LibraryMNMN 40
MN 4014 min read

The Shorter Discourse at Assapura

Cūḷaassapura Sutta

20
PDFGenerated
01 · Overview

The labels of being a spiritual practitioner don’t just come from external trappings, but from sincere inner change.

02 · Reading guide

Read the full discourse slowly and use the prebuilt MP3 for continuous listening.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

မဇ္ဈိမနိကာယ် ၁ဝ — စူဠအဿပုရသုတ် ၄၃၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂတိုင်း အဿပုရမည်သော အင်္ဂမင်းသားတို့၏ နိဂုံး၌သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။

ရဟန်းတို့ လူအပေါင်းက သင်တို့ကို “ရဟန်း ရဟန်း” ဟု ကောင်းစွာ သိ၏၊ သင်တို့ကလည်း “သင်တို့သည် အဘယ်သူတို့နည်း” ဟု မေးကုန်သော် “ရဟန်းများဖြစ်ကုန်၏” ဟု ဝန်ခံကုန်၏။ ရဟန်းတို့ ဤသို့ အသမုတ်ခံရသော ဤသို့ ဝန်ခံသော သင်တို့သည် “ရဟန်းနှင့် သင့်လျော်သော အကျင့်ကိုကျင့်ကုန်သော် ငါတို့၏ ဤအသမုတ်ခံရခြင်းနှင့် ဝန်ခံခြင်းသည်လည်း အမှန်အဟုတ် ဖြစ်လတ္တံ့၊ ငါတို့သည် အကြင်သူတို့၏ သင်္ကန်း ဆွမ်း အိပ်ရာနေရာကျောင်း သူနာ၏ အထောက်အပံ့ဆေးအဆောက် အဦကို သုံးဆောင်ကုန်၏၊ ထိုသူတို့၏ ငါတို့အပေါ်၌ ထိုပြုလုပ်ခြင်းတို့သည်များသောအကျိုး များသော အာနိသင်ရှိသည် ဖြစ်ကုန်လတ္တံ့၊ ငါတို့၏ ဤရဟန်းအဖြစ်သည်လည်းမမြုံဘဲ အကျိုးများ၍ တိုးပွားခြင်း ရှိသည် ဖြစ်လတ္တံ့” ဟု ဤသို့လျှင် သင်တို့ ကျင့်ကြံ အားထုတ်ရမည်။

၄၃၆။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ရဟန်းနှင့် သင့်လျော်သော အကျင့်ကို မကျင့်သနည်း။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် ရှေးရှုကြံစည်ခြင်းများလျက် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ ကို မပယ်၊ ဖျက်ဆီးလိုသောစိတ်ရှိလျက် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’ ကို မပယ်၊ အမျက်ထွက် လေ့ရှိလျက် အမျက်ထွက်ခြင်း ‘ကောဓ’ကို မပယ်၊ ရန်ငြိုးဖွဲ့ခြင်းရှိလျက် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ ကို မပယ်၊ ဂုဏ်ကျေးဇူးချေဖျက်ခြင်း ရှိလျက် ဂုဏ်ကျေးဇူးချေဖျက်ခြင်း ‘မက္ခ’ ကို မပယ်၊ ဂုဏ်ပြိုင်ခြင်း ရှိလျက် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ ကို မပယ်၊ မနာလိုခြင်းရှိလျက် မနာလိုခြင်း ‘ဣဿာ’ ကိုမပယ်၊ ဝန်တိုခြင်းရှိလျက် ဝန်တိုခြင်း ‘မစ္ဆရိယ’ ကို မပယ်၊ စဉ်းလဲကောက်ကျစ်သူဖြစ်လျက်စဉ်းလဲကောက်ကျစ်ခြင်း ‘သာဌေယျ’ ကို မပယ်၊ လှည့်ပတ်ခြင်းရှိလျက် လှည့်ပတ်ခြင်း ‘မာယာ’ ကိုမပယ်၊ အလိုဆိုးရှိလျက် အလိုဆိုး ‘ပါပိစ္ဆာ’ ကို မပယ်၊ မှားသောအယူရှိသူဖြစ်လျက် မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ’ ကို မပယ်၊ ရဟန်းတို့ အပါယ်၌ ဖြစ်စေတတ်သည့် အကြောင်းဖြစ်သော မကောင်းရာဘုံဘဝ၌ခံစား ရခြင်းရှိကုန်သော ဤရဟန်းအညစ်အကြေး, ဤရဟန်းအပြစ်ဒေါသ, ဤရဟန်းအမှိုက်တို့ကိုမပယ်ခြင်းကြောင့် “ရဟန်းနှင့် သင့်လျော်သော အကျင့်ကို မကျင့်” ဟု ငါ ဟောကြား၏။ ရဟန်းတို့ရေနှင့် သွေးထားသော နှစ်ဖက် အသွားရှိသော မတဇ (ငှက်သေမှဖြစ်သော) လက်နက်မည်သောလက်နက်မျိုးကို သားရေအိမ်ဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ပိတ်ဆို့ထားသကဲ့သို့ ငါသည် ဤရဟန်း၏ရဟန်းအဖြစ်ကို ထို လက်နက်မျိုးလျှင် ဥပမာရှိ၏ဟု ဟောကြား၏။

၄၃၇။ ရဟန်းတို့ ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူအား ချုပ်စပ်ထားသော အဝတ်ကိုဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ အဝတ်မဝတ်သူအား အဝတ်မဝတ်ရုံမျှဖြင့်ရဟန်းအဖြစ်ကို ငါမဟောပေ။ ရဟန်းတို့ မြူအညစ်အကြေးဆောင်သူအား မြူအညစ်အကြေး ဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ ရေသို့ သက်ဆင်းသူအား ရေသို့ သက်ဆင်းရုံမျှဖြင့်ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ သစ်ပင်ရင်း၌ နေသူအား သစ်ပင်ရင်း၌ နေရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ လွင်တီးခေါင်၌ နေသူအား လွင်တီးခေါင်၌ နေရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ မတ်မတ်ရပ်တည်သူအား မတ်မတ်ရပ်တည်ရုံမျှဖြင့် ရဟန်းအဖြစ်ကိုငါ မဟောပေ။ ရဟန်းတို့ (လ,ရက်) အလှည့်ဖြင့် စားသူအား အလှည့်ဖြင့် စားရုံမျှဖြင့် ရဟန်းအဖြစ်ကို့ငါ မဟောပေ။ ရဟန်းတို့ ဗေဒင်မန္တာန်ကို သရဇ္ဈာယ်သူအား ဗေဒင် မန္တာန်ကို သရဇ္ဈာယ်ရုံမျှဖြင့်ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ ဆံကျစ်ရှိသူအား ဆံကျစ်ကို ဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကိုငါမဟောပေ။

ရဟန်းတို့ ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူအား ချုပ်စပ်ထားသော အဝတ်ကို ဆောင်ရုံ မျှဖြင့်ရှေးရှုကြံစည်ခြင်းများလျက် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဖျက်ဆီးလိုသော စိတ်ရှိလျက် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’ သည် အကယ်၍ ပျောက်ငြားအံ့၊ အမျက်ထွက်လေ့ရှိလျက်အမျက်ထွက်ခြင်း ‘ကောဓ’သည် အကယ်၍ ပျောက်ငြားအံ့၊ ရန်ငြိုးဖွဲ့ခြင်းရှိလျက် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိလျက် ဂုဏ်ကျေးဇူးကိုချေဖျက်ခြင်း ‘မက္ခ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဂုဏ်ပြိုင်ခြင်းရှိလျက် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ သည်အကယ်၍ ပျောက်ငြားအံ့၊ မနာလိုခြင်းရှိလျက် မနာလိုခြင်း ‘ဣဿာ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဝန်တိုခြင်းရှိ လျက် ဝန်တိုခြင်း ‘မစ္ဆရိယ’ သည် အကယ်၍ ပျောက်ငြားအံ့၊ စဉ်းလဲကောက်ကျစ်သူဖြစ်လျက် စဉ်းလဲ ကောက်ကျစ်ခြင်း ‘သာဌေယျ’ သည် အကယ်၍ ပျောက်ငြားအံ့၊ လှည့်ပတ်ခြင်းရှိလျက် လှည့်ပတ်ခြင်း ‘မာယာ’သည် အကယ်၍ ပျောက်ငြားအံ့၊ အလိုဆိုးရှိလျက်အလိုဆိုး ‘ပါပိစ္ဆာ’ သည် အကယ်၍ ပျောက် ငြားအံ့၊ မှားသောအယူရှိလျက် မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ’ သည်အကယ်၍ ပျောက်ငြားအံ့၊ မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်းတို့က ထိုသူကို ဖွားလျှင်ဖွားခြင်းချုပ်စပ်ထားသော အဝတ်ကို ဝတ်ရုံ ပေးကုန်ရာ၏။

“ကောင်းသော မျက်နှာရှိသူ လာလော့၊ သင်သည် ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူ ဖြစ်လော့၊ ချုပ်စပ်ထားသော အဝတ်ဆောင်သူဖြစ်သော သင့်အား ချုပ်စပ်ထားသော အဝတ်ကို ဆောင်ရုံ မျှဖြင့်ရှေးရှုကြံစည်ခြင်းများခဲ့သော် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ သည် ပျောက်လတ္တံ့၊ ဖျက်ဆီးလိုစိတ် ရှိခဲ့သော် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’သည် ပျောက်လတ္တံ့၊ အမျက်ထွက်လေ့ရှိခဲ့သော် အမျက်ထွက်ခြင်း ‘ကောဓ’ သည် ပျောက်လတ္တံ့၊ ရန်ငြိုးဖွဲ့ခြင်းရှိခဲ့သော် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ သည် ပျောက်လတံ္တ့၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိခဲ့သော် ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ‘မက္ခ’ သည် ပျောက်လတ္တံ့၊ ဂုဏ်ပြိုင်ခြင်းရှိခဲ့သော် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’သည် ပျောက်လတ္တံ့၊ မနာလိုခြင်းရှိခဲ့သော် မနာလိုခြင်း ‘ဣဿာ’ သည်ပျောက်လတ္တံ့၊ ဝန်တိုခြင်းရှိခဲ့သော် ဝန်တိုခြင်း ‘မစ္ဆရိယ’သည် ပျောက်လတ္တံ့၊ စဉ်းလဲကောက်ကျစ်ခြင်းရှိခဲ့သော် စဉ်းလဲကောက်ကျစ်ခြင်း ‘သာဌေယျ’ သည် ပျောက်လတ္တံ့၊ လှည့်ပတ်ခြင်းရှိခဲ့သော် လှည့်ပတ်ခြင်း ‘မာယာ’ သည် ပျောက်လတ္တံ့၊ အလိုဆိုးရှိခဲ့သော် အလိုဆိုး ‘ပါပိစ္ဆာ’ သည် ပျောက်လတ္တံ့၊ မှားသောအယူရှိခဲ့သော် မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ သည် ပျောက်လတ္တံ့” ဟု ချုပ်စပ်ထားသော အဝတ်ကို ဝတ်ရုံမှုကိုသာလျှင် ဆောက်တည်စေကုန်ရာ၏။

ရဟန်းတို့ ချုပ်စပ်ထားသောအဝတ်ကို ဝတ်ရုံထားသော်လည်း ဤလောက၌ အချို့သော ရှေးရှုကြံစည်ခြင်းများသူ, ဖျက်ဆီးလိုစိတ်ရှိသူ, အမျက်ထွက်လေ့ရှိသူ, ရန်ငြိုးဖွဲ့ခြင်းရှိသူ, ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိသူ, ဂုဏ်ပြိုင်ခြင်းရှိသူ, မနာလိုခြင်းရှိသူ, ဝန်တိုခြင်းရှိသူ, စဉ်းလဲကောက်ကျစ်ခြင်းရှိသူ, လှည့်ပတ်ခြင်းရှိသူ, အလိုဆိုးရှိသူ, အယူမှားရှိသူတို့ကို ငါတွေ့မြင်နေရသောကြောင့် ချုပ်စပ်ထားသော အဝတ်ကိုဝတ်ရုံသူအား ချုပ်စပ်ထားသော အဝတ်ကို ဝတ်ရုံခြင်းမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။

ရဟန်းတို့ အဝတ်မဝတ်သူအား။ပ။ ရဟန်းတို့ မြူအညစ်အကြေး ရှိသူအား။ပ။ ရဟန်းတို့ ရေသို့သက်ဆင်းသူအား။ပ။ ရဟန်းတို့ သစ်ပင်ရင်း၌ နေသူအား။ပ။ ရဟန်းတို့ လွင်တီးခေါင်၌ နေသူအား။ပ။ ရဟန်းတို့ မတ်မတ်ရပ်တည်သူအား။ပ။ ရဟန်းတို့ (လ,ရက်) အလှည့်ဖြင့် စားသူအား။ပ။ ရဟန်းတို့ ဗေဒင်မန္တာန် သရဇ္ဈာယ်သူအား။ပ။ ရဟန်းတို့ ဆံကျစ်ရှိသူအား အကယ်၍ ဆံကျစ်ကိုဆောင်ရုံမျှဖြင့် ရှေးရှုကြံစည်ခြင်းများလျက် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ့ဖျက်ဆီးလိုစိတ်ရှိလျက် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’သည် အကယ်၍ ပျောက်ငြားအံ့၊ အမျက်ထွက်လေ့ရှိလျက်အမျက်ထွက်ခြင်း ‘ကောဓ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ရန်ငြိုးဖွဲ့ခြင်းရှိလျက် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိလျက် ဂုဏ်ကျေးဇူးကိုချေဖျက်ခြင်း ‘မက္ခ’သည် အကယ်၍ ပျောက်ငြားအံ့၊ ဂုဏ်ပြိုင်ခြင်းရှိလျက် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ သည်အကယ်၍ ပျောက်ငြားအံ့၊ မနာလိုခြင်းရှိလျက် မနာလိုခြင်း ‘ဣဿာ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဝန်တိုခြင်းရှိ လျက် ဝန်တိုခြင်း ‘မစ္ဆရိယ’ သည် အကယ်၍ ပျောက်ငြားအံ့၊ စဉ်းလဲကောက်ကျစ်ခြင်းရှိလျက် စဉ်းလဲ ကောက်ကျစ်ခြင်း ‘သာဌေယျ’ သည် အကယ်၍ ပျောက်ငြားအံ့၊ လှည့်ပတ်ခြင်းရှိလျက်လှည့်ပတ်ခြင်း ‘မာယာ’သည် အကယ်၍ ပျောက်ငြားအံ့၊ အလိုဆိုးရှိလျက် အလိုဆိုး ‘ပါပိစ္ဆာ’ သည်အကယ်၍ ပျောက် ငြားအံ့၊ အယူမှားခြင်းရှိလျက် အယူမှားခြင်း ‘မိစ္ဆာဒိဋ္ဌိ’ သည် အကယ်၍ပျောက်ငြားအံ့၊ မိတ်ဆွေ အပေါင်း အသင်း ဆွေမျိုးသားချင်းတို့က ထိုသူကို ဖွားလျှင်ဖွားချင်းဆံကျစ်ရှိသူဖြစ်အောင် ပြုပေးကုန်ရာ၏။

“ကောင်းသော မျက်နှာရှိသူ လာလော့၊ သင်သည် ဆံကျစ်ရှိသူဖြစ်လော့၊ ဆံကျစ်ရှိသူဖြစ်သောသင့်အား ဆံကျစ်ကို ဆောင်ရုံမျှဖြင့် ရှေးရှုကြံစည်ခြင်းများခဲ့သော် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ သည်ပျောက်လတ္တံ့၊ ဖျက်ဆီး လိုစိတ်ရှိခဲ့သော် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’သည် ပျောက်လတ္တံ့၊ အမျက်ထွက်လေ့ရှိခဲ့သော် အမျက်ထွက်ခြင်း ‘ကောဓ’ သည် ပျောက်လတ္တံ့။ပ။ ယုတ်မာသောအလိုဆိုးရှိခဲ့သော် ယုတ်မာသော အလိုဆိုး ‘ပါပိစ္ဆာ’ သည် ပျောက်လတ္တံ့၊ အယူမှားခြင်းရှိခဲ့သော် အယူမှားခြင်း ‘မိစ္ဆာဒိဋ္ဌိ’ သည်ပျောက်လတ္တံ့ဟု ဆံကျစ်ရှိသူအဖြစ်ကိုသာလျှင် ဆောက်တည်စေကုန်ရာ၏။

ရဟန်းတို့ ဆံကျစ်ရှိသော်လည်း ဤလောက၌ အချို့သော ရှေးရှုကြံစည်ခြင်းများသူ, ဖျက်ဆီးလိုစိတ်ရှိသူ, အမျက်ထွက်ခြင်းရှိသူ, ရန်ငြိုးဖွဲ့ခြင်းရှိသူ, ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိသူ, ဂုဏ်ပြိုင်ခြင်းရှိသူ,မနာလိုခြင်းရှိသူ, ဝန်တိုခြင်းရှိသူ, စဉ်းလဲကောက်ကျစ်ခြင်းရှိသူ, လှည့်ပတ်ခြင်းရှိသူ, အလိုဆိုးရှိသူ, အယူမှားရှိသူတို့ကို ငါတွေ့မြင်ရသောကြောင့် ဆံကျစ်ရှိသူအား ဆံကျစ်ကို ဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါမဟောပေ။

၄၃၈။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ရဟန်းနှင့် သင့်လျော်သော အကျင့်ကို ကျင့် သနည်း၊ ။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် ရှေးရှုကြံစည်ခြင်းများရှိခဲ့သော် ရှေးရှုကြံ စည်ခြင်း ‘အဘိဇ္ဈာ’ ကို ပယ်၏၊ ဖျက်ဆီးလိုစိတ်ရှိခဲ့သော် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’ ကို ပယ်၏၊ အမျက်ထွက်လေ့ရှိခဲ့သော် အမျက်ထွက်ခြင်း ‘ကောဓ’ ကို ပယ်၏၊ ရန်ငြိုးဖွဲ့ခြင်းရှိခဲ့သော် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ကို ပယ်၏၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိခဲ့သော် ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ‘မက္ခ’ ကိုပယ်၏၊ ဂုဏ်ပြိုင်ခြင်းရှိခဲ့သော် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ကို ပယ်၏၊ မနာလိုခြင်းရှိခဲ့သော် မနာလိုခြင်း ‘ဣဿာ’ ကို ပယ်၏၊ ဝန်တိုခြင်းရှိခဲ့သော် ဝန်တိုခြင်း ‘မစ္ဆရိယ’ ကို ပယ်၏၊ စဉ်းလဲကောက်ကျစ်ခြင်းရှိခဲ့သော် စဉ်းလဲကောက်ကျစ်ခြင်း ‘သာဌေယျ’ ကို ပယ်၏၊ လှည့်ပတ်ခြင်းရှိခဲ့သော် လှည့်ပတ်ခြင်း ‘မာယာ’ကို ပယ်၏၊ အလိုဆိုးရှိခဲ့သော် အလိုဆိုး ‘ပါပိစ္ဆာ’ ကို ပယ်၏၊ အယူမှားခြင်းရှိခဲ့သော်အယူမှားခြင်း ‘မိစ္ဆာဒိဋ္ဌိ’ ကို ပယ်၏၊ ရဟန်းတို့ အပါယ်၌ ဖြစ်စေတတ်သည့် အကြောင်းဖြစ်သောမကောင်းရာဘုံဘဝ၌ ခံစားခြင်း ရှိကုန်သော ဤရဟန်းအညစ်အကြေး, ဤရဟန်းအပြစ်ဒေါသ,ဤရဟန်းအမှိုက်တို့ကို ပယ်ခြင်းကြောင့် “ရဟန်းနှင့်သင့်လျော်သော အကျင့်ကို ကျင့်၏” ဟု ငါဟော၏။ ထိုရဟန်းသည် ဤယုတ်ညံ့သော အကုသိုလ်တရားအားလုံးတို့မှ စင်ကြယ်သော မိမိကိုယ်ကို ကောင်းစွာရှုမြင်၏။ ဤယုတ် ညံ့သော အကုသိုလ်တရားအားလုံးတို့မှ စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်သောထိုရဟန်းအား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သက်ခြင်းဖြစ်၏၊ နှစ်သက်သော စိတ်ရှိသော ရဟန်း၏ ကိုယ် သည်ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးခြင်းရှိသော ရဟန်းသည့်ချမ်းသာကို ခံစား၏၊ ချမ်းသာခြင်းရှိသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

ထိုရဟန်းသည် ချစ်ခြင်း ‘မေတ္တာ’ နှင့်တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ ၍နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားပြင့် အထက်အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ အကြွင်းမဲ့ သတ္တဝါအားလုံးကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့်တကွဖြစ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် တကွဖြစ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်တကွဖြစ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူနှစ်ခုမြောက်အရပ် ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့်အထက်အောက် ဖီလာအရပ်ကို ပျံ ့နှံ့စေ၍နေ၏။ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌မိမိနှင့်တူစွာ အကြွင်းမဲ့ သတ္တဝါအားလုံး ကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသောရန်မရှိသော ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်တကွဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ရဟန်းတို့ ဥပမာသော်ကား ကြည်လင်ချိုအေး ဖြူဖွေးသောရေနှင့် ကောင်းသော ရေဆိပ်ရှိသဖြင့်မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် ရှိရာ၏၊ အရှေ့အရပ်မျက်နှာမှ နွေနေပူတို့ဖြင့် ပူလောင်နှိပ်စက်ခံရ၍ အစာရေစာ ဆာလောင်မွတ်သိပ်သဖြင့် ပင်ပန်းနွမ်းနယ်နေသော ယောကျာ်းသည် အကယ်၍ လာငြားအံ့၊ ထိုယောကျာ်းသည် ထိုရေကန်ကို စွဲ၍ ရေမွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ၏၊ နွေနေပူတို့ဖြင့်ပူလောင်ခြင်းကို ပယ်ဖျောက်ရာ၏။ အနောက်အရပ်မျက်နှာမှ ယောကျာ်းသည် အကယ်၍ လာငြားအံ့။ မြောက်အရပ်မျက်နှာမှ ယောကျာ်းသည် အကယ်၍ လာငြားအံ့။ တောင်အရပ်မျက်နှာမှ ယောကျာ်းသည်အကယ်၍ လာငြားအံ့။ မည်သည့် အရပ်မှမဆို ထိုရေကန်သို့ နွေနေပူတို့ဖြင့် ပူလောင်နှိပ်စက်ခံရ၍အစာ ရေစာ ဆာလောင်မွတ်သိပ်သဖြင့် ပင်ပန်းနွမ်းနယ်နေသော ယောကျာ်းသည် အကယ်၍ လာငြားအံ့။ ထိုယောကျာ်းသည် ထိုရေကန်ကို စွဲ၍ ရေမွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ၏၊ နွေနေပူတို့ဖြင့်ပူလောင်ခြင်း ကို ပယ်ဖျောက်ရာ၏။

ရဟန်းတို့ ဤအတူပင်လျှင် မင်းမျိုးမှသော်လည်း လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြုသူ ဖြစ်စေကာမူ၊ ထိုသူသည် မြတ်စွာဘုရား ဟောထားသော အဆုံးအမတော်ကို စွဲ၍ ဤသို့ ချစ်ခြင်း ‘မေတ္တာ’၊ သနားခြင်း ‘ကရုဏာ’၊ ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ကို ပွားများ၍မိမိကိုယ်၌ငြိမ်းခြင်းကို ရ၏၊ မိမိကိုယ်၌ငြိမ်းခြင်းကြောင့် ထိုသူကို ငါသည် “ရဟန်းနှင့် သင့်လျော်သောအကျင့်ကို ကျင့်၏” ဟု ဟောကြား၏။

ပုဏ္ဏားမျိုးမှသော်လည်း။ပ။ ကုန်သည်မျိုးမှသော်လည်း။ပ။ သူဆင်းရဲမျိုးမှသော်လည်း။ပ။ မည် သည့်အမျိုးမှမဆို လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြုအံ့၊ ထိုသူသည်လည်း မြတ်စွာ ဘုရားဟောကြားထားသော အဆုံးအမတော်ကို စွဲ၍ ဤသို့ ချစ်ခြင်း ‘မေတ္တာ’၊ သနားခြင်း ‘ကရုဏာ’ ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ကို ပွားများ၍ မိမိကိုယ်၌ငြိမ်းခြင်းကို ရ၏၊ မိမိကိုယ်၌ငြိမ်းခြင်းကြောင့် ထိုသူကို ငါသည် “ရဟန်းနှင့် သင့်လျော်သော အကျင့်ကို ကျင့်၏” ဟု ဟောကြား၏။

မင်းမျိုးမှသော်လည်း လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြုအံ့၊ ထိုသူသည်လည်းအာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက် မှောက်ပြုလျက် ရောက်၍ နေ၏၊ အာသဝေါတရားတို့ ကုန်ခြင်းကြောင့်ရဟန်း (ကိလေသာမီးငြိမ်းသူ) ဖြစ်၏။

ပုဏ္ဏားမျိုးမှသော်လည်း။ပ။ ကုန်သည်မျိုးမှသော်လည်း။ပ။ သူဆင်းရဲမျိုးမှသော်လည်း။ပ။ မည်သည့်အမျိုးမှမဆို လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြုအံ့၊ ထိုသူသည်လည်း အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့်လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ အာသဝေါတရားတို့ ကုန်ခြင်းကြောင့် ရဟန်း (ကိလေသာမီးငြိမ်းသူ) ဖြစ်၏ဟု ဤတရားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောကြားတော်မူသော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက် ကြကုန်၏။

ဆယ်ခုမြောက် စူဠအဿပုရသုတ်ပြီး၏။

လေးခုမြောက် မဟာယမကဝဂ်ပြီး၏။

မဟာယမကဝဂ်၏ သုတ်အကျဉ်းချုပ်

ပညာရှိပုဂ္ဂိုလ်၏ ဆောင်ရွက်နိုင်ရန် အကျိုးငှါ ဟောကြားတော်မူအပ်သော စူဠဂေါ သိင်္ဂသုတ်၊ မဟာဂေါသိင်္ဂသုတ်၊ တဖန် မဟာဂေါပါလကသုတ် စူဠဂေါပါလက သုတ်၊ မဟာသစ္စကသုတ်၊ စူဠသစ္စကသုတ်၊ စူဠတဏှာသင်္ခယသုတ်၊ မဟာတဏှာ သင်္ခယသုတ်၊ မဟာအဿပုရသုတ်၊ စူဠအဿပုရသုတ်တည်း။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection