LibraryMNMN 34
MN 347 min read

The Shorter Discourse on the Cowherd

Cūḷagopālaka Sutta

20
PDFGenerated
01 · Overview

Drawing parallels with a cowherd guiding his herd across a dangerous river, the Buddha presents the various kinds of enlightened disciples who cross the stream of transmigration.

02 · Reading guide

Read the full discourse slowly and use the prebuilt MP3 for continuous listening.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

မဇ္ဈိမနိကာယ် ၄— စူဠဂေါပါလကသုတ် ၃၅ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ဥက္ကစေလမြို့ ဂင်္ဂါမြစ်ကမ်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့မိန့်ကြားတော်မူ၏ —

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား မဂဓတိုင်းသား ပညာဓာတ်ခံမဲ့သော နွားကျောင်းသားသည်မိုးဥတုတို့၏ နောက်ဆုံးဖြစ်သော တန်ဆောင်မုန်းလ အချိန်အခါ၌ ဂင်္ဂါမြစ်၏ ဤမှာ ဘက်ကမ်းကိုလည်းမစူးစမ်း မဆင်ခြင်ဘဲ ထိုမှာ ဘက်ကမ်းကိုလည်း မစူးစမ်းမဆင်ခြင်ဘဲ ဆိပ်ကမ်းမဟုတ်ရာ အရပ်ဖြင့်သာလျှင် မြောက်ဘက်ကမ်း ဝိဒေဟတိုင်းသို့ နွားတို့ကို ကူးမြောက်စေ၏။ ရဟန်းတို့ ထိုအခါ နွားတို့သည်ဂင်္ဂါမြစ်၏ အလယ်ရေအယဉ်၌ ချာချာလည်၍ ထိုရေအယဉ်၌သာလျှင် အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်ကုန်၏။ ထိုသို့ ပျက်စီးခြင်းသို့ ရောက်ရခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုမဂဓတိုင်းသားပညာဓာတ်ခံမဲ့သော နွားကျောင်းသားသည် မိုးဥတုတို့၏ နောက်ဆုံးဖြစ်သော တန်ဆောင်မုန်းလ အချိန်အခါ၌ ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းကိုလည်း မစူးစမ်း မဆင်ခြင်ဘဲ ထိုမှာဘက်ကမ်းကိုလည်း မစူးစမ်းမဆင်ခြင်ဘဲ ဆိပ်ကမ်းမဟုတ်ရာအရပ်ဖြင့်သာလျှင် မြောက်ဘက်ကမ်း ဝိဒေဟတိုင်းသို့ နွားတို့ကို ကူးစေ့သောကြောင့်တည်း။

ရဟန်းတို့ ဤအတူပင်လျှင် ဤလောက၌ မလိမ္မာကုန်သော တမလွန်လောက၌ မလိမ္မာကုန်သောမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ မလိမ္မာကုန်သော မာရ်၏တည်ရာမဟုတ်ရာ (လောကုတ္တရာတရား) ၌မလိမ္မာကုန်သော သေခြင်းမစ္စုမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ မလိမ္မာကုန်သော သေခြင်းမစ္စုမာရ်၏တည်ရာ မဟုတ်ရာ (လောကုတ္တရာတရား) ၌ မလိမ္မာကုန်သော သမဏဗြာဟ္မဏအချို့တို့၏ (စကားကို) နာယူထိုက်၏၊ ယုံကြည်ထိုက်၏ဟု ထင်မှတ်နေသူများအား ထိုသို့ ထင်မှတ်ခြင်းသည် ရှည်ကြာစွာသောကာလပတ်လုံး စီးပွားမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့။

