LibraryMNMN 23
MN 237 min read

The Ant-Hill

Vammika Sutta

20
PDFGenerated
01 · Overview

In a curious discourse laden with evocative imagery, a deity presents a riddle to a mendicant, who seeks an answer from the Buddha.

02 · Reading guide

Read the full discourse slowly and use the prebuilt MP3 for continuous listening.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

မဇ္ဈိမနိကာယ် ၃— ဝမ္မိကသုတ် ၂၄၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အသျှင်ကုမာရကဿပသည် အန္ဓဝန်တော၌ နေလေ၏။ ထိုအခါနတ်သားတစ်ဦးသည် ညဉ့်ဦးယံလွန်ပြီးသော သန်းခေါင်အခါဝယ် တင့်တယ်သော အရေအဆင်းရှိသည်ဖြစ်၍ အန္ဓဝန်တော ပတ်ဝန်းကျင်ကို အရောင်ဖြန့်ကျင်း ထိန်လင်းစေလျက် အသျှင်ကုမာရကဿပထံသို့ချဉ်းကပ်၍ တစ်ခုသော အရပ်၌ ရပ်တည်ပြီးလျှင် ဤသို့ လျှောက်ထား၏ —

ရဟန်း ရဟန်း ဤတောင်ပို့သည် ညဉ့်၌ အခိုးလွှတ်၏၊ နေ့၌ တောက်ပ၏၊ ပုဏ္ဏားက “ပညာရှိဓားလက်နက်ကို ယူ၍ တူးလော့” ဟု ပြောဆို၏။ ပညာရှိသည် ဓားလက်နက်ကို ယူ၍ တူးသော် တံခါးကျင် (မင်းတုပ်) ကို တွေ့မြင်သဖြင့် “အသျှင် တံခါးကျင် (မင်းတုပ်) ပါတည်း” ဟု ပြောဆို၏။ ပုဏ္ဏားက “ပညာရှိ တံခါးကျင် (မင်းတုပ်) ကို ဖယ်ပစ်လော့၊ ဓားလက်နက်ကို ယူ၍ အဆင့်ဆင့် တူးလော့” ဟုပြောဆို၏။ ပညာရှိသည် ဓား လက်နက်ကို ယူ၍ အဆင့်ဆင့်တူးသော် ဖားကို တွေ့မြင်သဖြင် “အသျှင်ဖားပါတည်း” ဟု ပြောဆို၏။ ပုဏ္ဏားက “ပညာရှိ ဖားကို ဖယ်ပစ်လော့၊ ဓားလက်နက်ကို ယူ၍ အဆင့်ဆင့် တူးဦးလော့” ဟု ပြောဆို၏။ ပညာရှိသည် ဓားလက်နက်ကို ယူ၍ အဆင့်ဆင့်တူးသော် လမ်းနှစ်ခွကိုတွေ့မြင်သဖြင့် “အသျှင် လမ်းနှစ်ခွပါတည်း” ဟု ပြောဆို၏။ ပုဏ္ဏားက “ပညာရှိ လမ်းနှစ်ခွကို ဖယ်ပစ်လော့၊ ဓားလက်နက်ကို ယူ၍ အဆင့်ဆင့် တူးဦးလော့” ဟု ပြောဆို၏။ ပညာရှိသည် ဓားလက်နက်ကိုယူ၍ အဆင့်ဆင့်တူးသော် ဆပ်ပြာရေစစ်ကို တွေ့မြင်သဖြင့် “အသျှင် ဆပ်ပြာရေစစ်ပါတည်း” ဟု ပြောဆို၏။ ပုဏ္ဏားက “ပညာရှိ ဆပ်ပြာရေစစ်ကို ဖယ်ပစ်လော့၊ ဓားလက်နက်ကို ယူ၍ အဆင့်ဆင့် တူးဦးလော့” ဟု ပြောဆို၏။ ပညာရှိသည် ဓားလက်နက်ကို ယူ၍ အဆင့်ဆင့်တူးသော် လိပ်ကို တွေ့မြင်သဖြင့် “အသျှင် လိပ်ပါတည်း” ဟု ပြောဆို၏။ ပုဏ္ဏားက “ပညာရှိ လိပ်ကို ဖယ်ပစ်လော့၊ ဓားလက်နက်ကိုယူ၍ အဆင့်ဆင့် တူးဦးလော့” ဟု ပြောဆို၏။ ပညာရှိသည် ဓားလက်နက်ကို ယူ၍ အဆင့်ဆင့်တူးသော် သန်လျက်နှင့်စဉ်းတီးတုံးကို တွေ့မြင်သဖြင့် “အသျှင် သန်လျက်နှင့်စဉ်းတီးတုံးပါတည်း” ဟုပြောဆို၏။ ပုဏ္ဏားက “ပညာရှိ သန်လျက်နှင့်စဉ်းတီးတုံးကို ဖယ်ပစ်လော့၊ ဓားလက်နက်ကို ယူ၍အဆင့်ဆင့် တူးဦး လော့” ဟု ပြောဆို၏။

ပညာရှိသည် ဓားလက်နက်ကို ယူ၍ အဆင့်ဆင့်တူးသော် သားတစ်ကို တွေ့မြင်သဖြင့် “အသျှင်သားတစ်ပါတည်း” ဟု ပြောဆို၏။ ပုဏ္ဏားက “ပညာရှိ သားတစ်ကို ဖယ်ပစ်လော့၊ ဓားလက်နက်ကိုယူ၍ အဆင့်ဆင့် တူးဦးလော့” ဟု ပြောဆို၏။

ပညာရှိသည် ဓားလက်နက်ကို ယူ၍ အဆင့်ဆင့် တူးသော် နဂါးကို တွေ့မြင်သဖြင့် “အသျှင်နဂါးပါတည်း” ဟု ပြောဆို၏။ ပုဏ္ဏားက “နဂါးသည် တည်ရှိပေစေ၊ နဂါးကို မထိခိုက်လင့်၊ နဂါးအားရှိခိုးခြင်းကို ပြုလော့” ဟု ပြောဆို၏။

ရဟန်း သင်သည် ဤပြဿနာတို့ကို မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မေးလော့၊ သင့်အားမြတ်စွာဘုရားဖြေကြားတော်မူသည့်အတိုင်း ထိုအနက်ကို မှတ်သားလော့။

ရဟန်း မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သာဝကကိုလည်းကောင်း၊ ဤငါ့ အထံမှနာကြားဖူးသူကိုလည်းကောင်း ကြဉ်၍ စိတ်ကျေနပ်လောက်အောင် ဤပြဿနာကို ဖြေဆိုနိုင်မည့်သူ ကိုအောက် နတ်ပြည်နှင့်တကွ (အထက် ဝသဝတ္တီ) မာရ်နတ်ပြည်နှင့်တကွ (ရူပါဝစရ) ဗြဟ္မပြည်နှင့်တကွသော သြကာသ လောက၌လည်းကောင်း သမဏဗြာဟ္မဏနှင့်တကွ သမ္မုတိနတ်ဟုဆိုအပ်သော မင်းကြွင်းသော လူနှင့် တကွသော သတ္တလောက၌လည်းကောင်း ငါမတွေ့မြင်ဟု လျှောက်ထား၏။ ထိုနတ်သားသည် ဤပြဿနာစကားကို လျှောက်ထားပြီးနောက် ထိုအရပ်၌ပင် ကွယ်လေ၏။

၂၅ဝ။ ထိုအခါ အသျှင်ကုမာရကဿပသည် ထိုညဉ့်လွန်သော် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာရှိခိုးလျက် သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကာ—

“အသျှင်ဘုရား ဤညဉ့်၌ နတ်သားတစ်ဦးသည် ညဉ့်ဦးယံလွန်ပြီးသော သန်းခေါင်အခါဝယ် လှပတင့်တယ်သော အရေအဆင်းရှိသည်ဖြစ်၍ အန္ဓဝန်တော ပတ်ဝန်းကျင်ကို အရောင်ဖြန့်ကျင်း ထိန်လင်းစေလျက် တပည့်တော်ထံသို့ ချဉ်းကပ်၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ရပ်တည်ကာ ဤသို့ လျှောက်ထားပါ၏— ရဟန်း ရဟန်း ဤတောင်ပို့သည် ညဉ့်၌ အခိုးလွှတ်၏၊ နေ့၌ တောက်ပ၏၊ ပုဏ္ဏားက “ပညာရှိ ဓားလက်နက်ကို ယူ၍ တူးလော့” ဟု ဤသို့ ပြောဆို၏။ ပညာရှိသည် ဓားလက်နက်ကို ယူ၍တူးသော်။ပ။ ဤငါ့အထံမှ နာကြားဖူးသူကိုလည်းကောင်း။ပ။ ဟု ဤသို့ (လျှောက်ထားပါ၏)။ အသျှင်ဘုရား ထိုနတ်သားသည် ဤပြဿနာစကားကို လျှောက်ထားပြီးနောက် ထိုနေရာ၌ပင် ကွယ်ခဲ့ပါ၏။

အသျှင်ဘုရား တောင်ပို့ဟူသည် အဘယ်နည်း၊ ညဉ့်၌ အခိုးလွှတ်ခြင်းဟူသည် အဘယ်နည်း၊ နေ့၌တောက်ပခြင်းဟူသည် အဘယ်ပါနည်း၊ ပုဏ္ဏားဟူသည် အဘယ်ပါနည်း၊ ပညာရှိဟူသည် အဘယ်ပါနည်း၊ ဓားလက်နက်ဟူသည် အဘယ်ပါနည်း၊ အဆင့်ဆင့်တူးခြင်းဟူသည် အဘယ်ပါနည်း၊ တံခါးကျင် (မင်းတုပ်) ဟူသည် အဘယ်ပါနည်း၊ ဖားဟူသည် အဘယ်ပါနည်း၊ လမ်းနှစ်ခွဟူသည် အဘယ်ပါနည်း၊ ဆပ်ပြာရေစစ် ဟူသည် အဘယ်ပါနည်း၊ လိပ်ဟူသည် အဘယ်ပါနည်း၊ သန်လျက်နှင့်စဉ်းတီးတုံးဟူသည်အဘယ်ပါနည်း၊ သားတစ်ဟူသည် အဘယ်ပါနည်း၊ နဂါးဟူသည် အဘယ်ပါနည်း” ဟူ၍ လျှောက်၏။

၂၅၁။ ရဟန်း “တောင်ပို့” ဟူသော ဤအမည်သည် အမိအဖတို့၏ သုတ်သွေးကြောင့် ဖြစ်သောထမင်း မုယောမုန့်တို့ကြောင့် ကြီးပွါးသော မမြဲခြင်း ပွတ်သပ်ပေးရခြင်း ဆုပ်နယ်ပေးရခြင်းပြိုကွဲခြင်းပျက်စီးခြင်းသဘောရှိသော မဟာဘုတ်လေးပါးတို့ကြောင့် ဖြစ်သော ဤကိုယ်၏ အမည်တည်း။ (၁)

ရဟန်း နေ့က ပြုထားသော အမှုကို အာရုံပြု၍ ညဉ့်၌ကြံစည်၏၊ စဉ်းစား၏။ ဤကြံစည်စဉ်းစားခြင်းသည် ညဉ့်၌ အခိုးလွှတ်ခြင်းတည်း။

ရဟန်း ညဉ့်ကကြံစည်စဉ်းစား၍ နေ့၌ အမှုတိုကို ကိုယ် နှုတ် စိတ်အားဖြင့် အားထုတ်၏၊ ဤအားထုတ်ခြင်းသည် နေ့၌ တောက်ပခြင်းတည်း။ (၂— ၃)

ရဟန်း “ပုဏ္ဏား” ဟူသော ဤအမည်သည် ကိလေသာရန်သူကို (ပယ်) သတ်ပြီးသော (တရားအားလုံးကို) အလိုလို ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ အမည်တည်း။

ရဟန်း “ပညာရှိ” ဟူသော ဤအမည်သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်း၏ အမည်တည်း။ (၄— ၅)

ရဟန်၊ “ဓားလက်နက်” ဟူသော ဤအမည်သည် အရိယာမဂ်ပညာ၏ အမည်တည်း။

ရဟန်း “အဆင့်ဆင့်တူးခြင်း” ဟူသော ဤအမည်သည် လုံ့လအားထုတ်ခြင်း၏ အမည်တည်း။ (၆— ၇)

ရဟန်း “တံခါးကျင် (မင်းတုပ်)” ဟူသော ဤအမည်သည် မသိမှု ‘အဝိဇ္ဇာ’၏ အမည်တည်း။ တံခါးကျင် (မင်းတုပ်) ကို ဖယ်ပစ်လော့၊ မသိမှု ‘အဝိဇ္ဇာ’ ကို ပယ်စွန့်လော့၊ ပညာရှိ ဓားလက်နက်ကို ယူ၍အဆင့်ဆင့် တူးလော့ ဟူသော ဤဝါကျသည်ပင် ဤပြဿနာ၏ အနက်အဓိပ္ပါယ်တည်း။ (၈) ့ရဟန်း “ဖား” ဟူသော ဤအမည်ကား အားကြီးသော အမျက်ထွက်ခြင်း၏ အမည်တည်း။ ဖားကိုဖယ်ပစ်လော့၊ အားကြီးသော အမျက်ထွက်ခြင်းကို ပယ်စွန့်လော့၊ ပညာရှိ ဓားလက်နက်ကို ယူ၍ အဆင့်ဆင့်တူးလော့ ဟူသော ဤဝါကျသည်ပင် ဤပြဿနာ၏ အနက်အဓိပ္ပါယ်တည်း။ (၉)

ရဟန်း “လမ်းနှစ်ခွ” ဟူသော ဤအမည်သည် တွေးတောယုံမှားခြင်း၏ အမည်တည်း။ လမ်းနှစ်ခွကိုဖယ်ပစ်လော့၊ တွေးတောယုံမှားခြင်းကို ပယ်စွန့်လော့၊ ပညာရှိ ဓားလက်နက်ကို ယူ၍ အဆင့်ဆင့်တူးဦး လော့ဟူသော ဤဝါကျသည်ပင် ဤပြဿနာ၏ အနက်အဓိပ္ပါယ်တည်း။ (၁ဝ)

ရဟန်း “ဆပ်ပြာရေစစ်” ဟူသော ဤအမည်သည် ကာမ၌ လိုချင်ခြင်း ဟူသော အပိတ်အပင်, ပျက်စီးစေလိုမှုဟူသော အပိတ်အပင်, ထိုင်းမှိုင်းခြင်းဟူသော အပိတ်အပင်, ပျံ့လွင့်ခြင်း နောင်တရခြင်း ဟူသောအပိတ်အပင်, တွေးတောယုံမှားခြင်းဟူသော အပိတ်အပင်ဟူသော ဤအပိတ်အပင် ငါးမျိုးတို့၏ အမည်တည်း။ ဆပ်ပြာရေစစ်ကို ဖယ်ပစ်လော့၊ အပိတ်အပင် ငါးမျိုးတို့ကို ပယ်စွန့်လော့၊ ပညာရှိ ဓားလက်နက်ကို ယူ၍ အဆင့်ဆင့် တူးလော့ဟူသော ဤဝါကျသည်ပင် ဤပြဿနာ၏ အနက်အဓိပ္ပါယ် တည်း။ (၁၁)

ရဟန်း “လိပ်” ဟူသော ဤအမည်သည် ရုပ်ဟူသော စွဲယူအပ်သော ခန္ဓာ၊ ခံစားခြင်းဟူသောစွဲယူအပ်သော ခန္ဓာ၊ မှတ်သားခြင်းဟူသော စွဲယူအပ်သော ခန္ဓာ၊ ပြုပြင်စီရင်မှုဟူသော စွဲယူအပ်သောခန္ဓာ၊ အထူးသိမှု ဟူသော စွဲယူအပ်သော ခန္ဓာဟူသော ဤစွဲယူအပ်သော ခန္ဓာငါးပါးတို့၏ အမည်တည်း။ လိပ်ကို ဖယ်ပစ်လော့၊ စွဲယူအပ်သော ခန္ဓာငါးပါးတို့ကို ပယ်စွန့်လော့၊ ပညာရှိ ဓားလက်နက်ကို ယူ၍အဆင့်ဆင့် တူးဦးလော့ ဟူသော ဤဝါကျသည်ပင် ဤပြဿနာ၏ အနက်အဓိပ္ပါယ်တည်း။ (၁၂)

ရဟန်း “သန်လျက်နှင့်စဉ်းတီတုံး” ဟူသော ဤအမည်သည် အလိုရှိအပ် နှစ်သက်အပ် စိတ်ကိုဆွဲဆောင်တတ်ကုန်သော ချစ်အပ်သော သဘောရှိကုန်သော ကာမရာဂနှင့်စပ်ယှက် တပ်မက်အပ်ကုန်သောစက္ခုဝိညာဏ်ဖြင့် အထူးသိအပ်ကုန်သော အဆင်း။ပ။ သောတဝိညာဏ်ဖြင့် အထူးသိအပ်ကုန်သော အသံ။ပ။ ဃာနဝိညာဏ်ဖြင့် အထူးသိအပ်ကုန်သော အနံ့။ပ။ ဇိဝှါဝိညာဏ်ဖြင့် အထူးသိအပ်ကုန်သော အရသာ။ အလိုရှိအပ် နှစ်သက်အပ် စိတ်ကို ဆွဲဆောင်တတ်ကုန်သော ချစ်အပ်သော သဘောရှိကုန်သောကာမ ရာဂနှင့်စပ်ယှက် တပ်မက်အပ်ကုန်သော ကာယဝိညာဏ်ဖြင့် အထူးသိအပ်ကုန်သော အတွေ့အထိဟူကုန် သော ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။ သန်လျက်နှင့်စဉ်းတီတုံးကို ဖယ်ပစ်လော့၊ ကာမဂုဏ်ငါးပါးတို့ကို ပယ်စွန့်လော့၊ ပညာရှိ ဓားလက်နက်ကို ယူ၍ အဆင့်ဆင့် တူးဦးလော့ဟူသောဤဝါကျသည်ပင် ဤပြဿနာ၏ အနက်အဓိပ္ပါယ်တည်း။ (၁၃)

ရဟန်း “သားတစ်” ဟူသော ဤအမည်သည် နှစ်သက်တပ်စွန်းခြင်း ‘နန္ဒိရာဂ’၏ အမည်တည်း။ သားတစ်ကို ဖယ်ပစ်လော့၊ နှစ်သက်တပ်စွန်းခြင်း ‘နန္ဒိရာဂ’ကို ပယ်စွန့်လော့၊ ပညာရှိ ဓားလက်နက်ကိုယူ၍ အဆင့်ဆင့်တူးဦးလော့ ဟူသော ဤဝါကျသည်ပင် ဤပြဿနာ၏ အနက်အဓိပ္ပါယ်တည်း။ (၁၄)

ရဟန်း “နဂါး” ဟူသော ဤအမည်သည် ရဟန္တာဖြစ်သော ရဟန်း၏ အမည်တည်း။ နဂါးသည်တည်ရှိပါစေ၊ နဂါးကို မထိခိုက်လင့်၊ နဂါးအား ရှိခိုးခြင်းကို ပြုလော့ ဟူသော ဤဝါကျ၏ အနက်အဓိပ္ပါယ်ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ (၁၅)

မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏။ အသျှင်ကုမာရကဿပသည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်စွာ ခံယူလေသတည်း။

သုံးခုမြောက် ဝမ္မိကသုတ်ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection