LibraryMNMN 55
MN 559 min read

With Jīvaka

Jīvaka Sutta

20
PDFGenerated
01 · Overview

The Buddha’s personal doctor, Jīvaka, hears criticisms of the Buddha’s policy regarding eating meat, and asks him about it.

02 · Reading guide

Read the full discourse slowly and use the prebuilt MP3 for continuous listening.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၅—ဇီဝကသုတ် မဇ္ဈိမနိကာယ် ၅—ဇီဝကသုတ် ၅၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် အဘယမင်းသား မွေးစားသော ဇီဝက၏သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အဘယမင်းသား မွေးစားသော ဇီဝကသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား တပည့်တော်သည် ဤသို့သော စကားကို ကြားဖူးပါ၏—’ရဟန်းဂေါတမကိုရည်ညွှန်း၍ သတ္တဝါကို သတ်ကြကုန်၏၊ ရည်ညွှန်း၍ ပြုသော မိမိကိုစွဲ၍ ပြုသော ထိုအသားကို ရဟန်းဂေါတမသည် သိလျက် သုံးဆောင်စားသောက်၏’ဟု ကြားရပါသည်။ အသျှင်ဘုရား ‘ရဟန်းဂေါတမကို့ရည်ညွှန်း၍ သတ္တဝါကို သတ်ကြကုန်၏၊ ရည်ညွှန်း၍ ပြုသော မိမိကိုစွဲ၍ ပြုသော ထိုအသားကိုရဟန်းဂေါတမသည် သိလျက် သုံးဆောင်စားသောက်၏’ဟု ဤသို့ပြောဆိုသော သူတို့သည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ကြပါကုန်၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သောအားဖြင့်မစွပ်စွဲဘဲလည်း ရှိကြပါကုန်၏လော၊ အကြောင်းမှန်ကိုလည်း အကြောင်းမှန်အား လျော်စွာပြောကြားကြပါ ကုန်၏လော၊ မြတ်စွာဘုရား၏ စကားကို လိုက်၍ ပြောဆိုခြင်းသည်သူတစ်ပါးကဲ့ရဲ့အပ်သော အကြောင်း ရှိသည်ဖြစ်၍ ကဲ့ရဲ့စရာအကြောင်းသည် အနည်းငယ်မျှမဖြစ်ပါသလော”ဟု လျှောက်၏။

၅၂။ ဇီဝက “ရဟန်းဂေါတမကို ရည်ညွှန်း၍ သတ္တဝါကို သတ်ကြကုန်၏၊ ရည်ညွှန်း၍ ပြုသော မိမိကိုစွဲ၍ပြုသော ထိုအသားကို ရဟန်းဂေါတမသည် သိလျက် သုံးဆောင်စားသောက်၏”ဟု ပြော ဆိုကြသောသူတို့သည် ငါ၏ စကားကို လိုက်၍ ပြောဆိုသူများ မဟုတ်ကုန်၊ ငါ့ကို မဟုတ်မမှန်သော အားဖြင့်စွပ်စွဲကြကုန်၏။ ဇီဝက သုံးပါးသော အကြောင်းတို့ဖြင့် အသားကို မသုံးဆောင်ကောင်းဟူ၍ ငါဟောကြား၏။ မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်းဟူသော ဤသုံးပါးသော အကြောင်းတို့ဖြင့် အသားကိုမသုံးဆောင်ကောင်းဟူ၍ ငါ ဟောကြား၏။ ဇီဝက သုံးပါးသော အကြောင်းတို့ဖြင့် အသားကို သုံးဆောင်ကောင်း၏ဟူ၍ ငါ ဟောကြား၏။ မမြင်ခြင်း၊ မကြားခြင်း၊ ယုံမှားမရှိခြင်း ဟူသော ဤသုံးပါးသောအကြောင်းတို့ဖြင့် အသားကို သုံးဆောင်ကောင်း၏ ဟူ၍ ငါ ဟောကြား၏။

၅၃။ ဇီဝက ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော ရွာကိုလည်းကောင်း နိဂုံးကိုလည်း ကောင်းမှီ၍ နေ၏၊ ထိုရဟန်းသည် ချစ်ခြင်း ‘မေတ္တာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့ စေ၍နေ၏၊ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းဖြင့်အထက်အောက်ဖီလာ အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးပါရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသောရန်မရှိ သော ကြောင့်ကြမရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ထိုရဟန်းကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏သားသည်လည်းကောင်း ချဉ်းကပ်၍ နက်ဖြန်အတွက် ဆွမ်းစားပင့်၏၊ ဇီဝကရဟန်းသည် အလိုရှိသည်ဖြစ်၍သာလျှင် လက်ခံ၏။ ထိုရဟန်းသည်ထိုညဉ့်ကို လွန်သဖြင့် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ယူ၍ သူကြွယ်၏လည်းကောင်း၊ သူကြွယ် သား၏လည်းကောင်း အိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေ၏။ ထိုရဟန်းကို ထိုသူကြွယ်သည်လည်းကောင်း၊ ထိုသူကြွယ်၏သားသည်လည်းကောင်း မွန်မြတ်သောဆွမ်းဖြင့် လုပ်ကျွေး၏၊ ထိုရဟန်းအား “ငါ့အား ဤသူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏သားသည်လည်းကောင်း မွန်မြတ်သောဆွမ်းဖြင့် လုပ်ကျွေးပါမူ ကောင်းလေစွ”ဟု ဤသို့သော အကြံသည် မဖြစ်၊ “ငါ့အား ဤသူကြွယ်သည်လည်းကောင်း၊ ဤသူကြွယ်၏သားသည်လည်းကောင်း နောင်အခါ၌လည်း ဤသို့သော မွန်မြတ်သော ဆွမ်းဖြင့် လုပ်ကျွေးပါမူ ကောင်းလေစွ”ဟု ဤသို့လည်း ထိုရဟန်းအား အကြံသည်မဖြစ်၊ ထိုရဟန်းသည် ထိုဆွမ်းကို မတပ်မက် မတွေဝေ မစွဲလမ်းမူ၍ အပြစ်ကို ရှုလေ့ရှိသည်ဖြစ်၍ လွတ်မြောက်ကြောင်း အဆင်အခြင်ရှိသည်ဖြစ်၍ သုံးဆောင်၏။

ဇီဝက ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ထိုရဟန်းသည် ထိုအခါ၌ မိမိဆင်းရဲခြင်းငှါလည်း စေ့ဆော်သလော၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း စေ့ဆော်သလော၊ မိမိသူတစ်ပါး နှစ်ဦးလုံးဆင်းရဲခြင်းငှါလည်း စေ့ဆော်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မစေ့ဆော်ပါဟု (လျှောက်၏)။ ဇီဝက ထိုရဟန်းသည် ထိုအခါ၌ အပြစ်မရှိသည်သာလျှင်ဖြစ်သော အာဟာရကို သုံးဆောင်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါသည်ဟု (လျှောက်၏)။ အသျှင်ဘုရား “ဗြဟ္မာသည်မေတ္တာဖြင့် နေလေ့ရှိ၏”ဟူသော ဤစကားကို တပည့်တော် ကြားဖူးပါသည်၊ အသျှင်ဘုရား ထိုဗြဟ္မာကြီး့ဟူသည် ဤသည်ပင်တည်းဟု မြတ်စွာဘုရားကို အကျွန်ုပ် မျက်မြင်တွေ့ရပါသည်၊ အသျှင်ဘုရား မြတ်စွာဘုရားသည် မေတ္တာဖြင့် နေလေ့ရှိတော်မူပါပေသည်ဟု (လျှောက်၏)။

ဇီဝက အကြင်ရာဂကြောင့်လည်းကောင်း၊ ဒေါသကြောင့်လည်းကောင်း၊ မောဟကြောင့်လည်းကောင်းဆင်းရဲဖြစ်ရာ၏၊ ငါဘုရားသည် ထိုရာဂ ဒေါသ မောဟကို ပယ်ပြီးပြီ၊ အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘောမရှိတော့ချေ။ ဇီဝက သင်သည် ဤသဘောကို ရည်ရွယ်လျက် အကယ်၍ ပြောဆိုသည်ဖြစ်အံ့၊ “ငါဘုရားသည် သင်၏ ထိုစကားကို ခွင့်ပြု၏”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တပည့်တော်သည် ဤသဘောကိုသာလျှင် ရည်ရွယ်၍ ပြောဆိုပါ၏ဟု (လျှောက်၏)။

၅၄။ ဇီဝက ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော ရွာကိုလည်ကောင်း၊ နိဂုံးကိုလည်း ကောင်းအမှီပြု၍ နေ၏၊ ထိုရဟန်းသည် သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းဖြင့် အထက်အောက် ဖီလာ အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအား လုံးပါရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့်ပျံ့နှံ့စေ ၍ နေ၏။

ထိုရဟန်းကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏သားသည်လည်းကောင်း ချဉ်းကပ်၍ နက်ဖြန်အတွက် ဆွမ်းစားပင့်၏၊ ဇီဝက ရဟန်းသည် အလိုရှိသည်ဖြစ်၍သာလျှင် လက်ခံ၏။ ထိုရဟန်းသည်ထိုညဉ့်ကို လွန်သဖြင့် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ယူ၍ သူကြွယ်၏လည်းကောင်း၊ သူကြွယ် သား၏လည်းကောင်း အိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေ၏။ ထိုရဟန်းကို ထိုသူကြွယ်သည်လည်းကောင်း၊ ထိုသူကြွယ်၏သားသည်လည်းကောင်း မွန်မြတ်သောဆွမ်းဖြင့် လုပ်ကျွေး၏၊ ထိုရဟန်းအား “ငါ့အား ဤသူကြွယ်သည်လည်းကောင်း၊ ဤသူကြွယ်၏သားသည်လည်းကောင်း မွန်မြတ်သောဆွမ်းဖြင့် လုပ်ကျွေးပါမူ ကောင်းလေစွ”ဟု ဤသို့သော အကြံသည် မဖြစ်၊ “ငါ့အား ဤသူကြွယ်သည်လည်းကောင်း၊ ဤသူကြွယ်၏သားသည်လည်းကောင်း နောင်အခါ၌လည်း ဤသို့သော မွန်မြတ်သောဆွမ်းဖြင့် လုပ်ကျွေးပါမူ ကောင်းလေစွ”ဟု ဤသို့လည်း ထိုရဟန်းအား အကြံမဖြစ်၊ ထိုရဟန်းသည် ထိုဆွမ်းကို မတပ်မက် မတွေဝေ မစွဲလမ်းမူ၍ အပြစ်ကို ရှုလေ့ရှိသည်ဖြစ်၍ လွတ်မြောက်ကြောင်း အဆင်အခြင်ရှိသည်ဖြစ်၍ သုံးဆောင်၏။

ဇီဝက ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ထိုရဟန်းသည် ထိုအခါ၌ မိမိဆင်းရဲခြင်းငှါလည်း စေ့ဆော်သလော၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း စေ့ဆော်သလော၊ မိမိသူတစ်ပါးနှစ်ဦးလုံးဆင်းရဲခြင်း ငှါလည်း စေ့ဆော်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားမစေ့ဆော်ပါ (ဟု လျှောက်၏)။ ဇီဝက ထိုရဟန်းသည် ထိုအခါ၌ အပြစ်မရှိသည်သာလျှင်ဖြစ်သောအာဟာရကို သုံးဆောင်သည် မဟုတ် လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါသည် (ဟု လျှောက်၏)။ အသျှင်ဘုရား “ဗြဟ္မာသည် ဥပေက္ခာဖြင့် နေလေ့ရှိ၏” ဟူသောဤစကားကို တပည့်တော် ကြားဖူးပါသည်၊ အသျှင်ဘုရား ထိုဗြဟ္မာ ကြီးဟူသည် ဤသည်ပင်တည်းဟုမြတ်စွာဘုရားကို အကျွန်ုပ် မျက်မြင်တွေ့ရပါသည်၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ဥပေက္ခာဖြင့်နေလေ့ရှိတော်မူပါပေသည်ဟု (လျှောက်၏)။

ဇီဝက အကြင် ရာဂကြောင့်လည်းကောင်း ဒေါသကြောင့်လည်းကောင်း မောဟကြောင့်လည်းကောင်းဆင်းရဲခြင်း မမွေ့လျော်ခြင်း အမျက်ထွက်ခြင်း ဖြစ်ရာ၏၊ ငါဘုရားသည် ထို ရာဂ ဒေါသ မောဟကို့ပယ်ပြီးပြီ၊ အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိတော့ချေ။ ဇီဝက သင်သည် ဤသဘောကို ရည်ရွယ်၍ အကယ်၍ ပြောဆိုသည် ဖြစ်အံ့၊ “ငါဘုရားသည် သင်၏ ထိုစကားကို ခွင့်ပြု၏”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တပည့်တော်သည် ဤသဘောကိုသာလျှင် ရည်ရွယ်၍ ပြောဆိုပါ၏ဟု (လျှောက်၏)။

၅၅။ ဇီဝက မြတ်စွာဘုရားကိုလည်းကောင်း မြတ်စွာဘုရား၏ တပည့်သားကိုလည်းကောင်း ရည်ညွှန်း၍ သတ္တဝါကို သတ်ဖြတ်ညှဉ်းဆဲသော ထိုသူကြွယ်သည် ငါးပါးသော အကြောင်းတို့ဖြင့် များစွာသောမကောင်းမှုကို ဖြစ်ပွါးစေ၏။ ထိုသူကြွယ် သည် “သွားကြလေကုန်၊ ဤမည်သော သတ္တဝါကို ဆောင်ယူခဲ့ကြကုန်”ဟု ဤသို့ ပြောဆိုသော ဤရှေးဦးစွာသော အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေ၏။ ထိုသူသည် လည်ပင်း၌ ဖွဲ့ချည်၍ အဆောင်ခံရသော သတ္တဝါ၏ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခံစားရခြင်းဟူသော ဤနှစ်ခုမြောက်သော အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေ၏။ ထိုသူသည် “သွားကြကုန်၊ ဤသတ္တဝါကို သတ်ခဲ့ကြလေကုန်”ဟု ဤသို့ ပြောဆိုသော ဤသုံးခုမြောက်အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေ၏။ ထိုသူသည် အသတ်ခံရသော သတ္တဝါ၏ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ခံစားရခြင်းဟူသော ဤလေးခု မြောက်အကြောင်းဖြင့် များစွာသော မကောင်းမှုကိုဖြစ်ပွါးစေ၏။ ထိုသူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သားကိုလည်းကောင်းမအပ်သော အသားမျိုးဖြင့် အရှိန်အစော်မဲ့စေခြင်းဟူသော ဤငါး ခုမြောက် အကြောင်းဖြင့် များစွာသောမကောင်းမှုကို ဖြစ်ပွါးစေ၏။ ဇီဝက မြတ်စွာဘုရားကိုလည်းကောင်း မြတ်စွာဘုရား၏ တပည့်သားကိုလည်းကောင်း ရည်ညွှန်း၍ သတ္တဝါကို သတ်ဖြတ်ညှဉ်းဆဲသောသူသည် ဤငါးပါးသော အကြောင်းတို့ဖြင့်များစွာသော မကောင်းမှုကို ဖြစ်ပွါးစေ၏။

ဤသို့ မိန့်တော်မူသော် အဘယမင်းသား မွေးစားသော ဇီဝကသည် မြတ်စွာဘုရားအား “အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား အပ်သော အာဟာရကိုသာလျှင် ရဟန်းတော်တို့သည် သုံးဆောင်ကြပေကုန်စွတကား။ အသျှင်ဘုရား ရဟန်းတော်တို့သည် အပြစ်မရှိသော အာဟာရကိုသာလျှင် သုံးဆောင်ကြပေကုန်စွတကား။ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ။ပ။ မြတ်စွာဘုရားသည် တပည့်တော်ကို ယနေ့မှ အစပြု၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်ထားလေ၏)။

ငါးခုမြောက် ဇီဝကသုတ် ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection