LibraryMNMN 48
MN 4815 min read

The Mendicants of Kosambī

Kosambiya Sutta

20
PDFGenerated
01 · Overview

Despite the Buddha’s presence, the monks of Kosambī fell into a deep and bitter dispute. The Buddha taught the reluctant monks to develop love and harmony, reminding them of the state of peace that they sought.

02 · Reading guide

Read the full discourse slowly and use the prebuilt MP3 for continuous listening.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

မဇ္ဈိမနိကာယ် ၈— ကောသမ္ဗီယသုတ် ၄၉၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကောသမ္ဗီပြည်၌ ရဟန်းတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။ ထိုရဟန်းတို့သည် အချင်းချင်းနားလည်မှုရှိရန်လည်း မပြုကြကုန်၊ နားလည်မှုရှိခြင်းသို့လည်း မရောက်ကြကုန်၊ အချင်ချင်း အမြင်မှန်ရရန်လည်း မပြုကြကုန်၊ အမြင်မှန်ရခြင်းသို့လည်း မရောက်ကြကုန်။

ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်သောနေရာ၌ ထိုင်ကာ ဤသို့ လျှောက်ထား၏—

“အသျှင်ဘုရား ဤကောသမ္ဗီပြည်၌ ရဟန်းတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေပါကုန်၏။ ထိုရဟန်းတို့သည်အချင်းချင်း နားလည်မှုရှိရန်လည်း မပြုကြပါကုန်၊ နားလည်မှုရှိခြင်းသို့လည်း မရောက်ကြပါကုန်၊ အချင်းချင်း အမြင်မှန်ရရန်လည်း မပြုကြပါကုန်၊ အမြင်မှန်ရခြင်းသို့လည်း မရောက်ကြပါကုန်” ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို “ရဟန်း လာလော့၊ သင်သည် ငါ့စကားဖြင့်ထိုရဟန်းတို့ကို အသျှင်တို့ မြတ်စွာဘုရားသည် သင်တို့ကို ခေါ်တော်မူ၏ဟု သိစေလော့” ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၍ထိုရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းတို့ကို “မြတ်စွာဘုရားသည် အသျှင်တို့ကို ခေါ်တော်မူ၏” ဟု ဆို၏။ “ငါ့သျှင် ကောင်းပြီ” ဟု ထိုရဟန်းအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်ရိုသေစွာ ရှိခိုးလျက် လျောက်ပတ်သော နေရာ၌ ထိုင်နေကုန်သော ထိုရဟန်းတို့ကို မြတ်စွာဘုရားသည်ဤသို့ မေးတော်မူ၏—

“ရဟန်းတို့ ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်း ချင်းနှုတ်လှံထိုးလျက် နေကြကုန်သော သင်တို့သည် အချင်းချင်း နားလည်မှုရှိရန်လည်း မပြုကြကုန်၊ နားလည်မှုရှိခြင်းသို့လည်း မရောက်ကြကုန်၊ အချင်းချင်း အမြင်မှန်ရရန်လည်း မပြုကြကုန်၊ အမြင်မှန်ရ့ခြင်းသို့လည်း မရောက်ကြကုန်ဟူသည် မှန်ပါသလော” ဟု (မေးတော်မူ၏)။ မှန်ပါ၏ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ ထင်မှတ်ကုန်သနည်း၊ သင်တို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြသောအခါသင်တို့အား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ ကာယကံမေတ္တာသည်ရှေးရှုတည်၏လော၊ ဝစီကံမေတ္တာသည်။ပ။ သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေမနောကံ မေတ္တာသည် ရှေးရှုတည်၏လောဟု (မေးတော်မူ၏)။ မတည်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်းနှုတ်လှံထိုးလျက် နေကြသောအခါ သင်တို့အား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ ကာယကံမေတ္တာသည် ရှေးရှုမတည်၊ ဝစီကံမေတ္တာသည်။ပ။ သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုမတည်ဟုကား ဆို၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်းတို့ ထိုသို့ဖြစ်လျက် သင်တို့သည် အဘယ်ကို သိကြမြင်ကြသဖြင့် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်ဘိသနည်း။ ထိုသင်တို့သည် အချင်းချင်း နားလည်မှုရှိရန်လည်း မပြုကြကုန်ဘိသနည်း၊ နားလည်မှုရှိခြင်းသို့လည်းမရောက်ကြကုန်ဘိသနည်း၊ အချင်းချင်း အမြင်မှန်ရရန်လည်း မပြုကြကုန်ဘိသနည်း၊ အမြင်မှန်ရခြင်းသို့လည်း မရောက်ကြကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ ထိုသို့ဖြစ်ခြင်းသည်သင်တို့အား ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားမဲ့ရန် ဆင်းရဲရန် ဖြစ်ပေလိမ့်မည်ဟု (မိန့်တော်မူ၏)။

၄၉၂။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏၊ ရဟန်းတို့ မပြတ်အောက်မေ့ထိုက်ကုန်သော, ချစ်ခြင်းကိုပြုတတ်ကုန်သော, လေးစားခြင်းကိုပြုတတ်ကုန်သော ဤခြောက်ပါးသောတရားတို့သည် သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ကုန်၏။ အဘယ်ခြောက်ပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ ကာယကံမေတ္တာသည် ရှေးရှုတည်၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန်တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၁)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ် ဖြစ်စေဝစီကံမေတ္တာသည် ရှေးရှုတည်၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၂)

ရဟန်းတို့ နောက် တစ်မျိုးကား ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုတည်၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သောလေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန်တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၃)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား တရားနှင့်လျော်စွာဖြစ်ကုန်သော တရားသဖြင့်ရကုန် သောလာဘ်တို့ကို အယုတ်ဆုံးအားဖြင့် သပိတ်အတွင်းရှိ ဆွမ်းမျှကိုသော်လည်း မခွဲခြားဘဲ သုံးဆောင်ခြင်းရှိ၏၊ အကျင့်သီလရှိသော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံသော သုံးဆောင်ခြင်းရှိ၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန့်ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၄)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် မကျိုးမပေါက် မပြောက်မကျားကုန်သော၊ တဏှာ့ကျွန်အဖြစ်မှ တော်လှန်ခြင်းကို ပြုတတ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းထိုက်ကုန်သော၊ အမှားအသုံးသပ်မခံရကုန်သော၊ တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သော စောင့်စည်းမှု သီလမျိုးတို့၌ သီတင်းသုံးဖော်တို့နှင့် မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ စောင့်စည်းမှုသီလတူသည်၏အဖြစ်သို့ ရောက်လျက်နေ၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၅)

ရဟန်းတို့ နောက် တစ်မျိုးကား ရဟန်းသည် ဖြူစင်သော (ဝဋ်ဆင်းရဲမှ) ထုတ်ဆောင်တတ်သောထိုအတိုင်းပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန်ဖြစ်သော အယူမျိုး၌ သီတင်းသုံးဖော်တို့နှင့် မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ အယူတူသည့်အဖြစ်သို့ ရောက်လျက် နေ၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားသည်လည်းသိမ်းသွင်းရန် ဝါဒမကွဲပြား ရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၆)

ရဟန်းတို့ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားခြောက်ပါးတို့သည် သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ် ကုန်၏။

ရဟန်းတို့ မပြတ်အောက်မေ့ထိုက်သော ဤတရားခြောက်ပါးတို့တွင် ဝဋ်မှထုတ်ဆောင်တတ်သောထိုအတိုင်းပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန်ဖြစ်သည့် ဖြူစင်သော ဤအယူသည် အချက်အခြာဖြစ်၏၊ စုရုံးရာ ဖြစ်၏၊ ပေါင်းဆုံရာ ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား အထွတ်တပ်သောအိမ်၌ အထွတ်သည် အချက်အခြာ စုရုံးရာ ပေါင်း ဆုံရာဖြစ်သကဲ့သို့၊ ဤအတူပင် မပြတ်အောက်မေ့ထိုက်သော ဤတရားခြောက်ပါးတို့တွင် ဝဋ်မှ ထုတ်ဆောင်တတ်သော ထိုအတိုင်းပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန်ဖြစ်သည့် ဖြူစင်သော ဤအယူသည်အချက်အခြာ ဖြစ်၏၊ စုရုံးရာ ဖြစ်၏၊ ပေါင်းဆုံရာ ဖြစ်၏။

၄၉၃။ ရဟန်းတို့ အဘယ်သို့လျှင် ဝဋ်မှထုတ်ဆောင်တတ်သည့် ဖြူစင်သော ဤအယူသည် ထို အတိုင်းပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန် ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်တောသို့ ကပ်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ်စေ ယင်းထကြွမှုမျိုးဖြင့်ထကြွသောစိတ် ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ငါမသိနိုင် မမြင်နိုင်လောက်သော အတွင်းသန္တာန်၌မပယ်ရသေးသော ထကြွမှုမျိုးသည် ငါ့အား ရှိသေးသလောဟု ဆင်ခြင်၏။

ရဟန်းတို့ အကယ်၍ ရဟန်းသည် ကာမဂုဏ်တပ်မက်မှု ‘ကာမရာဂ ထကြွသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ဖျက်ဆီးလိုမှု ‘ဗျာပါဒ’ထကြွသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ထကြွသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တပူပန်မှု ‘ကုက္ကုစ္စ’ ထကြွသည်ဖြစ်မူထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် တွေးတော ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ထကြွသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ဤမျက်မှောက်လောကကိုကြံစည်ခြင်း၌ လေ့လာသည်ဖြစ်မူ ထကြွသော စိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် တမလွန်လောကကိုကြံစည်ခြင်း၌ လေ့လာသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ငြင်းခုံခိုက်ရန်ဖြစ်သည်ဖြစ်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက်နေမူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ ထိုရဟန်းသည် “ယင်းထကြွမှုမျိုးဖြင့် ထကြွသောစိတ်ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာငါမသိနိုင် မမြင်နိုင်လောက်သော အတွင်းသန္တာန်၌ မပယ်ရသေးသော ထကြွမှုမျိုးသည် ငါ့အား မရှိ၊ သစ္စာတို့ကို သိရန် ငါသည် စိတ်ကို ကောင်းစွာ ထားပြီးပြီ” ဟု သိ၏။ ထိုရဟန်းသည် လောကမှ့လွန်မြောက်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤပဌမ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရပြီ။

၄၉၄။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “ငါသည် ဤအယူကိုမှီဝဲ၍ ပွားစေ၍ များစွာပြု၍ မိမိစိတ်ငြိမ်သက်ခြင်းကို ရသလော၊ မိမိစိတ်ငြိမ်းအေးခြင်းကို ရသလော” ဟုဆင်ခြင်၏။ ထိုတပည့်သာဝကသည် “ငါသည် ဤအယူကို မှီဝဲပွားစေ၍ များစွာပြု၍ မိမိစိတ်ငြိမ်သက်ခြင်းကို ရ၏၊ မိမိ စိတ်ငြိမ်းအေးခြင်းကို ရ၏” ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤဒုတိယ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

၄၉၅။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “ဤသာသနာတော်မှအပ၌ ငါပြည့်စုံနေသော အယူ အမျိုးအစားနှင့် ပြည့်စုံသည့် တစ်ပါးသော သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေရှိသေးသလော” ဟု ဆင်ခြင်၏။ ထိုတပည့်သာဝကသည် “ဤသာသနာတော်မှ အပ၌ ငါပြည့်စုံနေသောအယူ အမျိုးအစားနှင့် ပြည့်စုံသည့် တစ်ပါးသော သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေ မရှိ” ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇ္ဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤတတိယ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

၄၉၆။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “အယူနှင့် ပြည့်စုံ သည့်ပုဂ္ဂိုလ်သည် ပြည့်စုံနေသော ထုံးတမ်းစဉ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု ဆင်ခြင်၏။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့ သဘောရှိသော ထုံးတမ်းစဉ်လာနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အာပတ်မှ ထနိုင်ကောင်းသော အာပတ်မျိုးသို့ရောက်စေကာမူ ထိုအာပတ်ကို လျင်မြန်စွာပင် မြတ်စွာဘုရားထံ၌ဖြစ်စေ၊ ပညာရှိသီတင်းသုံးဖော်တို့ထံ၌ဖြစ်စေ (ဒေသနာ) ကြား၏၊ ဖော်ပြ၏၊ ပေါ်လွင်အောင် ပြု၏၊ (ဒေသနာ) ကြားပြီး၍ ဖော်ပြပြီး၍ ပေါ်လွင်အောင် ပြုပြီး၍ နောင်အခါ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ဤသည်ကား အယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏ ထုံးတမ်းစဉ်လာတည်း။

ရဟန်းတို့ ပက်လက်အိပ်အရွယ်ဖြစ်သော ကလေးသူငယ် လူမမယ်သည် လက်ဖြင့်ဖြစ်စေ၊ ခြေဖြင့်ဖြစ်စေ မီးကျီးခဲကို ထိလျှင် လျင်မြန်စွာပင် ပြန်ရုတ်သကဲ့သို့ ဤအတူပင် အာပတ်မှ ထနိုင်ကောင်းသောအာပတ်မျိုးသို့ ရောက်စေကာမူ ထိုအာပတ်ကို လျင်မြန်စွာပင် မြတ်စွာဘုရားထံ၌ဖြစ်စေ၊ ပညာရှိသီတင်းသုံးဖော်တို့ထံ၌ဖြစ်စေ (ဒေသနာ) ကြား၏၊ ဖော်ပြ၏၊ ပေါ်လွင်အောင် ပြု၏၊ (ဒေသနာ) ကြားပြီး၍ဖော်ပြပြီး၍ ပေါ်လွင်အောင် ပြုပြီး၍ နောင်အခါ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ဤသည်ကား အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏ ထုံးတမ်းစဉ်လာတည်း။ ထိုတပည့်သာဝကသည် “အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည်ပြည့်စုံနေသော ထုံးတမ်းစဉ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု သိ၏။ ထိုတပည့်သာဝကသည်လောကမှ လွန်မြောက်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤစတုတ္ထ (ပစ္စဝေက္ခဏာ) ဉာဏ်ကိုရ၏။

၄၉၇။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “အယူနှင့် ပြည့်စုံနေသည့်ပုဂ္ဂိုလ်သည် ပြည့်စုံနေသော ထုံးတမ်းစဉ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု ဆင်ခြင်၏။ ရဟန်းတို့ အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့ သဘောရှိသော ထုံးတမ်းစဉ်လာနှင့်ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် သီတင်းသုံးဖော်တို့၏ ထိုထို ဤအမှုကြီးငယ်တို့၌ ကြောင့်ကြစိုက်နေစေကာမူ မြင့်မြတ်သော ကိုယ်ကျင့်သီလလေ့ကျင့်ခန်း ‘အဓိသီလသိက္ခာ’၊ မြင့်မြတ်သော စိတ်လေ့ကျင့်ခန်း ‘အဓိစိတ္တ သိက္ခာ’၊ မြင့်မြတ်သော ပညာလေ့ကျင့်ခန်း ‘အဓိပညာသိက္ခာ’ ၌ အလွန်ငဲ့ကွက်ခြင်းရှိ၏။ ဤသည်ကား အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ထုံးတမ်းစဉ်လာပင်တည်း။

ရဟန်းတို့ သားငယ်ရှိသော နွားမသည် မြက်ကိုလည်း ဆွဲစား၏၊ နွားငယ်ကိုလည်း စောင့်ငဲ့ကြည့်ရှုသကဲ့သို့၊ ဤအတူပင် အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် သီတင်းသုံးဖော်တို့၏ ထိုထို ဤအမှုကြီးငယ်တို့၌ ကြောင့်ကြစိုက်နေစေကာမူ မြင့်မြတ်သော ကိုယ်ကျင့်သီလလေ့ကျင့်ခန်း ‘အဓိသီလသိက္ခာ’၊ မြင့်မြတ်သောစိတ် လေ့ကျင့်ခန်း ‘အဓိစိတ္တသိက္ခာ’၊ မြင့်မြတ်သော ပညာလေ့ကျင့်ခန်း ‘အဓိပညာသိက္ခာ’၌ အလွန်ငဲ့ကွက်ခြင်း ရှိ၏။ ဤသည်ကား အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ထုံးတမ်းစဉ်လာပင်တည်း။

ထိုတပည့်သာဝကသည် “အယူနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်သည် ပြည့်စုံနေသော ထုံးတမ်းစဉ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် မြတ်သော ဤပဉ္စမ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

၄၉၈။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “အယူနှင့် ပြည့်စုံ သည့်ပုဂ္ဂိုလ်သည် ပြည့်စုံနေသောအား အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု ဆင်ခြင်၏။

ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့သဘောရှိသော အားနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရား ဟောကြားထားသော ဓမ္မ ဝိနယကို ဟောကြားလတ်သော် အလိုရှိသည်ကို ပြု၍ နှလုံးသွင်း၍ အလုံးစုံသောစိတ်ဖြင့် မှတ်သား၍ နားစိုက်လျက်တရားကို နာ၏။ ဤသည်ကား အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏ အားတည်း။ ထိုတပည့်သာဝကသည် “အယူနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်သည် ပြည့်စုံနေသော စွမ်းအား အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟုသိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇ္ဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သောဤဆဋ္ဌ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

၄၉၉။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “အယူနှင့် ပြည့်စုံ သည့်ပုဂ္ဂိုလ်သည် ပြည့်စုံနေသော အားအမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု ဆင်ခြင်၏။

ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့သဘောရှိသော အားနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားဟောထားသော ဓမ္မ ဝိနယကို ဟောကြားလတ်သော် အနက်အဓိပ္ပါယ်နားလည်မှုကို ရ၏၊ စကားနားလည်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏။ ဤသည်ကား အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ အားတည်း။ ထိုတပည့်သာဝကသည် “အယူနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်သည် ပြည့်စုံနေသော အားနှင့် ငါလည်း ပြည့်စုံ၏” ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤသတ္တမ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

၅ဝဝ။ ရဟန်းတို့ ဤသို့ အင်္ဂါခုနစ်ပါးတို့နှင့်ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သာဝကသည်သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုသောအားဖြင့် ထုံးတမ်းစဉ်လာကို ကောင်းစွာ စူးစမ်းပြီးပြီ။

ရဟန်းတို့ ဤသို့ အင်္ဂါခုနစ်ပါးတို့နှင့်ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သာဝကသည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံသူ ဖြစ်၏ဟု ဤတရားစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားစကားကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။

ရှစ်ခုမြောက် ကောသမ္ဗိယသုတ်ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection