LibraryMNMN 57
MN 5714 min read

The Ascetic Who Behaved Like a Dog

Kukkuravatika Sutta

20
PDFGenerated
01 · Overview

Some ascetics in ancient India undertook extreme practices, such as a vow to behave like an ox or a dog. The Buddha meets two such individuals, and is reluctantly pressed to reveal the kammic outcomes of such practice.

02 · Reading guide

Read the full discourse slowly and use the prebuilt MP3 for continuous listening.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၇—ကုက္ကုရဝတိကသုတ် မဇ္ဈိမနိကာယ် ၇—ကုက္ကုရဝတိကသုတ် ၇၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောလိယတိုင်း ဟလိဒ္ဒဝသနမည်သော နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကောလိယ၏သား နွားကျင့်ကျင့်သော ပုဏ္ဏသည်လည်းကောင်း၊ အဝတ်မဝတ်သောခွေးကျင့်ကျင့်သော သေနိယသည်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် ကောလိယ၏သား နွားကျင့်ကျင့်သော ပုဏ္ဏသည် ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏။

အဝတ်မဝတ်သော ခွေးကျင့်ကျင့်သော သေနိယသည်ကား မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်း သာ့ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ ခွေးကဲ့သို့ ခွေ၍ တစ်ခု သောနေရာ၌ နေ၏။ တစ်ခုသော နေရာ၌ ထိုင်နေသော ကောလိယ၏သား နွားကျင့်ကျင့်သော ပုဏ္ဏ သည်မြတ်စွာဘုရားကို—

“အသျှင်ဘုရား အဝတ်မဝတ်သော ခွေးကျင့်ကျင့်သော ဤသေနိယသည် ပြုနိုင်ခဲသည်ကို ပြု၏၊ မြေ၌ပစ်ချထားသော အစာကို စား၏၊ ထိုသေနိယသည် ထိုခွေးကျင့်ကို ရှည်မြင့်စွာသော ကာလပတ်လုံးပြည့်စုံစွာ ဆောက်တည်ထား၏၊ ထိုသေနိယ၏ လားရာကား အဘယ်ပါနည်း၊ တမလွန်လောကသည်ကားအဘယ်ပါနည်း”ဟု လျှောက်၏။ ပုဏ္ဏ မသင့်လျော်ချေ၊ ဤပြဿနာ ရှိစေဦးလော့၊ ငါ့ကို ဤပြဿနာကိုမမေးလင့်ဟု (မိန့်တော်မူ၏)။ နှစ်ကြိမ်မြောက်လည်း ကောလိယ၏သား နွားကျင့်ကျင့်သောပုဏ္ဏသည်။ပ။ သုံးကြိမ်မြောက်လည်း ကောလိယ၏သား နွားကျင့်ကျင့်သော ပုဏ္ဏသည် မြတ်စွာဘုရားကို—“အသျှင် ဘုရား အဝတ်မဝတ်သော ခွေးကျင့်ကျင့်သော ဤသေနိယသည် ပြုနိုင်ခဲသည်ကို ပြု၏၊ မြေ၌ပစ်ချထား သော အစာကို စား၏၊ ထိုသေနိယသည် ထိုခွေးကျင့်ကို ရှည်မြင့်စွာသော ကာလပတ်လုံးပြည့်စုံစွာ ဆောက်တည်ထား၏၊ ထိုသေနိယ၏ လားရာကား အဘယ်ပါနည်း၊ တမလွန်လောကသည်ကားအဘယ်ပါ နည်း”ဟု လျှောက်၏။

၇၉။ ပုဏ္ဏ ငါသည် သင့်အား “ပုဏ္ဏ မသင့်လျော်ချေ၊ ဤပြဿနာ ရှိစေဦးလော့၊ ငါ့ကို ဤပြဿနာကို မမေးလင့်”ဟု ဆိုသော်လည်း မရခဲ့၊ သို့ဖြစ်၍ သင့်အား ငါ ဖြေကြားတော့အံ့။ ပုဏ္ဏအချို့ သောသူသည် ခွေးကျင့်ကို ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၏၊ ခွေးအလေ့အထကို ပြည့်ပြည့်စုံစုံမပြတ်မလပ် ပွါးများ၏၊ ခွေးစိတ်ကို ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၏၊ ခွေးအမူအရာကို ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၏၊ ထိုသူသည် ခွေးကျင့်ကို ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၍ခွေးအလေ့အထကို ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၍ ခွေးစိတ်ကို ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၍ခွေးအမူအရာကို ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၍ ကိုယ်ခန္ဓာ ပျက်ဆီး၍ သေပြီးသည်မှ နောက်၌ခွေးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရလေ၏၊ ထိုသူမှာ “ငါသည် ဤအလေ့အထ ဤဝတ်ဤခြိုးခြံသောအကျင့် ဤမြတ်သောအကျင့်ဖြင့် ထင်ရှားသော နတ်သော်လည်းကောင်း၊ မထင်ရှားသောနတ်သော်လည်းကောင်း ဖြစ်ရအံ့”ဟု အကယ်၍ အယူအစွဲ ရှိငြားအံ့၊ ထိုအယူ အစွဲသည် မှားသောအယူအစွဲဖြစ်၏။ ပုဏ္ဏ မှားသော အယူအစွဲရှိသောသူ၏ ငရဲ၊ သို့မဟုတ် တိရစ္ဆာန်မျိုး ဟူသောလားရာနှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာကို ငါဆို၏။ ပုဏ္ဏ ဤသို့လျှင် ခွေးကျင့်နှင့် ပြည့်စုံလတ်သော် ခွေးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏၊ မပြည့်စုံလတ်သော် ငရဲသို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်ကြားတော်မူလတ်သော် အဝတ်မဝတ်သော ခွေးကျင့်ကျင့်သော သေနိယသည်ငို၏၊ မျက်ရည်ကျ၏။

ထိုအခါ မြတ်စွာဘုရားသည် ကောလိယ၏သား နွားကျင့်ကျင့်သော ပုဏ္ဏကို “ပုဏ္ဏ ငါသည် သင့်အား’ပုဏ္ဏ မသင့်လျော်ချေ၊ ဤပြဿနာ ရှိစေဦးလော့၊ ငါ့ကို ဤပြဿနာကို မမေးလင့်’ဟု ဆိုသော်လည်းမရခဲ့ချေ”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား အကျွန်ုပ်ကို မြတ်စွာဘုရား ဤသို့ မိန့်တော်မူသည်ကိုအကျွန်ုပ် မငိုပါ၊ အသျှင်ဘုရား စင်စစ်အားဖြင့် အကျွန်ုပ်သည် ဤခွေးကျင့်ကို ရှည်မြင့်စွာသောကာလပတ်လုံး ပြည့်ပြည့်စုံစုံ ဆောက်တည်ထားမိပါ၏၊ ထို့ကြောင့် ငိုကြွေးမိပါ၏။ အသျှင်ဘုရားကောလိယ၏ သားဖြစ်သော ဤပုဏ္ဏသည် နွားကျင့်ကျင့်ပါ၏၊ ထိုပုဏ္ဏသည် ရှည်မြင့် စွာသောကာလပတ်လုံး နွားကျင့်ကို ပြည့်ပြည့်စုံစုံ ဆောက်တည်ထား ပါ၏၊ ထိုပုဏ္ဏ၏ လားရာကားအဘယ်ပါနည်း၊ တမလွန် လောကသည်ကား အဘယ်ပါနည်း”ဟု လျှောက်၏။ သေနိယ မသင့်လျော်ချေ၊ ဤပြဿနာ ရှိစေဦးလော့၊ ငါ့ကို ဤပြဿနာကို မမေးလင့်’ဟု (မိန့်တော်မူ၏)။ နှစ်ကြိမ်မြောက်လည်း အဝတ်မဝတ်သော သေနိယသည်။ပ။ သုံးကြိမ်မြောက်လည်း အဝတ်မဝတ်သော ခွေးကျင့်ကျင့်သော သေနိယသည် မြတ်စွာဘုရားကို — “အရှင်ဘုရား ကောလိယ၏သား ဤပုဏ္ဏသည် နွားကျင့်ကျင့်ပါ၏၊ ထိုပုဏ္ဏသည် ရှည်မြင့်စွာသော ကာလပတ်လုံး နွားကျင့်ကို ပြည့်ပြည့်စုံစုံ ဆောက်တည်ထားပါ၏၊ ထိုပုဏ္ဏ၏ လားရာကား အဘယ်ပါနည်း၊ တမလွန်လောကသည်ကား အဘယ်ပါနည်း”ဟုလျှောက်၏။

၈ဝ။ သေနိယ ငါသည် သင့်အား “သေနိယ မသင့်လျော်ချေ၊ ဤပြဿနာ ရှိစေဦးလော့၊ ငါ့ကိုဤပြဿနာကို မမေးလင့်”ဟု ဆိုသော်လည်း မရခဲ့၊ သို့ဖြစ်၍ သင့်အား ငါ့ဖြေကြားတော့အံ့။ သေနိယ အချို့ သောသူသည် နွားကျင့်ကို ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၏၊ နွားအလေ့အထကိုပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၏၊ နွားစိတ်ကို ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၏၊ နွားအမူအရာကိုပြည့် ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၏။

ထိုသူသည် နွားကျင့်ကို ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၍ နွားအလေ့အထကို ပြည့်ပြည့်စုံစုံမပြတ်မလပ် ပွါးများ၍ နွားစိတ်ကို ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၍ နွားအမူအရာကို ပြည့်ပြည့်စုံစုံမပြတ်မလပ် ပွါးများ၍ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ နွားတို့၏ အပေါင်းအဖော်အဖြစ်သို့ရောက်ရ၏၊ ထိုသူမှာ “ငါသည် ဤအလေ့အထ ဤဝတ် ဤခြိုးခြံသော အကျင့် ဤမြတ်သောအကျင့်ဖြင့် ထင်ရှားသော နတ်သော်လည်းကောင်း၊ မထင်ရှားသော နတ်သော်လည်းကောင်း ဖြစ်အံ့”ဟုအကယ်၍ အယူအစွဲ ရှိငြားအံ့။ ထိုအယူအစွဲသည် မှားသော အယူအစွဲ ဖြစ်၏။ သေနိယ မှားသောအယူအစွဲ ရှိသောသူ၏ ငရဲ၊ သို့မဟုတ် တိရစ္ဆာန်မျိုးဟူသော လားရာ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသောလားရာကို ငါဆို၏။ သေနိယ ဤသို့လျှင် နွားအကျင့်နှင့် ပြည့်စုံလတ်သော် နွားတို့၏အပေါင်းအဖော်အဖြစ်သို့ ရောက်ရ ၏၊ မပြည့်စုံလတ်သော် ငရဲသို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။ ဤသို့မိန့်တော်မူသော် ကောလိယ၏သား နွားကျင့်ကျင့်သော ပုဏ္ဏသည် ငို၏၊ မျက်ရည်ကျ၏။

ထိုအခါ မြတ်စွာဘုရားသည် အဝတ်မဝတ်သော ခွေးကျင့်ကျင့်သော သေနိယကို—“သေနိယ ငါသည်သင့်အား ‘သေနိယ မသင့်လျော်ချေ၊ ဤပြဿနာ ရှိစေဦးလော့၊ ငါ့ကို ဤပြဿနာကို မမေးလင့်’ဟုဆိုသော်လည်း မရခဲ့ချေ”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား အကျွန်ုပ်ကို မြတ်စွာဘုရား ဤသို့ မိန့်ကြားတော်မူသည်ကို အကျွန်ုပ် မငိုပါ၊ အသျှင်ဘုရား စင်စစ်အားဖြင့် အကျွန်ုပ်သည် ဤနွားကျင့်ကို ရှည်မြင့်စွာသော ကာလပတ်လုံး ပြည့်ပြည့်စုံစုံ ဆောက်တည်ထားမိပါ၏၊ ထို့ကြောင့် ငိုကြွေးမိပါ၏၊ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား၌ ဤသို့ ကြည်ညိုပါ၏၊ အကျွန်ုပ်သည် ဤနွားကျင့်ကိုစွန့်နိုင်မည့် အခြင်းအရာအားဖြင့်, အဝတ်မဝတ်သော ခွေးကျင့် ကျင့်သော ဤသေနိယသည်လည်းထိုခွေးကျင့်ကို စွန့်နိုင်မည့် အခြင်းအရာအားဖြင့် မြတ်စွာဘုရားသည် တရားဟောခြင်းငှါ စွမ်းနိုင်၏ဟု (ယုံကြည်ပါ၏)”ဟု (လျှောက်၏)။

ပုဏ္ဏ သို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ကောလိယ၏သား နွားကျင့်ကျင့်သော ပုဏ္ဏသည် မြတ်စွာဘုရား၏စကားကို ဝန်ခံ၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

၈၁။ ပုဏ္ဏ ငါကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုကာ ဟောကြားထားသောကံတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း— မည်းညစ်၍ မည်းညစ်သောအကျိုးရှိသောကံ၊ ဖြူစင်၍ ဖြူစင်သော အကျိုးရှိသောကံ၊ အမည်း အဖြူရောသည်ဖြစ်၍ အမည်း အဖြူရောသောအကျိုးရှိသောကံ၊ အမည်းအညစ်လည်းမဟုတ် အဖြူလည်းမဟုတ်သည်ဖြစ်၍, အမည်းအညစ်လည်းမဟုတ် အဖြူလည်းမဟုတ်သော အကျိုးရှိသော ကံကုန်ခြင်းကို ဖြစ်စေတတ်သည့် ကံသည် ရှိ၏၊ (ဤလေးပါးတို့တည်း)။

ပုဏ္ဏ မည်းညစ်၍ မည်းညစ်သောအကျိုးရှိသော ကံဟူသည် အဘယ်နည်း—ပုဏ္ဏ အချို့သော သူသည့်ဆင်းရဲ (ကြောင်းဖြစ်) သော ကိုယ်ဖြင့် ပြုလုပ်မှု ‘ကာယသင်္ခါရ’ကို ပြုလုပ်၏၊ ဆင်းရဲ (ကြောင်းဖြစ်) သော နှုတ်ဖြင့် ပြုလုပ်မှု ‘ဝစီသင်္ခါရ’ ကို ပြုလုပ်၏၊ ဆင်းရဲ (ကြောင်းဖြစ်) သော စိတ်ဖြင့် ပြုလုပ်မှု’မနောသင်္ခါရ’ ကို ပြုလုပ်၏။ ထိုသူသည် ဆင်းရဲ (ကြောင်းဖြစ်) သော ကိုယ်ဖြင့် ပြုလုပ်မှုကို ပြုလုပ်သောကြောင့်၊ ဆင်းရဲ (ကြောင်းဖြစ်) သော နှုတ်ဖြင့် ပြုလုပ်မှုကို ပြုလုပ်သောကြောင့်၊ ဆင်းရဲ (ကြောင်းဖြစ်) သော စိတ်ဖြင့် ပြုလုပ်မှုကို ပြုလုပ်သောကြောင့် ဆင်းရဲသော လောကသို့ ရောက်ရ၏၊ ဆင်းရဲသောလောကသို့ ရောက်ရသော ထိုသူ့ကို ဆင်းရဲသော အတွေ့အထိတို့သည် တွေ့ထိကုန်၏၊ ထိုသူသည်ဆင်းရဲသော အတွေ့အထိတို့ တွေ့ထိသည်ရှိသော် စင်စစ် ဆင်းရဲသော ဝေဒနာကို ခံစားရ၏၊ ငရဲသို့ကျခံရသော သတ္တဝါတို့ကဲ့သို့တည်း။ ပုဏ္ဏ ဤသို့လျှင် ကံကြောင့် သတ္တဝါ၏ ဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ ပြုလုပ်သော ကံကြောင့်သာလျှင် ဖြစ်ပေါ်၍ လာ၏၊ ထိုဖြစ်ပေါ်လာသော သတ္တဝါကိုအတွေ့အထိတို့သည် တွေ့ထိကြကုန်၏၊ ပုဏ္ဏ ဤသို့လည်း ‘သတ္တဝါတို့သည် ကံသာလျှင် အမွေဥစ္စာရှိကုန်၏’ ဟူ၍ ငါ ဟောကြား၏။ ပုဏ္ဏ ဤကံကို မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော ကံဟူ၍ဆိုရ၏။ (၁)

ပုဏ္ဏ ဖြူစင်၍ ဖြူစင်သောအကျိုးရှိသော ကံဟူသည် အဘယ်နည်း—ပုဏ္ဏ အချို့သောသူသည်မဆင်းရဲ (ကြောင်းဖြစ်) သော ကိုယ်ဖြင့် ပြုလုပ်မှုကို ပြုလုပ်၏၊ မဆင်းရဲ (ကြောင်းဖြစ်) သော နှုတ်ဖြင့်ပြုလုပ်မှုကို ပြုလုပ်၏၊ မဆင်းရဲ (ကြောင်းဖြစ်) သော စိတ်ဖြင့် ပြုလုပ်မှုကို ပြုလုပ်၏၊ ထိုသူသည် ထိုမဆင်းရဲ (ကြောင်းဖြစ်) သော ကိုယ်ဖြင့် ပြုလုပ်မှုကို ပြုလုပ်သောကြောင့်၊ မဆင်းရဲ (ကြောင်းဖြစ်) သောနှုတ်ဖြင့် ပြုလုပ်မှုကို ပြုလုပ်သောကြောင့်၊ မဆင်းရဲ (ကြောင်းဖြစ်) သော စိတ်ဖြင့် ပြုလုပ်မှုကို ပြုလုပ်သောကြောင့် မဆင်းရဲသော လောကသို့ ရောက်ရ၏၊ မဆင်းရဲသော လောကသို့ ရောက်သော ထိုသူ့ကိုမဆင်းရဲသော အတွေ့အထိတို့သည် တွေ့ထိကုန်၏၊ ထိုသူသည် မဆင်းရဲသော အတွေ့အထိတို့ တွေ့ထိသည်ရှိသော် စင်စစ် ချမ်းသာသော ဝေဒနာကို ခံစားရ၏၊ သုဘကိဏှာ ဗြဟ္မာတို့ကဲ့သို့တည်း။ ပုဏ္ဏဤသို့လျှင် ကံကြောင့် သတ္တဝါ၏ ဖြစ်ပေါ်လာခြင်းသည် ဖြစ်၏။ ပြုလုပ်သော ကံကြောင့်သာလျှင်ဖြစ်ပေါ် ၍ လာ၏၊ ထိုဖြစ်ပေါ်လာသော သတ္တဝါကို အတွေ့အထိတို့သည် တွေ့ထိကုန်၏၊ ပုဏ္ဏဤသို့လည်း ‘သတ္တဝါတို့သည် ကံသာလျှင် အမွေဥစ္စာ ရှိကုန်၏’ ဟူ၍ ငါ ဟောကြား၏။ ပုဏ္ဏ ဤကံကိုဖြူစင်၍ ဖြူစင်သောအကျိုးရှိသော ကံဟူ၍ ဆိုရ၏။ (၂)

ပုဏ္ဏ အမည်းအဖြူရောသည်ဖြစ်၍ အမည်းအဖြူရောသော အကျိုးရှိသော ကံဟူသည် အဘယ် နည်း—ပုဏ္ဏ အချို့သောသူသည် ဆင်းရဲ (ကြောင်းဖြစ်) သော ကိုယ်ဖြင့် ပြုလုပ်မှုကိုလည်းကောင်း၊ မဆင်းရဲ (ကြောင်းဖြစ်) သော ကိုယ်ဖြင့် ပြုလုပ်မှုကိုလည်းကောင်း၊ ပြုလုပ်၏၊ ဆင်းရဲ (ကြောင်းဖြစ်) သောနှုတ်ဖြင့် ပြုလုပ်မှုကိုလည်းကောင်း၊ မဆင်းရဲ (ကြောင်းဖြစ်) သော နှုတ်ဖြင့် ပြုလုပ်မှုကိုလည်းကောင်း၊ ပြုလုပ်၏၊ ဆင်းရဲ (ကြောင်းဖြစ်) သော စိတ်ဖြင့်ပြု လုပ်မှုကိုလည်းကောင်း၊ မဆင်းရဲ (ကြောင်းဖြစ်) သောစိတ်ဖြင့် ပြုလုပ်မှုကိုလည်းကောင်း၊ ပြုလုပ်၏၊ ထိုသူသည် ဆင်းရဲ (ကြောင်းဖြစ်) သော ကိုယ်ဖြင့် ပြုလုပ်မှုကိုလည်းကောင်း၊ မဆင်းရဲ (ကြောင်းဖြစ်) သော ကိုယ်ဖြင့် ပြုလုပ်မှုကိုလည်းကောင်း၊ ပြုလုပ်သောကြောင့်၊ ဆင်းရဲ (ကြောင်းဖြစ်) သော နှုတ်ဖြင့် ပြုလုပ်မှုကိုလည်းကောင်း၊ မဆင်းရဲ (ကြောင့်ဖြစ်) သောနှုတ်ဖြင့် ပြုလုပ်မှုကိုလည်းကောင်း၊ ပြုလုပ်သောကြောင့်၊ ဆင်းရဲ (ကြောင်းဖြစ်) သော စိတ်ဖြင့် ပြုလုပ်မှုကိုလည်းကောင်း၊ မဆင်းရဲ (ကြောင်းဖြစ်) သော စိတ်ဖြင့် ပြုလုပ်မှုကိုလည်းကောင်း ပြုလုပ်သောကြောင့်ဆင်းရဲသည်လည်းဖြစ်သော မဆင်းရဲသည်လည်းဖြစ်သော လောကသို့ ရောက်ရ၏၊ ဆင်းရဲသည်လည်းဖြစ်သော မဆင်းရဲသည်လည်းဖြစ်သော လောကသို့ ရောက်ရသော ထိုသူ့ကို ဆင်းရဲသည်လည်းဖြစ်သော မဆင်းရဲသည်လည်း ဖြစ်သော အတွေ့အထိတို့သည် တွေ့ထိကြကုန်၏၊ ထိုသူသည် ဆင်းရဲသည်လည်း ဖြစ်သော မဆင်းရဲသည်လည်း ဖြစ်သော အတွေ့အထိတို့ တွေ့ထိသည်ရှိသော် ချမ်းသာ ဆင်းရဲ့ရောပြွမ်းနေသော ဝေဒနာတို့ကို ခံစားရ၏၊ လူနှင့် အချို့သောနတ် အချို့သော ဝိနိပါတိကအသုရာတို့ကဲ့သို့တည်း။ ပုဏ္ဏ ဤသို့လျှင် ကံကြောင့် သတ္တဝါ၏ ဖြစ်ပေါ်လာခြင်းသည် ဖြစ်၏။ ပြုလုပ်သောကံကြောင့်သာလျှင် ဖြစ်ပေါ်၍လာ၏၊ ထိုဖြစ်ပေါ်လာသော သတ္တဝါကို အတွေ့အထိတို့သည်တွေ့ထိကုန်၏၊ ပုဏ္ဏ ဤသို့လည်း ‘သတ္တဝါတို့သည် ကံသာလျှင် အမွေဥစ္စာ ရှိကုန်၏’ ဟူ၍ ငါဟောကြား၏။ ပုဏ္ဏ ဤကံကို အမည်း အဖြူရောသည်ဖြစ်၍ အမည်း အဖြူရောသော အကျိုးရှိသောကံဟူ၍ ဆိုရ၏။ (၃)

ပုဏ္ဏ အမည်းအညစ်လည်းမဟုတ် အဖြူလည်းမဟုတ်သည်ဖြစ်၍, အမည်းအညစ်လည်းမဟုတ်အဖြူလည်း မဟုတ်သော အကျိုးရှိသော ကံကုန်ခြင်းကို ဖြစ်စေတတ်သော ကံဟူသည် အဘယ်နည်း —ပုဏ္ဏ မည်းညစ်၍ မည်းညစ်သောအကျိုးရှိသောကံကို ပယ်သတ်ခြင်းငှါ စေ့ဆော်မှု၊ ဖြူစင်၍ ဖြူစင်သောအကျိုးရှိသောကံကို ပယ်သတ်ခြင်းငှါ စေ့ဆော်မှု၊ အမည်းအဖြူရောသည်ဖြစ်၍ အမည်းအဖြူရောသောအကျိုးရှိသောကံကို ပယ်သတ်ခြင်းငှါ စေ့ဆော်မှု၊ ပုဏ္ဏ ဤစေ့ဆော်မှုမျိုးကို အမည်းအညစ်လည်းမဟုတ်အဖြူလည်းမဟုတ်သည် ဖြစ်၍, အမည်းအညစ်လည်းမဟုတ် အဖြူလည်းမဟုတ်သောအကျိုးရှိသော ကံကုန်ခြင်းကို ဖြစ်စေတတ်သော ကံဟူ၍ ဆိုရ၏။ ပုဏ္ဏ ငါကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားထားသော ကံလေးပါးတို့သည် ဤသည်တို့ပင်တည်းဟု (မိန့်တော်မူ၏)။ (၄)

၈၂။ ဤသို့မိန့်တော်မူသော် နွားအကျင့်ရှိသော ကောလိယ၏သား ပုဏ္ဏသည် မြတ်စွာဘုရားကို—

“အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား ဥပမာသော်ကား။ပ။ အကျွန်ုပ်ကို ယနေ့မှ စ၍အသက်ထက်ဆုံး (ရတနာသုံးပါးကို) ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ”ဟု လျှောက်၏။ အဝတ်မဝတ်သော ခွေးကျင့် ကျင့်သော သေနိယသည်ကား မြတ်စွာဘုရားကို—“အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား ဥပမာသော်ကား။ပ။ ပြတော်မူပါပေ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏အထံတော်၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု (လျှောက်၏)။

သေနိယ သာသနာတော်မှ တစ်ပါးသော အယူရှိသည့် တိတ္ထိဖြစ်ဖူးသူသည် ဤ ဓမ္မဝိနယ ‘သာသနာတော်’၌ ရှင်အဖြစ်ကို ရလိုမူ ရဟန်းအဖြစ်ကို ရလိုမူ လေးလတို့ပတ်လုံး အစမ်းကျင့်သုံးရ၏၊ လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင် ရှင်ပြုပေးကုန်လတ္တံ့၊ ရဟန်းအဖြစ်သို့မြှင့်တင်ပေးကုန် လတ္တံ့၊ သို့သော် ဤအရာ၌ ငါသည်ကား ပုဂ္ဂိုလ်တို့၏ ခြားနားသည့်အဖြစ်ကိုသိတော်မူ ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား သာသနာတော်မှ တစ်ပါးသော အယူရှိသည့် တိတ္တိဖြစ်ဖူးသော သူသည် ဤ ဓမ္မဝိနယ ‘သာသနာတော်’ ၌ အကယ်၍ ရှင်အဖြစ်ကို ရလိုမူ ရဟန်းအဖြစ်ကို ရလိုမူ လေးလတို့ပတ်လုံးအစမ်းကျင့်သုံးကြ၍ လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ်သောစိတ်ရှိကြလျှင် ရှင်ပြုပေးကုန်ငြားအံ့၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးကုန်ငြားအံ့၊ အကျွန်ုပ်သည် လေးနှစ်တို့ပတ်လုံး အစမ်းကျင့်သုံးပါမည်၊ လေးနှစ်လွန်သောအခါ ရဟန်းတို့သည် ကျေနပ်သောစိတ်ရှိကြလျှင် ရှင်ပြုပေးတော်မူကြပါစေ၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးတော်မူကြပါစေဟု အဝတ်မဝတ်သော ခွေးကျင့်ကျင့်သော သေနိယသည် (လျှောက်၏)။

အဝတ်မဝတ်သော ခွေးကျင့်ကျင့်သော သေနိယသည် မြတ်စွာဘုရားအထံ၌ ရှင်အဖြစ်ကို ရ၏၊ ရဟန်းအဖြစ်ကို ရ၏၊ ရဟန်းဖြစ်၍ မကြာမီ အသျှင်သေနိယသည် တစ်ယောက်တည်း ဆိပ်ငြိမ်ရာသို့ကပ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်၍ မကြာမြင့်မီပင်လျှင်အကြင် အရဟတ္တဖိုလ် အကျိုးငှါ အမျိုးကောင်းသားတို့သည် ကောင်းစွာသာလျှင် အိမ်ရာတည်ထောင်လူတို့ ဘောင်မှ (ထွက်၍) ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်၏၊ အတုမရှိသော မြတ်သောအကျင့်၏အဆုံးဖြစ် သော ထိုအရဟတ္တဖိုလ်ကို မျက်မှောက်ဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ မဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီ”ဟု သိ၏၊ အသျှင်သေနိယသည် ရဟန္တာတို့တွင် တစ်ပါး (အပါအဝင်) ဖြစ်လေသတည်း။

ခုနစ်ခုမြောက် ကုက္ကုရဝတိကသုတ် ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection