LibraryMNMN 47
MN 4710 min read

The Inquirer

Vīmaṁsaka Sutta

20
PDFGenerated
01 · Overview

While some spiritual teachers prefer to remain in obscurity, the Buddha not only encouraged his followers to closely investigate him, but gave them a detailed and demanding method to do so.

02 · Reading guide

Read the full discourse slowly and use the prebuilt MP3 for continuous listening.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

မဇ္ဈိမနိကာယ် ၇— ဝီမံသကသုတ် ၄၈၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏—

“ရဟန်းတို့ သူတစ်ပါး၏ စိတ်အစဉ်ဖြစ်ပုံကို မသိ၍ စူးစမ်းလိုသော ရဟန်းသည် မြတ်စွာဘုရား၌ ‘ကိုယ်တိုင် မှန်စွာ သိသော ဘုရားဟုတ်လေသလော၊ မဟုတ်လေသလော’ဟု သိရန် စူးစမ်းမှုကိုပြုသင့်၏” ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားလျှင် အမွန်အစရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ထုတ်ဆောင်ပြတတ်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် မှီခိုအားထားရာ ရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ စင်စစ် ဤမိန့်တော်မူသော စကား၏ အနက်အဓိပ္ပါယ်သည်မြတ်စွာဘုရား၏ ဉာဏ်၌သာလျှင် ထင်လာ မြင်လာစေတော်မူပါ၊ မြတ်စွာဘုရားထံမှ နာကြားရ၍ရဟန်းတို့သည် ဆောင်ထားကြရပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းလှပါပြီ” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏—

၄၈၈။ ရဟန်းတို့ သူတစ်ပါး၏ စိတ်အစဉ်ဖြစ်ပုံကို မသိ၍ စူးစမ်းလိုသော ရဟန်းသည် “မျက်စိဖြင့်မြင်ရ, နားဖြင့်ကြားရသော ညစ်နွမ်းသည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလော” ဟု မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော အကျင့်နှစ်ပါးတို့၌ မြတ်စွာဘုရားကို စူးစမ်းရမည်။ သို့စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ညစ်နွမ်းသည့်အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု သိ၏။

ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ, နားဖြင့်ကြားရသော ညစ်နွမ်းသည့်အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု သိသော အခါ၌ “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသောရောစပ်နေသည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလော” ဟု ထိုမြတ်စွာဘုရားကို တစ်ဆင့်တက်၍ စူးစမ်းပြန်၏။ သို့စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသောရောစပ်နေသည့် အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု ဤသို့ သိ၏။

ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ရောစပ်နေသည့်အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု သိသော အခါ၌ “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသောဖြူစင်သည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလော” ဟု ထိုမြတ်စွာဘုရားကိုတစ်ဆင့်တက်၍ စူးစမ်းပြန်၏။ သို့စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ဖြူစင်သည့်အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်၏” ဟု သိ၏။

ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ဖြူစင်သည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်၏ဟု ဤသို့သိသော အခါ၌ “ဤအသျှင်သည် အပြစ်မရှိသော အကျင့်နှင့် ကြာမြင့်စွာ ပြည့်စုံနေသလော၊ သို့မဟုတ် ခဏတဖြုတ်သာ ပြည့်စုံနေသလော” ဟု ထိုမြတ်စွာဘုရားကို တစ်ဆင့်တက်၍ စူးစမ်းပြန်၏။ သို့စူးစမ်းလတ်သော် “ဤအသျှင်သည် ဤအပြစ်မရှိသော အကျင့်နှင့်ကြာမြင့်စွာ ပြည့်စုံနေ၏၊ ဤအသျှင်သည် ခဏတဖြုတ်သာ ပြည့်စုံနေသည် မဟုတ်” ဟု သိ၏။

ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “ဤအသျှင်သည် ဤအပြစ်မရှိသော အကျင့်နှင့် ကြာမြင့်စွာပြည့်စုံနေ၏၊ ဤအသျှင်သည် ခဏတဖြုတ်သာ ပြည့်စုံနေသည် မဟုတ်” ဟု ဤသို့ သိသော အခါ၌ “ဤအသျှင်သည် ထင်ရှားခြင်းနှင့် အခြံအရံများခြင်းသို့ ရောက်ပြီလော၊ ထိုထင်ရှားခြင်း အခြံအရံများခြင်းကြောင့် ထိုအသျှင်ရဟန်းအား အချို့သော အပြစ်တို့သည် ထင်ရှားကုန်သလော” ဟု ထိုမြတ်စွာဘုရားကိုတစ်ဆင့်တက်၍ စူးစမ်းပြန်၏။ ရဟန်းတို့ ထင်ရှားခြင်းနှင့် အခြံအရံများခြင်းသို့ မရောက်သေးသမျှကာလပတ်လုံး ရဟန်းအား အ ချို့သောအပြစ်တို့သည် မထင်ရှားသေးကုန်။ ထင်ရှားခြင်းနှင့် အခြံအရံများခြင်းသို့ ရောက်သောအခါ ထိုရဟန်းအား အချို့သော အပြစ်တို့သည် ထင်ရှားကုန်၏။ သို့စူးစမ်းလတ်သော် “ဤအသျှင်ရဟန်းသည် ထင်ရှားခြင်းနှင့် အခြံအရံများခြင်းသို့ ရောက်၏။ ထိုထင်ရှားခြင်းအခြံအရံများခြင်းကြောင့် ထိုအသျှင်ရဟန်းအား အချို့သော အပြစ်တို့သည် မထင်ရှားကုန်” ဟု သိ၏။

ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “ဤ အသျှင်ရဟန်းသည် ထင်ရှားခြင်းနှင့် အခြံအရံများခြင်း သို့ရောက်၏၊ ထိုထင်ရှားခြင်းနှင့် အခြံအရံများခြင်းကြောင့် ထိုအသျှင်ရဟန်းအား အချို့သော အပြစ်တို့သည် မထင်ရှားကုန်” ဟု သိသော အခါ၌ “ဤအသျှင်သည် ဘေးမရှိဘဲလျက် ရှောင်ကြဉ်သူ ဖြစ်လေသလော၊ ဘေးကြောင့် ရှောင်ကြဉ်သူမဟုတ်ဘဲ ဖြစ်လေသလော၊ တပ်မက်မှု ‘ရာဂ’ကုန်ခန်းသဖြင့်တပ်မက် မှု ‘ရာဂ’ ကင်းခြင်းကြောင့်ပင် ကာမတို့ကို မမှီဝဲသလော” ဟု ထိုမြတ်စွာဘုရားကိုတစ်ဆင့်တက်၍ စူးစမ်း ပြန်၏။ သို့စူးစမ်းလတ်သော် “ဤအသျှင်သည် ဘေးမရှိဘဲလျက်ရှောင်ကြဉ်သူဖြစ်၏၊ ဘေးကြောင့် ရှောင်ကြဉ်သူ မဟုတ်၊ တပ်မက်မှု ‘ရာဂ’ ကုန်ခန်းသဖြင့်တပ်မက်မှု ‘ရာဂ’ ကင်းခြင်းကြောင့်ပင် ကာမတို့ကို မမှီဝဲ” ဟု သိ၏။

ရဟန်းတို့ ထိုရဟန်းကို “ဤအသျှင်သည် ဘေးမရှိဘဲလျက် ရှောင်ကြဉ်သူဖြစ်၏၊ ဘေးကြောင့်ရှောင်ကြဉ်သူ မဟုတ်၊ တပ်မက်မှု ‘ရာဂ’ ကုန်ခန်းသဖြင့် တပ်မက်မှု ‘ရာဂ’ ကင်းခြင်းကြောင့်ပင်ကာမတို့ကို မမှီဝဲ” ဟု အသျှင်ပြောဆိုရခြင်း၏ အကြောင်းတို့ကား အဘယ်တို့နည်း၊ မှန်းဆချက်တို့ကားအဘယ်တို့ နည်းဟု သူတစ်ပါးတို့က မေးလာကြမူ ကောင်းစွာ ဖြေကြားလိုသော ရဟန်းသည် ဤသို့ဖြေကြား ရာ၏၊ “ဤအသျှင်သည် ထိုသို့ အကျင့်ဂုဏ်ရှိသော်လည်းရဟန်းအပေါင်း၌နေသော်လည်းကောင်း၊ တစ်ပါး ထီးတည်းနေသော်လည်းကောင်း ရဟန်းအပေါင်းတို့တွင်ကောင်းသော အကျင့်ရှိသူ၊ မကောင်းသော အကျင့်ရှိသူ၊ ဂိုဏ်းကို ဆုံးမနေကြသူ၊ ပစ္စည်း အာမိသတို့၌့ (တပ်မက်သည့်မျက်လုံးဖြင့်) ရှုကြည့်တတ် သည့် အချို့သူ၊ ပစ္စည်းအာမိသနှင့် မလိမ်းကျံသည့်အချို့သူ ဟူသော ထိုထိုရဟန်းကို ဤအသျှင်သည် ထိုအကျင့်ဂုဏ်ရှိခြင်းဖြင့် မထေမဲ့မြင် မပြု၊ ငါသည်ဘေးမရှိဘဲလျက် ရှောင်ကြဉ်သူ ဖြစ်၏၊ ဘေးကြောင့် ရှောင်ကြဉ်သူ မဟုတ်၊ တပ်မက်မှု ‘ရာဂ’ကုန်ခန်းသဖြင့် တပ်မက်မှု ‘ရာဂ’ ကင်းခြင်းကြောင့်ပင် ကာမတို့ကို မမှီဝဲ” ဟူသောဤစကားကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ငါကြားရ၏၊ မျက်မှောက်တော်မှ ခံယူရ၏ဟုဖြေကြားရာ၏။

၄၈၉။ ရဟန်းတို့ ထိုစူးစမ်းတတ်သူ ရဟန်းနှစ်ပါးတို့တွင် မူလစူးစမ်းတတ်သော ရဟန်းသည် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ညစ်နွမ်းသည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလော” ဟု မြတ်စွာဘုရားကိုသာလျှင် တစ်ဆင့်တက်၍ မေးသင့်၏။ ရဟန်းတို့ မြတ်စွာဘုရားသည် ဖြေကြားခဲ့သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ညစ်နွမ်းသည့် အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု ဖြေကြားရာ၏။

မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ရောစပ်နေသည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလောဟု မေးသင့်၏။ ရဟန်းတို့ မြတ်စွာဘုရားသည် ဖြေကြားခဲ့သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ရောစပ်နေသည့် အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု ဖြေကြားရာ၏။

မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ဖြူစင်သည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန် သလော၊ မရှိကုန်သလောဟု (မေးသင့်၏)။ ရဟန်းတို့ မြတ်စွာဘုရားသည် ဖြေကြားခဲ့သော် “မျက်စိဖြင့် မြင်ရနားဖြင့်ကြားရသော ဖြူစင်သော အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်၏၊ ငါ့မှာ ထိုအကျင့်သီလဂုဏ်သည်သာလျှင် ငါ၏ လမ်းကြောင်းဖြစ်၏၊ ထိုအကျင့်သီလဂုဏ်သည်သာလျှင် ငါ၏ကျက်စားရာအာရုံဖြစ်၏၊ ထိုအကျင့် သီလဖြင့်လည်း ငါ မတပ်မက်” ဟု ဖြေကြားရာ၏။

ရဟန်းတို့ ဤသို့ ဆိုလေ့ရှိသော မြတ်စွာဘုရားကို တပည့်သာဝကသည် တရားနာရန် ချဉ်းကပ်ထိုက်၏၊ ထိုတပည့်သာဝကအား မြတ်စွာဘုရားသည် လွန်ကဲသည်ထက် လွန်ကဲ မွန်မြတ်သည်ထက်မွန်မြတ်သော အမည်း ‘အကုသိုလ်’, အဖြူ ‘ကုသိုလ်’ကိုပြိုင်ဘက်ပြု၍ တရားဟော၏၊ ရဟန်းတို့လွန်ကဲသည်ထက် လွန်ကဲမွန်မြတ်သည်ထက် မွန်မြတ်သော အမည်း ‘အကုသိုလ်’, အဖြူ ‘ကုသိုလ်’ကိုပြိုင်ဘက်ပြု၍ မြတ်စွာဘုရားဟောသည့် တရားတော်အတိုင်း ထိုရဟန်းသည် ထိုတရား၌ အချို့သောတရားကို ထူးသောဉာဏ်ဖြင့် သိ၍ တရားတို့၌ ဆုံးဖြတ်ခြင်းသို့ ရောက်၏၊ “(တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားပါပေတည်း၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူသောတရားပါပေတည်း၊ ကောင်းသော အကျင့်ရှိသော သံဃာပါပေတည်း” ဟု မြတ်စွာဘုရား၌ ကြည်ညို၏။

ရဟန်းတို့ ထိုရဟန်းကို “(တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားပါပေတည်း၊ မြတ်စွာဘုရားသည် ကောင်းစွာဟောကြားတော်မူသော တရားပါပေတည်း၊ ကောင်းသော အကျင့်ရှိသောသံဃာပါပေတည်းဟု အသျှင်ပြောဆိုရခြင်း၏ အကြောင်းတို့ကား အဘယ်တို့နည်း၊ မှန်းဆချက်တို့ကားအဘယ်တို့နည်း” ဟု သူတစ်ပါးတို့က မေးလာကြမူ— ရဟန်းတို့ ကောင်းစွာဖြေကြားလိုသော ရဟန်းသည်ဤသို့ဖြေကြားရာ၏၊ ငါ့သျှင် တပည့်တော်သည် မြတ်စွာဘုရားထံသို့ တရားနာရန် ချဉ်းကပ်ခဲ့ပါ၏။ ထိုတပည့်တော်အား မြတ်စွာဘုရားသည် လွန်ကဲသည်ထက် လွန်ကဲ မွန်မြတ်သည်ထက် မွန်မြတ်သောအမည်း ‘အကုသိုလ်’, အဖြူ ‘ကုသိုလ်’ကိုပြိုင်ဘက်ပြု၍ တရားဟောပါ၏။ ငါ့သျှင်တို့ လွန်ကဲသည်ထက်လွန်ကဲ မွန်မြတ်သည်ထက် မွန်မြတ်သော အမည်း ‘အကုသိုလ်’, အဖြူ ‘ကုသိုလ်’ ကိုပြိုင်ဘက်ပြု၍မြတ်စွာဘုရား တရားဟောသည့်အတိုင်း တပည့်တော်သည် ထိုတရား၌ အချို့သော တရားကို ထူးသောဉာဏ်ဖြင့် သိ၍ တရားတို့၌ ဆုံးဖြတ်ခြင်းသို့ ရောက်ခဲ့ပါ၏၊ ‘(တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ့သိတော်မူသော ဘုရားပါပေတည်း၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြား တော်မူသောတရားပါပေ တည်း၊ ကောင်းသော အကျင့်ရှိသော သံဃာပါပေတည်း’ဟု မြတ်စွာဘုရား၌ကြည်ညိုခဲ့ပါ၏” ဟု (ဖြေ ကြားရာ၏)။

၄၉ဝ။ ရဟန်းတို့ မည်သူ့အား မဆို ဤအကြောင်းတို့ဖြင့် ဤပုဒ်တို့ဖြင့် ဤဗျည်းအက္ခရာတို့ဖြင့်မြတ်စွာဘုရား၌ ယုံကြည်မှု ‘သဒ္ဓါ’ သက်ဝင်၏၊ အကြောင်းရင်းဖြစ်၍ တည်၏။ ရဟန်းတို့ အကြောင်းရှိသော ယုံကြည်မှု ‘သဒ္ဓါ’ကို သောတာပတ္တိမဂ်လျှင် အကြောင်းရင်းရှိ၏၊ ခိုင်မြဲ၏၊ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်မျှ မရွေ့ရှားစေနိုင်ဟုဆိုရ၏။

ရဟန်းတို့ ဤသို့လျှင် မြတ်စွာဘုရား၌ သဘောအားပြင့် စူးစမ်းခြင်းသည် ဖြစ်၏။ ဤသို့လည်းမြတ်စွာဘုရားကို သဘောမှန်အားဖြင့်သာလျှင် ကောင်းစွာ စူးစမ်းသင့်၏ဟု ဤသို့ မြတ်စွာဘုရားသည်ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားတော်ကို အလွန်နှစ်ခြိုက် ဝမ်းမြောက်ကြကုန်၏။

ခုနစ်ခုမြောက် ဝီမံသကသုတ်ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection