LibraryMNMN 33
MN 3315 min read

The Longer Discourse on the Cowherd

Mahāgopālaka Sutta

20
PDFGenerated
01 · Overview

For eleven reasons a cowherd is not able to properly look after a herd. The Buddha compares this to the spiritual growth of a mendicant.

02 · Reading guide

Read the full discourse slowly and use the prebuilt MP3 for continuous listening.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

မဇ္ဈိမနိကာယ် ၃— မဟာဂေါပါလကသုတ် ၃၄၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏ —

ရဟန်းတို့ အဂ,ါတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွားအုပ်ကို စောင့် ထိန်းရန်တိုးပွားအောင်ပြုရန် မစွမ်းနိုင်ပေ။ အဘယ် တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ— ရဟန်းတို့ ဤ လောက၌နွားကျောင်းသားသည် ရုပ်အဆင်းကို မသိပေ၊ အမှတ်လက္ခဏာ၌လည်း မလိမ္မာပေ၊ အနာ၌ ယင်ချေးဥတိုးပွါးသည်ကိုလည်း မပယ်ဖျောက်ပေ၊ အနာကိုလည်း ဆေးထည့်ပြီး မဖုံးလွှမ်းပေ၊ မီးခိုးကိုလည်းမပြုပေ၊ ရေဆိပ်ကိုလည်း မသိပေ၊ ရေသောက်ပြီးသည် မပြီးသည်ကိုလည်း မသိပေ၊ လမ်းခရီးကိုလည်းမသိပေ၊ ကျက်စားရာ စားကျက်၌လည်း မလိမ္မာပေ၊ နို့ကိုလည်း အကြွင်းမဲ့ညှစ်ပေ၏၊ နွားတို့၏ အဖနွားတို့၏ ဦးစီးဖြစ်သော နွားလားဥသဘတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့်လည်း မပူဇော်ပေ။ ရဟန်းတို့ ဤအဂ,ါတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွားအုပ်ကို စောင့်ထိန်းရန်တိုးပွားအောင် ပြုရန် မစွမ်းနိုင်ပေ။

ရဟန်းတို့ ဤအတူပင် တရားတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤသာသနာတော်၌ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် မစွမ်းနိုင်ပေ။ အဘယ်တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်အဆင်းကိုလည်း မသိပေ၊ အမှတ်လက္ခဏာ၌လည်း မလိမ္မာပေ၊ အနာ၌ ယင်ချေးဥ တိုးပွါးသည်ကိုလည်း မပယ်ဖျောက်ပေ၊ အနာကိုလည်း ဆေးထည့်ပြီး မဖုံးလွှမ်းပေ၊ မီးခိုးကိုလည်း မပြုပေ၊ ရေဆိပ်ကိုလည်း မသိပေ၊ ရေသောက်ပြီးသည် မပြီးသည်ကိုလည်း မသိပေ၊ လမ်းခရီးကိုလည်း မသိပေ၊ ကျက်စားရာ စားကျက်၌လည်း မလိမ္မာပေ၊ နို့ကိုလည်းအကြွင်းမဲ့ ညှစ်ပေ၏၊ ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကိုလည်း လွန်မြတ်သော ပူဇော်ခြင်းဖြင့် မပူဇော်ပေ။

၃၄၇။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ရုပ်အဆင်းကို မသိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးကို စွဲ၍ဖြစ်သော ‘ဥပါဒါ’ ရုပ်ဟူသော ရုပ်အားလုံးကို” အမှန်အတိုင်း ခွဲခြား၍ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရုပ်ကိုမသိပေ။ (၁)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အမှတ်လက္ခဏာ၌ မလိမ္မာသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “လူမိုက်ဟူသည် မကောင်းမှုသာလျှင် မှတ်ကြောင်းရှိ၍ လူလိမ္မာဟူသည်ကောင်းမှုသာလျှင် မှတ်ကြောင်းရှိ၏” ဟု အမှန်အတိုင်း ခွဲခြား၍ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အမှတ်လက္ခဏာ၌ မလိမ္မာပေ။ (၂)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အနာ၌ ယင်ချေးဥ တိုးပွါးသည်ကို မပယ်ဖျောက်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဂုဏ်၌ကြံစည်ခြင်း ‘ကာမဝိတက်’ ကိုလက်ခံ၏၊ မပယ်စွန့်၊ မပယ်ဖျောက်၊ မပယ်ဖျက်၊ မရှိခြင်းသို့ မရောက်စေ။ ဖြစ်ပေါ်လာသော ပျက်စီးစေရန်ကြံစည်ခြင်း ‘ဗျာပါဒဝိတက်’ ကို။ပ။ ဖြစ်ပေါ်လာသော ညှဉ်းဆဲရန်ကြံစည်ခြင်း ‘ဝိဟိ ံသာဝိတက်’ကို။ပ။ ဖြစ်တိုင်း ဖြစ်တိုင်းသော အကုသိုလ်တရားယုတ်တို့ကို လက်ခံ၏၊ မပယ်စွန့်၊ မပယ်ဖျောက်၊ မပယ် ဖျက်၊ မရှိခြင်းသို့ မရောက်စေ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာ၌ ယင်ချေးဥတိုးပွါးသည်ကို မပယ်ဖျောက်ပေ။ (၃)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အနာကို ဆေးထည့်ပြီး မဖုံးလွှမ်းသနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောကျာ်း မိန်းမဟူသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်ခြေ စသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့ရှိ၏၊ အကြင် အကြောင်းကြောင့်စက္ခုန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈ ာ‘ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟုဆိုအပ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ မပြုကျင့်၊ စက္ခုန္ဒြေကို မစောင့်ရှောက်၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့မရောက်။

နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ပ။ လျှာဖြင့် ရသာရုံကို လျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောကျာ်း မိန်းမဟူသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့ရှိ၏၊ အကြင်အကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈ ာ‘ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ မပြုကျင့်၊ မနိန္ဒြေကို မစောင့်ရှောက်၊ မနိန္ဒြေ၌စောင့်စည်းခြင်းသို့ မရောက်။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာကို ဆေးထည့်ပြီး မဖုံးလွှမ်းပေ။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မီးခိုးကို မပြုသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် နာကြားသင်ယူထားသည့်အတိုင်း တရားကို အကျယ်အားပြင့် သူတစ်ပါးကို မဟောကြား။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (တရားဟောခြင်းဟူသော) မီးခိုးကို မပြုပေ။ (၅)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရေဆိပ်ကို မသိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် အကြားအမြင်များကုန်သော ပါဠိတော်ကို နှုတ်ငုံဆောင်ကုန်သော ဓမ္မဝိနယကို ဆောင်ကုန်သော ပါတိမောက်ကို ဆောင်ကုန်သော ရဟန်းတို့သို့ အခါအားလျော်စွာ ချဉ်းကပ်၍ “အသျှင်ဘုရားဤသဒ္ဒါကား အဘယ်သို့နည်း၊ ဤသဒ္ဒါ၏ အနက်ကား အဘယ်သို့နည်း” ဟု ပါဠိအဋ္ဌကထာကို မမေးမြန်း။ ထိုရဟန်းအား ထိုအသျှင်တို့သည် မပွင့်သော အရာကိုလည်း မဖွင့်ပြကုန်၊ မပေါ်လွင်သောအရာကိုလည်း ပေါ်လွင်အောင် မပြုကုန်၊ များစွာကုန်သော ယုံမှားရာ (ဌာန) တရားတို့၌လည်း ယုံမှားမှုကိုမပယ်ဖျောက်ကြကုန်။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရေဆိပ်ကို မသိပေ။ (၆)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရေသောက်ပြီးသည် မပြီးသည်ကို မသိသနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယ ‘သာသနာတော်’ ကိုဟောကြားသော် (အနက် အဓိပ္ပါယ်) အကျိုး၌ သိသော ဉာဏ်ကို မရ၊ (ပါဠိ သဒ္ဒါ စကား) အကြောင်း၌သိသော ဉာဏ်ကို မရ၊ တရားနှင့်စပ်သော ဝမ်းမြောက်ခြင်းကို မရ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်ရေသောက်ပြီးသည် မပြီးသည်ကို မသိပေ။ (၇)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လမ်းခရီးကို မသိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် ဖြူစင်သော အဂ,ါရှစ်ပါးရှိသော မဂ်ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် လမ်းခရီးကို မသိပေ။ (၈)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကျက်စားရာ စားကျက်၌ မလိမ္မာသနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ကျက်စားရာ စားကျက်၌ မလိမ္မာပေ။ (၉)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နို့ရည်ကို အကြွင်းမဲ့ ညှစ်တတ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းကို သဒ္ဓါတရားရှိသော ဒါယကာတို့က ရှေးရှုဆောင်၍ ဖိတ်ကြားလာသောသင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ပစ္စည်းတို့၌ ရဟန်းသည့်ခံယူခြင်းငှါ အတိုင်းအရှည်ကို မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နို့ရည်ကို အကြွင်းမဲ့ညှစ်တတ်သည် မည်ပေ၏။ (၁ဝ)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့် မပူဇော်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်ကြသော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သောထေရ်ကြီးရဟန်းတို့၌ ကာယကံမေတ္တာကို မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း မဖြစ်စေ။ ဝစီကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း မဖြစ်စေ။ မနောကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း မဖြစ်စေ။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက် ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့် မပူဇော်ပေ။ (၁၁)

ရဟန်းတို့ ဤတရားတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် သာသနာတော်၌ကြီးပွားခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် မစွမ်းနိုင်။

၃၄၈။ ရဟန်းတို့ အဂ,ါတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွားအုပ်ကိုစောင့်ထိန်းရန် တိုးပွားအောင် ပြုရန် စွမ်းနိုင်၏။ အဘယ် တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ နွားကျောင်းသားသည် ရုပ်အဆင်းကို သိပေ၏၊ အမှတ်လက္ခဏာ၌လည်း လိမ္မာပေ၏၊ အနာ၌ယင်ချေးဥ တိုးပွါးသည်ကိုလည်း ပယ်ဖျောက်ပေ၏၊ အနာကိုလည်း ဆေးထည့်ပြီး ဖုံးလွှမ်းပေ၏၊ မီးခိုးကိုလည်း ပြုပေ၏၊ ရေဆိပ်ကိုလည်း သိပေ၏၊ ရေသောက်ပြီးသည် မပြီးသည်ကိုလည်း သိပေ၏၊ လမ်းခရီးဟုတ် မဟုတ်ကိုလည်း သိပေ၏၊ ကျက်စားရာ စားကျက်၌လည်း လိမ္မာပေ၏၊ (နို့ရည်ကို) အကြွင်း ထား၍ ညှစ်ပေ၏၊ နွားတို့၏အဖ နွားတို့၏ ဦးစီးဖြစ်သော နွားလားဥသဘတို့ကို လွန်ကဲသောပူဇော်ခြင်းဖြင့်လည်း ပူဇော်ပေ၏။ ရဟန်းတို့ ဤအဂ,ါတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသောနွားကျောင်းသား သည် နွားအုပ်ကို စောင့်ထိန်းရန် တိုးပွားအောင်ပြုရန် စွမ်းနိုင်ပေ၏။

ရဟန်းတို့ ဤအတူပင်လျှင် တရားတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤသာသနာတော်၌ ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် စွမ်းနိုင်ပေ၏။ အဘယ် တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်အဆင်းကို သိပေ၏၊ အမှတ်လက္ခဏာ၌လည်း လိမ္မာ၏၊ အနာ၌ ယင်ချေးဥ တိုးပွါးသည်ကိုလည်း ပယ်ဖျောက်ပေ၏၊ အနာကိုလည်း ဆေးထည့်ပြီး ဖုံးလွှမ်းပေ၏၊ မီးခိုးကိုလည်း ပြုပေ၏၊ ရေဆိပ်ကိုလည်း သိပေ၏၊ ရေသောက်ပြီးသည် မပြီးသည်ကိုလည်း သိပေ၏၊ လမ်းခရီးဟုတ်မဟုတ်ကိုလည်း သိပေ၏၊ ကျက်စားရာ စားကျက်၌လည်းလိမ္မာပေ၏၊ နို့ရည်ကိုလည်း အကြွင်းထား၍ ညှစ်ပေ၏၊ ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သောသံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကိုလည်း လွန်ကဲသော ပူဇော်ခြင်းဖြင့် ပူဇော်ပေ၏။

၃၄၉။ ရဟန်းတို့ အဘယ်သို့လျှင် ရုပ်အဆင်းကို သိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် “မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးကို စွဲ၍ဖြစ်သော ‘ဥပါဒါရုပ်’ဟူသော ရုပ်အားလုံးကို” အမှန်အတိုင်း ခွဲခြား၍ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရုပ်အဆင်းကို သိပေ၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အမှတ်လက္ခဏာ၌ လိမ္မာသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “သူမိုက်ဟူသည် မကောင်းမှုသာလျှင် မှတ်ကြောင်းရှိ၍ လူလိမ္မာဟူသည်ကောင်းမှုသာလျှင် မှတ်ကြောင်းရှိ၏” ဟု အမှန်အတိုင်း ခွဲခြား၍ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အမှတ်လက္ခဏာ၌ လိမ္မာ၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနာ၌ ယင်ချေးဥ တိုးပွါးသည်ကို ပယ်ဖျောက်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဂုဏ်၌ကြံစည်ခြင်း့ ‘ကာမဝိတက်’ ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ပယ်ဖျက်၏၊ မရှိခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ပျက်စီး စေရန်ကြံစည်ခြင်း ‘ဗျာပါဒဝိတက်’ကို။ပ။ ဖြစ်ပေါ်လာသော ညှဉ်းဆဲရန်ကြံစည်ခြင်း ‘ဝိဟိံသာဝိတက်’ ကို။ပ။ ဖြစ်တိုင်း ဖြစ်တိုင်းသော အကုသိုလ်တရားယုတ်တို့ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ပယ်ဖျက်၏၊ မရှိခြင်းသို့ ရောက်စေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်အနာ၌ ယင်ချေးဥ တိုးပွါး သည်ကို ပယ်ဖျောက်ပေ၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနာကို ဆေးထည့်ပြီး ဖုံးလွှမ်းသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောကျာ်းမိန်းမဟူသော) အမှတ်နိမိတ်ကိုစွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်တို့ကို စွဲယူလေ့မရှိ၊ အကြင်အကြောင်းကြောင့်စက္ခုန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈ ာ‘နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည်အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေ ကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။

နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ပ။ လျှာဖြင့် ရသာရုံကိုလျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောကျာ်းမိန်းမဟူသော) အမှတ်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင်အကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈ ာ‘ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာကို ဆေးထည့်ပြီး ဖုံးလွှမ်းပေ၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းတို့သည် မီးခိုးကို ပြုသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် နာကြားသင်ယူထားသည့်အတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟောကြား၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (တရားဟောခြင်းဟူသော) မီးခိုးကို ပြုပေ၏။ (၅)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရေဆိပ်ကို သိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် အကြားအမြင်များကုန်သော ပါဠိတော်ကို နှုတ်ငုံဆောင်ကုန်သော ဓမ္မဝိနယကို ဆောင်ကုန်သော ပါတိမောက်ကို ဆောင်ကုန်သော ရဟန်းတို့သို့ အခါအားလျော်စွာ ချဉ်းကပ်၍ “အသျှင်ဘုရား ဤသဒ္ဒါကား အဘယ်သို့နည်း၊ ဤသဒ္ဒါ၏ အနက်ကား အဘယ်နည်း” ဟု ပါဠိအဋ္ဌကထာကို မေးမြန်း၏။ ထိုရဟန်းအား ထိုအသျှင်တို့သည် မပွင့်သော အရာကိုလည်း ဖွင့်ပြကုန်၏၊ မပေါ်လွင်သောအရာကိုလည်း ပေါ်လွင်အောင် ပြုကုန်၏၊ များပြားသော ယုံမှားရာတရားတို့၌ ယုံမှားမှုကိုပယ်ဖျောက်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရေဆိပ်ကို သိပေ၏။ (၆)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရေသောက်ပြီးသည် မပြီးသည်ကို သိသနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယ ‘သာသနာတော်’ ကိုဟောကြားသော် (အနက်အဓိပ္ပါယ်) အကျိုး၌ သိသော ဉာဏ်ကို ရ၏၊ (ပါဠိ သဒ္ဒါ စကား) အကြောင်း၌သိသော ဉာဏ်ကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်ခြင်းကို ရ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရေသောက်ပြီးသည် မပြီးသည်ကို သိပေ၏။ (၇)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လမ်းခရီးဟုတ် မဟုတ်ကို သိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြူစင်သော အဂ,ါရှစ်ပါးရှိသော မဂ်ကို အမှန်အတိုင်း ခွဲခြား၍ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လမ်းခရီးဟုတ် မဟုတ်ကို သိပေ၏။ (၈) ့ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကျက်စားရာ စားကျက်၌ လိမ္မာသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို အမှန်အတိုင်း ခွဲခြား၍သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကျက်စားရာ စားကျက်၌ လိမ္မာပေ၏။ (၉)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နို့ရည်ကို အကြွင်းထား၍ ညှစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းကို သဒ္ဓါတရားရှိသော ဒါယကာတို့က ရှေးရှုဆောင်၍ ဖိတ်ကြားလာသောသင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ပစ္စည်းတို့၌ ရဟန်းသည်ခံယူခြင်းငှါ အတိုင်းအရှည်ကို သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နို့ရည်ကို အကြွင်းထား၍ညှစ်သည် မည်ပေ၏။ (၁ဝ)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့် ပူဇော်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သောထေရ်ကြီးရဟန်းတို့၌ ကာယကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်းရှေးရှုဖြစ်စေ၏။ ဝစီကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုဖြစ်စေ၏။ မနောကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုဖြစ်စေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီး ဖြစ်ကုန်သော ထေရ်ကြီးရဟန်းတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့် ပူဇော်ပေ၏။ (၁၁)

ရဟန်းတို့ ဤတရားတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် သာသနာတော်၌ ကြီးပွားခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် စွမ်းနိုင်၏ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ ဟောကြားတော်မူအပ်သော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။

သုံးခုမြောက် မဟာဂေါပါလကသုတ်ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection