ငါသည်ကားသင်္ကန်းဟူသော အကြောင်းကြောင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်သည် မဟုတ်၊ ဆွမ်းဟူသော အကြောင်း ကြောင့်။ပ။ ကပ်ရောက်သည်မဟုတ်၊ ကျောင်းဟူသော အကြောင်းကြောင့်။ပ။ ကပ်ရောက်သည် မဟုတ်၊ သူနာ၏ အထောက်အပံ့ ဆေးပစ္စည်း ဟူသော အကြောင်းကြောင့် လူ့ဘောင်မှရဟန်းဘောင်သို့ ကပ် ရောက်သည် မဟုတ်။ စင်စစ်သော်ကား ဤတောအုပ်ကို မှီ၍ နေစဉ် ငါ့မှာမထင်သေးသော သတိသည်လည်း ထင်လာခြင်း မရှိ၊ မတည်တံ့သေးသော စိတ်သည်လည်းတည်တံ့ခြင်း မရှိ၊ မကုန်သေးသော အာသဝေါ တရားတို့သည်လည်း ကုန်ခြင်းသို့ မရောက်ကုန်၊ မရောက်ဖူးသေးသည့် မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်ခြင်းမရှိ” ဟု ဤသို့ ဆင်ခြင်သင့်၏။ ရဟန်းတို့ ထိုရဟန်းသည် (ဤသို့) ဆင်ခြင်၍လည်း ထိုတောအုပ်မှဖဲခွါသင့်၏၊ မနေသင့်ပေ။
၁၉၃။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော တောအုပ်ကို မှီ၍ နေ၏၊ ထိုတောအုပ်ကို မှီ၍ နေစဉ် ထိုရဟန်းမှာ မထင်သေးသော သတိသည်လည်း ထင်လာ၏။ မတည်တံ့သေးသော စိတ်သည်လည်း တည်တံ့လာ၏၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ရောက်ကုန်၏၊ မရောက်ဖူးသေးသည့် မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်၏၊ ရဟန်းများ ခံယူသင့် ခံယူထိုက်သော အသက်၏ အဆောက်အဦဖြစ်သော သင်္ကန်း ဆွမ်း့ကျောင်း သူနာ၏ အထောက်အပံ့ ဆေး ပစ္စည်းတို့သည်ကား (ငြိုငြင်) ဆင်းရဲသဖြင့် ဖြစ်ပေါ်ကုန်၏။ ရဟန်းတို့ ထိုရဟန်းသည် “ငါသည် ဤတောအုပ်ကို မှီ၍ နေ၏၊ ဤတောအုပ်ကို မှီ၍ နေစဉ် ထိုငါ့မှာမထင်သေးသော သတိသည်လည်း ထင်လာ၏၊ မတည်တံ့ သေးသော စိတ်သည်လည်း တည်တံ့လာ၏၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ ရောက်ကုန်၏၊ မရောက်ဖူးသေးသည့် မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်၏၊ ရဟန်းများ ခံယူသင့် ခံယူထိုက်သော အသက်၏ အဆောက်အဦဖြစ်သော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးပစ္စည်းတို့သည်ကား (ငြိုငြင်) ဆင်းရဲသဖြင့် ဖြစ်ပေါ်ကုန်၏။ ငါသည်ကား သင်္ကန်းဟူသော အကြောင်းကြောင့်လူဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်သည်မဟုတ်၊ ဆွမ်းဟူသော အကြောင်းကြောင့်။ပ။ ကပ်ရောက်သည်မဟုတ်၊ ကျောင်းဟူသော အကြောင်းကြောင့်။ပ။ ကပ်ရောက်သည်မဟုတ်၊ သူနာ၏ အထောက်အပံ့ဆေးပစ္စည်းဟူသော အကြောင်းကြောင့် လူဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်သည် မဟုတ်၊ စင်စစ်သော်ကား ဤတောအုပ်ကို မှီ၍ နေစဉ် ငါ့မှာ မထင်သေးသော သတိသည်လည်း ထင်လာ၏၊ မတည်တံ့သေးသော စိတ်သည်လည်း တည်တံ့လာ၏၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ရောက် ကုန်၏၊ မရောက်ဖူးသေးသည့် မြတ်သော ယောဂတို့၏ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်၏” ဟု ဤသို့ ဆင်ခြင်သင့်၏။ ရဟန်းတို့ ထိုရဟန်းသည် (ဤသို့) ဆင်ခြင်၍လည်း ထိုတောအုပ်၌ နေသင့်၏၊ မဖဲခွါသင့်ပေ။