၃၅၁။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား မဂဓတိုင်းသား ပညာဓာတ်ခံရှိသော နွားကျောင်းသား သည်မိုးဥတုတို့၏ နောက်ဆုံးဖြစ်သော တန်ဆောင်မုန်းလအခါ၌ ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းကိုလည်းစူးစမ်းဆင်ခြင်၍ ထိုမှာဘက်ကမ်းကိုလည်း စူးစမ်းဆင်ခြင်၍ ဆိပ်ကမ်းဖြင့်သာလျှင် မြောက်ဘက်ကမ်းဝိဒေဟတိုင်းသို့ နွားတို့ကို ကူးစေ၏၊ ထိုနွားကျောင်းသားသည် နွားတို့၏ အဖ နွားတို့၏ ဦးစီးဖြစ်သောနွားလားဥသဘတို့ကို ရှေးဦးစွာ ကူးမြောက်စေ၏၊ ထိုနွားလားဥသဘတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။ ထို့နောက် အခြား အားကောင်းသော နွားနှင့်နွားသိုးတို့ကို ကူးမြောက်စေပြန်၏၊ ထိုနွားတို့သည်လည်း ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။ ထို့နောက် အခြားနွားပေါက်နှင့် နွားမတန်းတို့ကို ကူးမြောက်စေပြန်၏၊ ထိုနွားတို့သည်လည်း ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကိုဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။ ထို့နောက် အခြားနွားငယ်ကလေးတို့ကိုလည်းကောင်း၊ ပိန်ကြုံအားနည်းသော နွားတို့ကိုလည်းကောင်း ကူးမြောက်စေပြန်၏၊ ထိုနွားတို့သည်လည်းဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား ထိုနေ့ပေါက်ဖွားသည့် နုနယ်လှသော နွားသားငယ်သည် အမိနွားမ၏ ရှူးရှူးအသံဟူသော အမှတ်သညာဖြင့် မျှောကူး၏၊ ထိုနွားသားငယ်သည်လည်း ဖီလာကန့်လန့်ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။ ထိုသို့ရောက်ခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုမဂဓတိုင်းသား ပညာဓာတ်ခံရှိသော နွားကျောင်းသားသည် မိုးဥတုတို့၏ နောက်ဆုံးဖြစ်သော တန်ဆောင်မုန်းလအခါ၌ ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းကိုလည်း စူးစမ်းဆင်ခြင်၍ထိုမှာဘက်ကမ်းကိုလည်း စူးစမ်းဆင်ခြင်၍ ဆိပ်ကမ်းဖြင့်သာလျှင် မြောက်ဘက်ကမ်း ဝိဒေဟတိုင်းသို့ နွားတို့ကို ကူးမြောက်စေသောကြောင့်တည်း။

ရဟန်းတို့ ဤအတူပင်လျှင် ဤလောက၌ လိမ္မာကုန်သော တမလွန်လောက၌ လိမ္မာကုန်သောမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ လိမ္မာကုန်သော မာရ်၏တည်ရာမဟုတ်ရာ (လောကုတ္တရာတရား) ၌လိမ္မာကုန်သော သေခြင်းမစ္စုမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ လိမ္မာကုန်သော သေခြင်းမစ္စုမာရ်၏တည်ရာမဟုတ်ရာ (လောကုတ္တရာတရား) ၌ လိမ္မာကုန်သော သမဏဗြာဟ္မဏ အချို့တို့၏ စကားကို နာယူထိုက်၏၊ ယုံကြည်ထိုက်၏ဟု ထင်မှတ်နေသော သူများအား ထိုသို့ ထင်မှတ်ခြင်းသည် ရှည်ကြာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

၃၅၂။ ရဟန်းတို့ ဥပမာသော်ကား နွားတို့၏အဖ နွားတို့၏ ဦးစီးဖြစ်ကုန်သော နွားလားဥသဘတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်သကဲ့သို့ ဤအတူပင်လျှင် ပူဇော်အထူးကို ခံထိုက်ကုန်သော အာသဝေါတရားကုန်ပြီးကုန်သော (မဂ်အကျင့်ကို) ကျင့်သုံးပြီးကုန်သော မဂ်ကိစ္စကို ပြုပြီးကုန်သော ဝန်ကို ချပြီးကုန်သော မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးကုန်သော ဘဝသံယောဇဉ်ကုန်ပြီးကုန်သော ကောင်းစွာသိ၍ လွန်မြောက်ပြီးကုန်သော ရဟန်းတို့သည် ဖီလာကန့်လန့် (ခန္ဓ) မာရ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာ့ဘက်ကမ်း ‘နိဗ္ဗာန်’သို့ ရောက်ကုန်၏။

ရဟန်းတို့ ဥပမာသော်ကား ထိုအားကောင်းသော နွားနှင့်နွားသိုးတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်သကဲ့သို့ ဤအတူပင်လျှင်အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ်ပဋိသန္ဓေနေ၍ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့ဖြစ်သော ထိုဘုံမှ ပြန်လည်ခြင်းသဘောမရှိသော ရဟန်းတို့သည်လည်း ဖီလာကန့်လန့် (ခန္ဓ) မာရ်၏ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်း ‘နိဗ္ဗာန်’သို့ ရောက်ကုန်လတ္တံ့။

ရဟန်းတို့ ဥပမာသော်ကား ထိုနွားပေါက်နှင့်နွားမတန်းတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်သကဲ့သို့ ဤအတူပင်လျှင် သုံးပါးသောသံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’ပြစ်မှားခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ’တို့၏ ခေါင်းပါးခြင်းကြောင့်လည်းကောင်း ဤလူ့ပြည်သို့တစ်ကြိမ်သာလာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့ဖြစ်သော သကဒါဂါမ်ရဟန်းတို့သည်လည်းဖီလာကန့်လန့် (ခန္ဓ) မာရ်၏ ရေ အယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်း ‘နိဗ္ဗာန်’သို့ရောက်ကုန်လတ္တံ့။

ရဟန်းတို့ ဥပမာသော်ကား နုနယ်သော နွားငယ်ကလေးနှင့် ပိန်ကြုံအားနည်းသော နွားတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်သကဲ့သို့ဤအတူပင်လျှင် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ရဟန်းတို့သည်လည်း ဖီလာကန့်လန့် (ခန္ဓ) မာရ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်း ‘နိဗ္ဗာန်’သို့ရောက်ကုန်လတ္တံ့။

ရဟန်းတို့ ဥပမာသော်ကား ထိုနေ့ပေါက်ဖွားသည့် နုနယ်လှသော နွားသားငယ်သည် အမိနွားမ၏ရှူးရှူးအသံဟူသော အမှတ်သညာဖြင့် မျှောကူးလျက် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်သကဲ့သို့ ဤအတူပင်လျှင် ပညာတရားကို အောက်မေ့လေ့ရှိသူယုံကြည်ခြင်း ‘သဒ္ဓါ’ကို အောက်မေ့လေ့ရှိသူ ရဟန်းတို့သည်လည်း ဖီလာကန့်လန့် (ခန္ဓ) မာရ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်း ‘နိဗ္ဗာန်’သို့ ရောက်ကုန်လတ္တံ့။

ရဟန်းတို့ ငါသည်ကား ဤလောက၌ လိမ္မာ၏၊ တမလွန်လောက၌ လိမ္မာ၏၊ မာရ်၏တည်ရာ ဘုံသုံးပါးတရား၌ လိမ္မာ၏၊ မာရ်၏တည်ရာ မဟုတ်ရာ (လောကုတ္တရာတရား) ၌ လိမ္မာ၏၊ သေခြင်း မစ္စုမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ လိမ္မာ၏၊ သေခြင်းမစ္စုမာရ်၏ တည်ရာ မဟုတ်ရာ (လောကုတ္တရာ တရား) ၌လိမ္မာ၏၊ ရဟန်းတို့ ထိုငါ၏ (စကားကို) နာယူထိုက်၏ ယုံကြည်ထိုက်၏ဟု ထင်မှတ်နေကုန် သောသူများအား ထိုထင်မှတ်ခြင်းသည် ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါဖြစ်လတ္တံ့ဟု ဤတရားကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ ကောင်း သော စကားကို ဟောကြားတော်မူတတ်သော မြတ်စွာဘုရားသည် ဤတရားကိုဟောကြားတော်မူပြီး၍၊ ထိုမှတစ်ပါး လူနတ်တို့၏ဆရာ မြတ်စွာဘုရားသည် ဤဂါထာကို မိန့်တော်မူ၏—

“တရားအားလုံးကို သိတော်မူသော မြတ်စွာဘုရားသည် ဤလောကကိုလည်း ကောင်း၊ တမလွန်လောကကိုလည်းကောင်း ကောင်းစွာ ပြတော်မူပြီ။

(တရားအားလုံးကို) ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားသည် (ကိလေသ) မာရ်ရောက်ရာ (ဘုံသုံးပါးတရား) ကိုလည်းကောင်း၊ သေခြင်းမစ္စုမာရ်မရောက်ရာ (လောကုတ္တရာတရား) ကိုလည်းကောင်းအလုံးစုံသော လောကကို အထူးသိ၍ ဘေးကင်းရာ နိဗ္ဗာန်သို့ ရောက်ခြင်းငှါ အမြိုက်နိဗ္ဗာန်၏ တံခါးကို့ဖွင့်ထားတော် မူပြီ။

မာရ်ယုတ်၏ ရေအယဉ်ကို ဖြတ်အပ်ပြီ၊ ဖျက်ဆီးအပ်ပြီ၊ ကျူ ကဲ့သို့သော မာန ကင်းခြင်းကို ပြုအပ်ပြီ။ ရဟန်းတို့ (သင်တို့သည်) များစွာသော ဝမ်းမြောက်ခြင်း ရှိကြကုန်လော့၊ ဘေးကင်းရာ (အရဟတ္တဖိုလ်) ကို တောင့်တကြကုန်လော့” ဟု (မိန့် တော်မူ၏)။

လေးခုမြောက် စူဠဂေါပါလကသုတ်ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection