How to Stop Thinking
Vitakkasaṇṭhāna Sutta
PDFGenerated
In a practical meditation teaching, the Buddha describes five different approaches to stopping thoughts.
Read the full discourse slowly and use the prebuilt MP3 for continuous listening.
Read here in the library
မဇ္ဈိမနိကာယ် ၁ဝ— ဝိတက္ကသဏ္ဌာနသုတ် ၂၁၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —
ရဟန်းတို့ လွန်ကဲသော (ဝိပဿနာအခြေခံဖြစ်သော သမာပတ်) စိတ်ကို အားထုတ်သော ရဟန်းသည် အကြောင်းငါးပါးတို့ကို ရံဖန်ရံခါ နှလုံးသွင်းရမည်။ အကြောင်းငါးပါးတို့ဟူသည် အဘယ်တို့နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အကြောင်းတစ်ခုခုကို စွဲယူနှလုံးသွင်းသော ရဟန်းအား ရာဂ ဒေါသမောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ဖြစ်ကုန်၏။ ရဟန်းတို့ထိုရဟန်းသည် ထိုအကြောင်းမှတစ်ပါး အခြားကုသိုလ်နှင့်ယှဉ်စပ်သော အကြောင်းကို နှလုံးသွင်းရမည်။ ထိုအကြောင်းမှတစ်ပါး အခြားကုသိုလ်နှင့်ယှဉ်စပ်သော အကြောင်းကို နှလုံးသွင်းသော ထိုရဟန်းအားရာဂ ဒေါသ မောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ထိုအကြံ အစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင် စိတ်သည်ကောင်း စွာတည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။
ရဟန်းတို့ ဥပမာသော်ကား လိမ္မာသော လက်သမားသည်လည်းကောင်း၊ လက်သမား၏ တပည့်သည်လည်းကောင်း သေးငယ်သော သပ် (စို့) ဖြင့် ကြီးသော သပ် (စို့) ကို ရိုက်ရာ၏၊ ထုတ်ဆောင်ရာ၏၊ လှုပ်ချွတ်ရာ၏။ ရဟန်းတို့ ဤအတူပင် အကြောင်းတစ်ခုခုကို စွဲ၍ နှလုံးသွင်းသော ရဟန်းအား ရာဂဒေါသ မောဟနှင့်ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ဖြစ်ကုန်၏။ ရဟန်းတို့ထိုရဟန်းသည် ထိုအကြောင်းမှတစ်ပါး အခြားကုသိုလ်နှင့်ယှဉ်စပ်သော အကြောင်းကို နှလုံးသွင်းရမည်။ ထိုအကြောင်းမှတစ်ပါး အခြားကုသိုလ် နှင့်ယှဉ်စပ်သော အကြောင်းကို နှလုံးသွင်းသော ထိုရဟန်းအားရာဂ ဒေါသ မောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ် အကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင် စိတ်သည် ကောင်းစွာတည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။ (၁)
၂၁၇။ ရဟန်းတို့ ထိုအကြောင်းမှတစ်ပါး အခြားကုသိုလ်နှင့်ယှဉ်စပ်သော အကြောင်းကို နှလုံးသွင်းသော ထိုရဟန်းအား ရာဂ ဒေါသ မောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သောအကုသိုလ်အကြံအစည်တို့သည် သာလျှင် အကယ်၍ ဖြစ်ကုန်ငြားအံ့။ ထိုရဟန်းသည် “ဤအကြောင်းကြောင့်လည်း ငါ၏ အကြံအစည်တို့ သည် အကုသိုလ်တို့ ဖြစ်ကုန်၏၊ ဤအကြောင်းကြောင့်လည်း ငါ၏အကြံအစည်တို့သည် အပြစ်နှင့်တကွ ဖြစ်ကုန်၏။ ဤအကြောင်းကြောင့်လည်း ငါ၏အကြံအစည်တို့သည် ဆင်းရဲကျိုးကို ပေးနိုင်ကုန်၏” ဟု ထိုအကြံအစည်တို့၏အပြစ်ကို စူးစမ်းဆင်ခြင်ရမည်။ ထိုအကြံအစည်တို့၏ အပြစ်ကို စူးစမ်းဆင်ခြင်သော ရဟန်းအား ရာဂ ဒေါသ မောဟနှင့်ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင်စိတ်သည် ကောင်းစွာတည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။
ရဟန်းတို့ ဥပမာသော်ကား ငယ်ရွယ်နုပျို၍ အလှအပပြုပြင်လေ့ရှိသော မိန်းမသည်လည်းကောင်း၊ ယောကျာ်းသည်လည်းကောင်း၊ မြွေကောင်ပုပ်ကိုသော်လည်းကောင်း၊ ခွေးကောင်ပုပ်ကိုသော်လည်းကောင်း၊ လူကောင်ပုပ်ကိုသော်လည်းကောင်း လည်ပင်း၌ ဆွဲလာမူငြီးငွေ့ရှက်နိုး စက်ဆုပ်ရာသကဲ့သို့၊ ရဟန်းတို့ဤအတူပင် ထိုအကြောင်းမှတစ်ပါး အခြားကုသိုလ်နှင့် ယှဉ်စပ်သော အကြောင်းကို နှလုံးသွင်းသော ထိုရဟန်းအား ရာဂ ဒေါသ မောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သောအကုသိုလ်အကြံအစည်တို့သည်သာလျှင် အကယ်၍ ဖြစ်ငြားအံ့၊ ထိုရဟန်းသည် “ဤအကြောင်းကြောင့်လည်း ငါ၏ အကြံအစည်တို့သည် အကုသိုလ်တို့ ဖြစ်ကုန်၏၊ ဤအကြောင်းကြောင့်လည်း ငါ၏ အကြံအစည်တို့သည် အပြစ်နှင့်တကွ ဖြစ် ကုန်၏၊ ဤအကြောင်းကြောင့်လည်း ငါ၏ အကြံအစည်တို့သည် ဆင်းရဲကျိုးကို ပေးနိုင်ကုန်၏” ဟု ထိုအကြံအစည်တို့၏ အပြစ်ကို စူးစမ်းဆင်ခြင်ရမည်။ ထိုအကြံအစည်တို့၏ အပြစ်ကို စူးစမ်းဆင်ခြင်သောရဟန်းအား ရာဂ ဒေါသ မောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင်စိတ်သည် ကောင်းစွာ တည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။ (၂)
၂၁၈။ ရဟန်းတို့ ထိုအကြံအစည်တို့၏ အပြစ်ကို စူးစမ်းဆင်ခြင်သော ရဟန်းအားလည်း ရာဂ ဒေါသမောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည်ပင်လျှင် အကယ်၍ ဖြစ်ကုန်ငြားအံ့။ ထိုရဟန်းသည် ထိုအကြံအစည်တို့ကို မအောက်မေ့ခြင်း နှလုံးမသွင်းခြင်းသို့ ရောက်ရမည်။ ထိုအကြံအစည်တို့ကို မအောက်မေ့ခြင်း နှလုံးမသွင်းခြင်းသို့ ရောက်သော ရဟန်းအား ရာဂ ဒေါသမောဟနှင့်ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ရောက်ကုန်၏၊ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင် စိတ်သည် ကောင်းစွာတည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။
ရဟန်းတို့ ဥပမာသော်ကား မျက်စိအမြင်ရှိသော ယောကျာ်းသည် ထင်လာသော အဆင်းတို့ကိုမမြင်လိုငြားအံ့၊ ထိုယောကျာ်းသည် မျက်စိမှိတ်သော်လည်း မှိတ်ထားရာ၏၊ တစ်ပါးသို့သော်လည်းလွှဲဖယ် ကြည့်ရာသကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ထိုအကြံအစည်တို့၏ အပြစ်ကို ဆင်ခြင်သောရဟန်းအားလည်း ရာဂ ဒေါသ မောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သောအကုသိုလ်အကြံအစည်တို့သည်ပင်လျှင် အကယ်၍ ဖြစ်ကုန်ငြားအံ့။ ထိုအကြံအစည်တို့သည်ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ထို အကြံအစည်တို့ကို ပယ်ခြင်းကြောင့်မိမိသန္တာန်၌သာလျှင် စိတ်သည် ကောင်းစွာ တည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။ (၃)
၂၁၉။ ရဟန်းတို့ ထိုအကြံအစည်တို့ကို မအောက်မေ့ခြင်း နှလုံးမသွင်းခြင်းသို့ ရောက်သော ရဟန်းအားလည်း ရာဂ ဒေါသ မောဟနှင့်ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ပင်လျှင်အကယ်၍ ဖြစ်ကုန်ငြားအံ့၊ ထိုရဟန်းသည် ထိုအကြံအစည်တို့၏ကြံစည်ကြောင်း၏ တည်ရာကိုနှလုံးသွင်းရမည်။ ထိုအကြံအစည်တို့၏ကြံစည်ကြောင်း၏ တည်ရာကို နှလုံးသွင်းသော ရဟန်းအားရာဂ ဒေါသ မောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင် စိတ်သည့်ကောင်းစွာ တည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။
ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် လျင်မြန်စွာ သွားရာ၏၊ ထိုယောကျာ်းအား “အဘယ့်ကြောင့် ငါသည် လျင်မြန်စွာ သွားရအံ့နည်း၊ ငါသည် ဖြည်းဖြည်း သွားရမူ ကောင်းပေမည်” ဟုစိတ်အကြံဖြစ်လျက် ဖြည်းဖြည်း သွားပြန်ရာ၏။ “အဘယ့်ကြောင့် ငါသည် ဖြည်းဖြည်း သွားရအံ့နည်း၊ ငါသည် ရပ်ရမူ ကောင်းပေမည်” ဟု စိတ်အကြံဖြစ်လျက် ရပ်ပြန်ရာ၏။ “အဘယ့်ကြောင့် ငါသည်ရပ်အံ့နည်း၊ ငါသည် ထိုင်ရမူ ကောင်းပေမည်” ဟု စိတ်အကြံဖြစ်လျက် ထိုင်ပြန်ရာ၏။ “အဘယ့်ကြောင့်ငါသည် ထိုင်ရအံ့နည်း၊ ငါသည် အိပ်ရမူ ကောင်းပေမည်” ဟု စိတ်အကြံဖြစ်လျက် ထိုယောကျာ်းသည်အိပ်ပြန်ရာ၏။ ဤသို့လျှင် ထိုယောကျာ်းသည် ရုန့်ရင်းရုန့်ရင်းသော ဣရိယာပုထ်ကို ကြဉ်၍ သိမ့်မွေ့သိမ်မွေ့သော ဣရိယာပုထ်ကို ပြုရာသကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ထိုအကြံအစည်တို့ကို မအောက်မေ့ခြင်း နှလုံးမသွင်းခြင်းသို့ ရောက်သော ရဟန်းအား ရာဂ ဒေါသ မောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည်ပင်လျှင် အကယ်၍ ဖြစ်ကုန်ငြားအံ့၊ ထိုအကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင်ကောင်းစွာ တည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။ (၄)
၂၂ဝ။ ရဟန်းတို့ ထိုအကြံအစည်တို့၏ကြံစည်ကြောင်း၏ တည်ရာကို နှလုံးသွင်းသော ရဟန်းအားလည်း ရာဂ ဒေါသ မောဟနှင့်ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည်ပင်လျှင် ဖြစ်ကုန်ငြားအံ့၊ ထိုရဟန်းသည် သွားတို့ဖြင့် သွားကို ကြိတ်၍ (အံကြိတ်၍)၊ လျှာဖြင့် အာစောက်ကိုထိလျက် (တောက်ခေါက်လျက်) စိတ်ဖြင့် စိတ်ကို ဖိနှိပ်ရမည်၊ ဖျစ်ညှစ်ရမည်၊ ပင်ပန်းစေရမည်။ သွားတို့ဖြင့် သွားကို ကြိတ်၍၊ လျှာဖြင့် အာစောက်ကိုထိလျက် စိတ်ဖြင့် စိတ်ကို နှိပ်သော ဖျစ်ညှစ်သောပင်ပန်းစေသော ရဟန်းအား ရာဂ ဒေါသ မောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့်မိမိသန္တာန်၌သာလျှင် စိတ်သည် ကောင်းစွာတည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသောအာရုံရှိ၏၊ တည်တံ့လေ၏။
ရဟန်းတို့ ဥပမာသော်ကား အားရှိသော ယောကျာ်းသည် အားနည်းသော ယောကျာ်းကို ဦးခေါင်း၌ဖြစ်စေ၊ လည်မျို၌ဖြစ်စေ၊ ပခုံး၌ဖြစ်စေ ကိုင်၍ ဖိနှိပ်ရာ၏၊ ဖျစ်ညှစ်ရာ၏၊ ပင်ပန်းစေရာ၏။ ဤအတူပင်ထိုအကြံအစည်တို့၏ကြံစည်ကြောင်း၏ တည်ရာကို နှလုံးသွင်းသော ရဟန်းအားလည်း ရာဂ ဒေါသမောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည်ပင်လျှင် အကယ်၍ဖြစ်ကုန်ငြားအံ့၊ ထိုရဟန်းသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့်စိတ်ကို ဖိနှိပ်ရမည်၊ ဖျစ်ညှစ်ရမည်၊ ပင်ပန်းစေရမည်။ သွားတို့ဖြင့် သွားကို ကြိတ်၍၊ လျှာဖြင့်အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်သော ဖျစ်ညှစ်သော ပင်ပန်းစေသော ရဟန်းအား ရာဂဒေါသ မောဟ နှင့် ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင် စိတ်သည်ကောင်းစွာ တည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။
၂၂၁။ ရဟန်းတို့ အကြင်အခါ၌ အကြောင်းတစ်ခုခုကို စွဲ၍ နှလုံးသွင်းသော ရဟန်းအား ရာဂ ဒေါသမောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ဖြစ်ကုန်ငြားအံ့၊ ထိုအကြောင်းမှတစ်ပါး အခြားကုသိုလ်နှင့်ယှဉ်စပ်သော အကြောင်းကို နှလုံးသွင်းသော ရဟန်းအား ရာဂဒေါသ မောဟနှင့်ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင် စိတ်သည်ကောင်းစွာတည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။
ထိုအကြံအစည်တို့၏ အပြစ်ကို စူးစမ်းဆင်ခြင်သော ရဟန်းအားလည်း ရာဂ ဒေါသ မောဟနှင့်ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ရောက်ကုန်၏၊ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင် စိတ်သည် ကောင်းစွာတည်၏၊ ကောင်း စွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။
ထိုအကြံအစည်တို့ကို မအောက်မေ့ခြင်း နှလုံးမသွင်းခြင်းသို့ ရောက်သော ရဟန်းအားလည်း ရာဂဒေါသ မောဟနှင့်ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင် စိတ်သည် ကောင်းစွာ တည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။
ထိုအကြံအစည်တို့၏ကြံစည်ကြောင်း၏ တည်ရာကို နှလုံးသွင်းသော ရဟန်းအားလည်း ရာဂ ဒေါသမောဟနှင့်ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ရောက်ကုန်၏၊ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင် စိတ်သည် ကောင်းစွာတည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။
သွားတို့ဖြင့် သွားကို ကြိတ်၍ (အံကြိတ်၍)၊ လျှာဖြင့် အာစောက်ကို ထိလျက် (တောက်ခေါက်လျက်) စိတ်ဖြင့် စိတ်ကို ဖိနှိပ်သော ဖျစ်ညှစ်သော ပင်ပန်းစေသော ရဟန်းအား ရာဂ ဒေါသ မောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့သည် ကင်းပျောက်ကုန်၏၊ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင် စိတ်သည် ကောင်းစွာ တည်၏၊ ကောင်းစွာငြိမ်ဝပ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ တည်တံ့လေ၏။
ရဟန်းတို့ ဤရဟန်းကို အကြံအစည်တို့၏ အလှည့်အားဖြင့်ဖြစ်သော လမ်းကြောင်းတို့၌ လေ့ကျက်ပြီးသော ရဟန်းဟု ခေါ်ဆိုထိုက်၏၊ အကြင်အကြံအစည်ကို အလိုရှိအံ့၊ ထိုအကြံအစည်ကိုကြံစည်လတ္တံ့။ အကြင် အကြံအစည်ကို အလိုမရှိအံ့၊ ထိုအကြံအစည်ကို မကြံစည်လတ္တံ့။ (ထိုရဟန်းသည်) တပ်မက်ခြင်းကို ဖြတ်ပြီးပြီ၊ နှောင်ဖွဲ့ခြင်း ‘သံယောဇဉ်’ ကို ဖြေပြီးပြီ၊ ကောင်းစွာ မာနကို သိ (မြင်ပယ်ရှား)ခြင်းကြောင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးဖြစ်လေပြီဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။
ဆယ်ခုမြောက် ဝိတက္ကသဏ္ဌာနသုတ်ပြီး၏။
နှစ်ခုမြောက် သီဟနာဒဝဂ်ပြီး၏။
ထိုသီဟနာဒဝဂ်၏ သုတ်အကျဉ်းချုပ်
စူဠသီဟနာဒသုတ်၊ မဟာသီဟနာဒသုတ်၊ မဟာဒုက္ခက္ခန္ဓသုတ်၊ စူဠ ဒုက္ခက္ခန္ဓသုတ်၊ အနုမာနသုတ်၊ စေတောခိလသုတ်၊ ဝနပတ္ထသုတ်၊ မဓု ပိဏ္ဍိကသုတ်၊ ဒွေဓာဝိတက္ကသုတ်၊ တစ်ဖန် ငါးပါးသောအကြောင်းတို့ကို ဆိုရာဖြစ်သော ဝိတက္ကသဏ္ဌာနသုတ်၊ ဤသို့ အကြင်ဒုတိယဝဂ်ကို ဟောတော်မူအပ်၏။ ဤသည်ကား ထိုဒုတိယဝဂ်၏ အကျဉ်းချုပ်တည်း။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source