၁၉၄။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော တောအုပ်ကို မှီ၍ နေ၏၊ ထိုတောအုပ်ကို မှီ၍ နေစဉ် ထိုရဟန်းမှာ မထင်သေးသော သတိသည်လည်း ထင်လာ၏။ မတည်တံ့သေးသော စိတ်သည်လည်း တည်တံ့လာ၏၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ရောက်ကုန်၏၊ မရောက်ဖူးသေးသည့် မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်၏၊ ရဟန်းများ ခံယူသင့် ခံယူထိုက်သော အသက်၏ အဆောက်အဦဖြစ်သော သင်္ကန်း ဆွမ်းကျောင်း သူနာ၏ အထောက်အပံ့ ဆေးပစ္စည်းတို့သည်လည်း (ငြိုငြင်) ဆင်းရဲခြင်း မရှိဘဲ ဖြစ်ပေါ်ကုန်၏။ ရဟန်းတို့ ထိုရဟန်းသည် “ငါသည်ကား ဤ တောအုပ်ကို မှီ၍ နေ၏၊ ဤတောအုပ်ကို မှီ၍ နေစဉ်ငါ့မှာ မထင်သေးသော သတိသည်လည်း ထင်လာ၏၊ မတည်တံ့သေးသော စိတ်သည်လည်းတည်တံ့လာ၏၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ ရောက်၏၊ မရောက်ဖူးသေးသည့် မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်၏၊ ရဟန်းများ ခံယူသင့် ခံယူထိုက်သော အသက်၏ အဆောက်အဦဖြစ်သော သင်္ကန်း ဆွမ်း ကျောင်းသူနာ၏ အထောက်အပံ့ ဆေးပစ္စည်းတို့ သည်လည်း (ငြိုငြင်) ဆင်းရဲခြင်း မရှိဘဲ ဖြစ်ပေါ်ကုန်၏” ဟုဤသို့ ဆင်ခြင်သင့်၏။ ရဟန်းတို့ ထိုရဟန်း သည် အသက်ထက်ဆုံးလည်း ထိုတောအုပ်၌ နေသင့်၏၊ မဖဲခွါသင့်ပေ။
၁၉၅။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော ရွာကို မှီ၍ နေ၏။ပ။ တစ်ခုခု သောနိဂုံးကို မှီ၍ နေ၏။ပ။ တစ်ခုခုသော။ မို့ကို မှီ၍ နေ၏။ပ။ တစ်ခုခုသော ဇနပုဒ်ကို မှီ၍ နေ၏။ပ။ တစ်ဦးဦးသော ပုဂ္ဂိုလ်ကို မှီ၍ နေ၏၊ ထိုပုဂ္ဂိုလ်ကို မှီ၍ နေစဉ် ထိုရဟန်းမှာ မထင်သေးသောသတိသည်လည်း ထင်လာခြင်း မရှိ၊ မတည်တံ့သေးသော စိတ်သည်လည်း တည်တံ့ခြင်း မရှိ၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ မရောက်ကုန်၊ မရောက်ဖူးသေးသည့်မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်ခြင်း မရှိ၊ ရဟန်းများ ခံယူသင့်ခံယူထိုက်သော အသက်၏ အဆောက်အဦဖြစ်သော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဆေးပစ္စည်းတို့ သည်လည်း (ငြိုငြင်) ဆင်းရဲသဖြင့် ဖြစ်ပေါ်ကုန်၏။ ရဟန်းတို့ ထိုရဟန်းသည် “ငါသည်ကား ဤပုဂ္ဂိုလ်ကို မှီ၍ နေ၏၊ ဤပုဂ္ဂိုလ်ကို မှီ၍ နေစဉ် ငါ့မှာ မထင်သေးသော သတိသည်လည်း ထင်လာခြင်း မရှိ၊ မတည်တံ့သေးသော စိတ်သည်လည်း တည်တံ့ခြင်း မရှိ၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ မရောက်ကုန်၊ မရောက်ဖူးသေးသည့်မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်ခြင်း မရှိ၊ ရဟန်းများ ခံယူသင့်ခံယူထိုက်သော အသက်၏ အဆောက်အဦ ဖြစ်သော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဆေး ပစ္စည်းတို့သည်လည်း (ငြိုငြင်) ဆင်းရဲသဖြင့် ဖြစ်ပေါ်ကုန်၏” ဟု ဆင်ခြင်သင့်၏။ ရဟန်းတို့ထိုရဟန်းသည် ညဉ့်၌ဖြစ်စေ၊ နေ့၌ဖြစ်စေ ထိုပုဂ္ဂိုလ်ကို မပန်ကြားဘဲ ဖဲခွါသင့်၏၊ မှီတွယ်မနေသင့်ပေ။
၁၉၆။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တစ်ဦးဦးသော ပုဂ္ဂိုလ်ကို မှီ၍ နေ၏၊ ထိုပုဂ္ဂိုလ်ကို မှီ၍ နေစဉ် ထိုရဟန်းမှာ မထင်သေးသော သတိသည်လည်း ထင်လာခြင်း မရှိ၊ မတည်တံ့သေးသော စိတ်သည်လည်း တည်တံ့ခြင်း မရှိ၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့မရောက်ကုန်၊ မရောက်ဖူးသေးသည့် မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်ခြင်း မရှိ၊ ရဟန်းများ ခံယူသင့် ခံယူထိုက်သော အသက်၏ အဆောက်အဦဖြစ်သော သင်္ကန်း ဆွမ်းကျောင်း သူနာ၏ အထောက်အပံ့ ဆေးပစ္စည်းတို့သည်ကား (ငြိုငြင်) ဆင်းရဲခြင်း မရှိဘဲ ဖြစ်ပေါ်ကုန်၏။ ရဟန်းတို့ ထိုရဟန်းသည် “ငါသည်ကား ဤပုဂ္ဂိုလ်ကိိုု မှီ၍ နေ၏၊ ဤပုဂ္ဂိုလ်ကိိုု မှီ၍ နေစဉ် ငါ့မှာမထင်သေးသော သတိသည်လည်း ထင်လာခြင်း မရှိ၊ မတည်တံ့သေးသော စိတ်သည်လည်း တည်တံ့လာခြင်း မရှိ၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ မရောက်ကုန်၊ မရောက်ဘူးသေးသည့် မြတ်သော ယောဂတို့၏ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်ခြင်း မရှိ၊ ရဟန်းများခံယူသင့် ခံယူထိုက်သော အသက်၏ အဆောက်အဦဖြစ်သော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏အထောက် အပံ့ ဆေးပစ္စည်းတို့သည်ကား (ငြိုငြင်) ဆင်းရဲခြင်း မရှိဘဲ ဖြစ်ပေါ်ကုန်၏။ ငါသည်ကားသင်္ကန်းဟူသော အကြောင်းကြောင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်သည် မဟုတ်၊ ဆွမ်းဟူသော အကြောင်း ကြောင့်။ပ။ ကပ်ရောက်သည် မဟုတ်၊ ကျောင်းဟူသော အကြောင်းကြောင့်။ပ။ ကပ်ရောက်သည် မဟုတ်၊ သူနာ၏ အထောက်အပံ့ဆေးပစ္စည်းဟူသော အကြောင်းကြောင့် လူ့ဘောင်မှရဟန်းဘောင်သို့ ကပ်ရောက် သည် မဟုတ်။ စင်စစ်သော်ကား ဤပုဂ္ဂိုလ်ကိိုု မှီ၍ နေစဉ် ငါ့မှာမထင်သေးသော သတိသည်လည်း ထင်လာခြင်းမရှိ၊ မတည်တံ့သေးသော စိတ်သည်လည်းတည်တံ့လာခြင်းမရှိ၊ မကုန်သေးသော အာသဝေါ တရားတို့သည်လည်း ကုန်ခြင်းသို့ မရောက်ကုန်၊ မရောက်ဖူးသေးသည့် မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်ခြင်းမရှိ” ဟု ဆင်ခြင်သင့်၏။ ရဟန်းတို့ ထိုရဟန်းသည် (ဤသို့) ဆင်ခြင်၍ ထိုပုဂ္ဂိုလ်ကိိုု ပန်ကြား၍ဖဲခွါသင့်၏၊ မှီတွယ်မနေသင့်ပေ။
၁၉၇။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တစ်ဦးဦးသော ပုဂ္ဂိုလ်ကို မှီ၍ နေ၏၊ ထိုပုဂ္ဂိုလ်ကို မှီ၍ နေစဉ် ထိုရဟန်းမှာ မထင်သေးသော သတိသည်လည်း ထင်လာ၏၊ မတည်တံ့သေးသောစိတ်သည်လည်း တည်တံ့လာ၏၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ ရောက်ကုန်၏၊ မရောက်ဖူးသေးသည့် မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်၏၊ ရဟန်းများ ခံယူသင့် ခံယူထိုက်သော အသက်၏ အဆောက်အဦဖြစ်သော သင်္ကန်း ဆွမ်း ကျောင်းသူနာ၏ အထောက်အပံ့ ဆေးပစ္စည်းတို့သည်ကား (ငြိုငြင်) ဆင်းရဲသဖြင့် ဖြစ်ပေါ်ကုန်၏။ ရဟန်းတို့ထိုရဟန်းသည် “ငါသည်ကား ဤပုဂ္ဂိုလ်ကိိုု မှီ၍ နေ၏၊ ဤပုဂ္ဂိုလ်ကိိုု မှီ၍ နေစဉ် ငါ့မှာ မထင်သေးသောသတိသည်လည်း ထင်လာ၏၊ မတည်တံ့သေးသော စိတ်သည်လည်း တည်တံ့လာ၏၊ မကုန်သေးသောအာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ ရောက်ကုန်၏၊ မရောကဖူးသေးသည့် မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်ကုန်၏၊ ရဟန်းများ ခံယူသင့် ခံယူထိုက်သောအသက်၏ အဆောက်အဦဖြစ်သော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးပစ္စည်းတို့သည်ကား (ငြိုငြင်) ဆင်းရဲသဖြင့် ဖြစ်ပေါ်ကုန်၏။ ငါသည်ကား သင်္ကန်းဟူသော အကြောင်းကြောင့်လူ့ဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်သည် မဟုတ်၊ ဆွမ်းဟူသော အကြောင်းကြောင့်။ပ။ ကပ်ရောက် သည် မဟုတ်၊ ကျောင်းဟူသော အကြောင်းကြောင့်။ပ။ ကပ်ရောက်သည် မဟုတ်၊ သူနာ၏အထောက် အပံ့ ဆေးပစ္စည်းဟူသော အကြောင်းကြောင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်သည်မဟုတ်။ စင်စစ် သော်ကား ဤပုဂ္ဂိုလ်ကိိုု မှီ၍ နေစဉ် ငါ့မှာ မထင်သေးသော သတိသည်လည်းထင်လာ၏၊ မတည် တံ့သေးသော စိတ်သည်လည်း တည်တံ့လာ၏၊ မကုန်သေးသောအာသဝေါတရားတို့သည်လည်း ကုန်ခြင်း သို့ ရောက်ကုန်၏၊ မရောက်ဘူးသေးသည့် မြတ်သောယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်၏” ဟု ဆင်ခြင်သင့်၏။ ရဟန်းတို့ထိုရဟန်းသည် (ဤသို့) ဆင်ခြင်၍လည်း ထိုပုဂ္ဂိုလ်ကိိုု မှီတွယ်နေသင့်၏၊ မဖဲခွါသင့်ပေ။
၁၉၈။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တစ်ဦးဦးသော ပုဂ္ဂိုလ်ကို မှီ၍ နေ၏၊ ထိုပုဂ္ဂိုလ်ကို မှီ၍ နေစဉ် ထိုရဟန်းမှာ မထင်သေးသော သတိသည်လည်း ထင်လာ၏၊ မတည်တံ့သေးသောစိတ်သည်လည်း တည်တံ့လာ၏၊ မကုန်သေးသော အာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ ရောက်ကုန်၏၊ မရောက်ဖူးသေးသည့် မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်၏။ ရဟန်းများ ခံယူသင့်ခံယူထိုက်သော အသက်၏ အဆောက်အဦဖြစ်သော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏အထောက်အပံ့ ဆေးပစ္စည်းတို့သည်လည်း (ငြိုငြင်) ဆင်းရဲခြင်းမရှိဘဲ ဖြစ်ပေါ်ကုန်၏။ ရဟန်းတို့ ထိုရဟန်းသည် “ငါသည်ကား ဤပုဂ္ဂိုလ်ကိိုု မှီ၍ နေ၏၊ ဤပုဂ္ဂိုလ်ကိိုု မှီ၍ နေစဉ် ငါ့မှာ မထင်သေးသောသတိသည်လည်း ထင်လာ၏၊ မတည်တံ့သေးသော စိတ်သည်လည်း တည်တံ့လာ၏၊ မကုန်သေးသောအာသဝေါတရားတို့သည်လည်း ကုန်ခြင်းသို့ ရောက်ကုန်၏၊ မရောက်ဖူးသေးသည့် မြတ်သော ယောဂတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့လည်း ဆိုက်ရောက်၏။ ရဟန်းများ ခံယူသင့်ခံယူထိုက်သော အသက်၏အဆောက်အဦဖြစ်သော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးပစ္စည်းတို့သည်လည်း (ငြိုငြင်) ဆင်းရဲခြင်းမရှိဘဲ ဖြစ်ပေါ်ကုန်၏” ဟု ဆင်ခြင်သင့်၏။ ရဟန်းတို့ ထိုရဟန်းသည်အသက်ထက်ဆုံး ထိုပုဂ္ဂိုလ်ကို မှီတွယ်နေသင့်၏၊ နှင်ထုတ်ပင် နှင်ထုတ်စေကာမူမဖဲခွါသင့်ပေဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။
ခုနစ်ခုမြောက် ဝနပတ္ထသုတ်ပြီး၏။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source