With Prince Abhaya
Abhayarājakumāra Sutta
PDFGenerated
The leader of the Jains, Nigaṇṭha Nātaputta, gives his disciple Prince Abhaya a dilemma to pose to the Buddha, supposing that this will show his weakness. Things don’t go quite as planned.
Read the full discourse slowly and use the prebuilt MP3 for continuous listening.
Read here in the library
၈—အဘယရာဇကုမာရသုတ် မဇ္ဈိမနိကာယ် ၈—အဘယရာဇကုမာရသုတ် ၈၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အဘယမင်းသားသည် နာဋ၏သား နိဂဏ္ဌထံသို့ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏။ တစ်ခုသော နေရာ၌ ထိုင်နေသောအဘယမင်းသားကို နာဋ၏သား နိဂဏ္ဌသည်— “မင်းသား လာလော့၊ သင်သည် ရဟန်းဂေါတမကိုအပြစ်တင်ချေလော့၊ ဤသို့ အပြစ်တင်သော် ‘အဘယမင်းသားသည် ဤသို့ တန်ခိုးအာနုဘော်ကြီးသောရဟန်းဂေါတမကို အပြစ်တင်နိုင်ပေ၏’ဟု သင်၏ ကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်လတ္တံ့”ဟု ပြောဆို၏။
အသျှင် အကျွန်ုပ်သည် ဤသို့ တန်ခိုးအာနုဘော်ကြီးသော ရဟန်းဂေါတမကို အဘယ်သို့ အပြစ်တင်ရပါအံ့နည်းဟု (လျှောက်၏)။ မင်းသား လာလော့၊ သင်သည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍”အသျှင်ဘုရား မြတ်စွာဘုရားသည် သူတစ်ပါးမနှစ်သက်ဖွယ် မနှစ်ခြိုက်ဖွယ်ဖြစ်သော စကားမျိုးကိုပြောဆိုရာ၏”ဟု ဤသို့ ပြောဆိုလော့။ သင် ဤသို့ မေးသော် ရဟန်းဂေါတမသည် “မင်းသားမြတ်စွာဘုရားသည် သူတစ်ပါး မနှစ်သက်ဖွယ် မနှစ်ခြိုက်ဖွယ်ဖြစ်သော စကားမျိုးကို ပြောဆိုရာ၏”ဟုဤသို့ အကယ်၍ ပြောဆိုငြားအံ၊ ့ ထိုရဟန်းဂေါတမကို “အသျှင်ဘုရား ထိုသို့ဖြစ်လျှင် ပုထုဇဉ်နှင့်အသျှင်ဘုရား၏ ခြားနားမှုသည် အဘယ်မှာရှိပါအံ့နည်း။ မှန်ပါ၏၊ ပုထုဇဉ်သည်လည်း သူတစ်ပါးမနှစ်သက်ဖွယ် မနှစ်ခြိုက်ဖွယ်ဖြစ်သော စကားမျိုးကို ပြောဆိုရာပါ၏”ဟု သင် ပြောလော့၊ သင် ဤသို့မေးသော် ရဟန်းဂေါတမသည် “မင်းသား မြတ်စွာဘုရားသည် သူတစ်ပါးမနှစ်သက်ဖွယ် မနှစ်ခြိုက်ဖွယ်ဖြစ်သော စကားမျိုးကို မပြောဆိုရာ”ဟု ဤသို့ အကယ်၍ ပြောဆိုငြားအံ့။
ထိုရဟန်းဂေါတမကို “အသျှင်ဘုရား ထိုသို့ဖြစ်လျှင် အဘယ့်ကြောင့် အသျှင်ဘုရားသည် ဒေဝဒတ်ကို’ဒေဝဒတ်သည် အပါယ်သို့ လားမည့်သူတည်း၊ ဒေဝဒတ်သည် ငရဲသို့ ကျမည့်သူတည်း၊ ဒေဝဒတ်သည်ငရဲ၌ တစ်ကမ္ဘာလုံး တည်မည့်သူတည်း၊ ဒေဝဒတ်သည် ကုစား၍ မရနိုင်သောသူတည်း’ဟုဆိုပါသနည်း၊ အသျှင်ဘုရား၏ ထိုစကားကြောင့် ဒေဝဒတ်သည် အမျက်ထွက်ခြင်း နှလုံးမသာယာခြင်းဖြစ်ရ၏”ဟု သင် ပြောလော့။
မင်းသား ရဟန်းဂေါတမသည် နှစ်ဖက်သောအစွန်းရှိသော ဤပြဿနာကို သင် မေးသည်ရှိသော်နှစ်ဖက်အစွန်းလွတ်အောင် မဖြေနိုင်ရာ၊ အပြစ်ကင်းအောင် မပြောပြနိုင်ရာ၊ ဥပမာသော်ကားယောကျာ်း၏ လည်မျို၌ ကပ်ငြိ၍နေသော သံဆူးခွကို ထိုယောကျာ်းသည် ထွေးအန်ခြင်းငှါလည်းမတတ်နိုင်၊ မျိုခြင်း ငှါလည်း မတတ်နိုင်သကဲ့သို့၊ မင်းသား ဤအတူသာလျှင် နှစ်ဖက်သောအစွန်းရှိသော ဤပြဿနာကို သင် မေးသည်ရှိသော် ရဟန်းဂေါတမသည် နှစ်ဖက်အစွန်းလွတ်အောင့်မဖြေနိုင်ရာ၊ အပြစ်ကင်းအောင် မပြောပြနိုင်ရာဟု (ဆို၏)။ “အသျှင် ကောင်းပါပြီ”ဟုအဘယမင်းသားသည် နာဋ၏သား နိဂဏ္ဌ၏ စကားကို ဝန်ခံ၍ နေရာမှ ထပြီးလျှင် နာဋ၏သားနိဂဏ္ဌကို ရိုသေစွာ ရှိခိုး၍ အရိုအသေပြုပြီးသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကိုရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏။
၈၄။ တစ်ခုသော နေရာ၌ ထိုင်နေသော အဘယမင်းသားအား နေကို မော့ကြည့်၍ “ယနေ့မြတ်စွာဘုရားကို အပြစ်တင်ဆိုခြင်းငှါ အခါမဟုတ်တော့ပြီ၊ နက်ဖြန် မိမိအိမ်၌သာ ငါသည် မြတ်စွာဘုရားကို အပြစ်တင်တော့အံ့”ဟု အကြံဖြစ်၏။ အကြံဖြစ်ပြီးလျှင် “အသျှင်ဘုရား မြတ်စွာဘုရားသည်နက်ဖြန် နံနက်အတွက် တပည့်တော်၏ ဆွမ်းကို မိမိလျှင် လေးပါးမြောက်ဖြစ်၍ လက်ခံတော်မူပါ”ဟုလျှောက်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ထိုအခါအဘယမင်းသားသည် မြတ်စွာ ဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှ ထကာ မြတ်စွာဘုရားကိုရှိခိုး၍ အရိုအသေပြုပြီးလျှင် ဖဲလေ၏။ ထို့နောက် မြတ်စွာဘုရားသည် ထိုညဉ့်လွန်သဖြင့် နံနက်အချိန်၌သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် အဘယမင်းသား၏ အိမ်သို့ချဉ်းကပ်တော်မူပြီးလျှင် ပြင်ထားသော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ အဘယမင်းသားသည်မြတ်စွာဘုရားကို မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင်မိမိကိုယ်တိုင် လုပ်ကျွေး၏၊ မြတ်စွာဘုရား ဆွမ်းဘုဉ်း ပေးပြီး၍ သပိတ်မှ လက်တော်ကိုဖယ်ပြီးသောအခါ အဘယမင်းသားသည် နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ သင့်လျော်ရာ၌ ထိုင်နေ၏။
၈၅။ သင့်လျော်ရာ၌ ထိုင်နေသော အဘယမင်းသားသည် မြတ်စွာဘုရားကို “အသျှင်ဘုရားမြတ်စွာဘုရားသည် သူတစ်ပါးမနှစ်သက်ဖွယ် မနှစ်ခြိုက်ဖွယ်ဖြစ်သော စကားမျိုးကို ပြောဆိုရာပါသလော”ဟု လျှောက်ထား၏။ “မင်းသား ဤစကားမျိုးတို့၌ တထစ်ချအားဖြင့် မဖြေကြားနိုင်”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ဤပြဿနာမေးမှု၌ နိဂဏ္ဌတို့သည် ပျက်စီးကြလေကုန်ပြီဟု (လျှောက်၏)။ “မင်းသား အဘယ်ကြောင့် သင်သည် ‘ဤပြဿနာမေးမှု၌ နိဂဏ္ဌတို့သည် ပျက်စီးကြလေကုန်ပြီ’ဟုဆိုရဘိသနည်း”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် နာဋ၏သား နိဂဏ္ဌထံသို့ ချဉ်းကပ်၍ နာဋ၏သား နိဂဏ္ဌကို ရိုသေစွာရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေပါ၏၊ အသျှင်ဘုရားသင့်လျော်ရာ၌ ထိုင်နေသော အကျွန်ုပ်ကို နာဋ၏သား နိဂဏ္ဌသည် မင်းသား လာလော့၊ သင်သည်ရဟန်းဂေါတမကို အပြစ်တင်ချေလော့၊ ဤသို့ အပြစ်တင်သော် “အဘယမင်းသားသည် ဤသို့တန်ခိုးအာနုဘော်ကြီးသော ရဟန်းဂေါတမကို အပြစ်တင်နိုင်ပေ၏”ဟု သင်၏ ကောင်းသောကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက် လတ္တံ့ဟု ပြောဆိုပါ၏။
အသျှင်ဘုရား ဤသို့ ပြောဆိုသော် အကျွန်ုပ်သည် နာဋ၏သား နိဂဏ္ဌကို “အသျှင် အကျွန်ုပ်သည်ဤသို့ တန်ခိုးအာနုဘော်ကြီးသော ရဟန်းဂေါတမကို အဘယ်သို့ အပြစ်တင်ရပါအံ့နည်း”ဟု ဤသို့ပြောဆိုခဲ့ပါ၏။ မင်းသား လာလော့၊ သင်သည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ရဟန်းဂေါတမကို”အသျှင်ဘုရား မြတ်စွာဘုရားသည် သူတစ်ပါး မနှစ်သက်ဖွယ် မနှစ်ခြိုက်ဖွယ်ဖြစ်သော စကားမျိုးကိုပြောဆိုရာပါသလော”ဟု ဤသို့ ပြောဆိုလော့။ သင် ဤသို့မေးသော် ရဟန်းဂေါတမသည် “မင်းသားမြတ်စွာဘုရားသည် သူတစ်ပါး မနှစ်သက်ဖွယ် မနှစ်ခြိုက်ဖွယ်ဖြစ်သော စကားမျိုးကို ပြောဆိုရာ၏”ဟုဤသို့ အကယ်၍ ပြောဆိုငြားအံ့။
ထိုရဟန်းဂေါတမကို “အသျှင်ဘုရား ထိုသို့ဖြစ်လျှင် ပုထုဇဉ်နှင့်အသျှင်ဘုရား ခြားနားမှုသည်အဘယ်မှာ ရှိပါအံ့နည်း၊ မှန်ပါ၏၊ ပုထုဇဉ်သည်လည်း သူတစ်ပါး မနှစ်သက်ဖွယ် မနှစ်ခြိုက်ဖွယ်ဖြစ်သောစကားမျိုးကို ပြောဆိုရာပါ၏”ဟု သင်ပြောလော့။ သင် ဤသို့မေးသော် ရဟန်းဂေါတမသည် “မင်းသားမြတ်စွာဘုရားသည် သူတစ်ပါး မနှစ်သက်ဖွယ် မနှစ်ခြိုက်ဖွယ်ဖြစ်သော စကားမျိုးကို မပြောဆိုရာ”ဟု့ဤသို့ အကယ်၍ ပြောဆိုငြားအံ။
ထိုရဟန်းဂေါတမကို “အသျှင်ဘုရား ထိုသို့ဖြစ်လျှင် အဘယ့်ကြောင့် အသျှင်ဘုရားသည် ဒေဝဒတ်ကို’ဒေဝဒတ်သည် အပါယ်သို့လားမည့်သူတည်း၊ ဒေဝဒတ်သည် ငရဲသို့ ကျမည့်သူတည်း၊ ဒေဝဒတ်သည်ငရဲ၌ တစ်ကမ္ဘာလုံး တည်မည့်သူတည်း၊ ဒေဝဒတ်သည် ကုစား၍ မရနိုင်သောသူတည်း’ဟုဆိုပါသနည်း၊ အသျှင်ဘုရား၏ ထိုစကားကြောင့် ဒေဝဒတ်သည် အမျက်ထွက်ခြင်း နှလုံးမသာယာခြင်းဖြစ်ရ၏”ဟု သင် ပြောလော့။
မင်းသား ရဟန်းဂေါတမသည် နှစ်ဖက်အစွန်းရှိသော ဤပြဿနာကို သင် မေးသည်ရှိသော် နှစ်ဖက်အစွန်းလွတ်အောင် မဖြေနိုင်ရာ၊ အပြစ်ကင်းအောင် မပြောပြနိုင်ရာ၊ ဥပမာသော်ကား ယောကျာ်း၏လည်မျို၌ ကပ်ငြိ၍နေသော သံဆူးခွကို ထိုယောကျာ်းသည် ထွေးအန်ခြင်းငှါလည်း မတတ်နိုင်၊ မျိုခြင်းငှါလည်း မတတ်နိုင်သကဲ့သို့၊ မင်းသား ဤအတူသာလျှင် နှစ်ဖက်အစွန်းရှိသော ဤပြဿနာကိုသင် မေးသည်ရှိသော် ရဟန်းဂေါတမသည် နှစ်ဖက်အစွန်းလွတ်အောင် မဖြေနိုင်ရာ၊ အပြစ်ကင်းအောင်မပြောပြနိုင်ရာဟု (ပြောဆိုပါ၏ဟု လျှောက်၏)။
၈၆။ ထိုအခါ၌ ကလေးသူငယ် လူမမယ် ပက်လက်အိပ်တတ်သော အရွယ်သည် အဘယမင်းသား၏ပေါင်ပေါ်၌ နေ၏။ ထိုအခါ မြတ်စွာဘုရားသည် အဘယမင်းသားကို “မင်းသား ထိုစကားကို သင်အဘယ်သို့ မှတ်ထင်သနည်း၊ ဤကလေးငယ်သည် သင်၏ မေ့လျော့ခြင်းကို အစွဲပြု၍လည်းကောင်း၊ အထိန်း၏ မေ့လျော့ခြင်းကို အစွဲပြု၍လည်းကောင်း၊ သစ်သားတိုသစ်သားစကိုဖြစ်စေ၊ ကျောက်စရစ်အိုးခြမ်းကွဲကိုဖြစ်စေ အကယ်၍ ခံတွင်း၌ ထည့်သွင်းလေငြားအံ့၊ ထိုကလေးသူငယ်ကို အဘယ်သို့လျှင်ပြုလုပ်ရာသနည်း”ဟု မေးတော်မူ၏။
အသျှင်ဘုရား ထိုကလေးငယ်၏ ပါးစပ်တွင်းရှိ အရာကို အကျွန်ုပ်သည် ထုတ်ဆောင်ရာပါ၏။ အသျှင်ဘုရား အကယ်၍ အစကပင် ထုတ်ဆောင်ခြင်းငှါ မတတ်နိုင်ငြားအံ့၊ လက်ဝဲလက်ဖြင့် ဦးခေါင်းကိုသိမ်းပိုက်၍ လက်ယာလက်ဖြင့် လက်ချောင်းကို ကောက်ကွေး၍ သွေးထွက်ငြားသော်လည်းထုတ်ရပါတော့ အံ့၊ အဘယ့်ကြောင့် ဟူမူ—အသျှင်ဘုရား အကျွန်ုပ်သည် သူငယ်အားအစဉ်သနားခြင်းရှိသောကြောင့် ပါတည်းဟု (လျှောက်၏)။
စကားခြောက်ခွန်း
မင်သား ဤအတူပင် မဟုတ်မမှန်၊ အကျိုးစီးပွါးနှင့်လည်း မစပ်၊ သူတစ်ပါးတို့လည်း မနှစ်သက်မနှစ်ခြိုက်၊ ထိုစကားမျိုးကို မြတ်စွာဘုရားသည် မပြောမဆို။ (၁)
ဟုတ်မှန်၏၊ အကျိုးစီးပွါးနှင့်ကား မစပ်၊ သူတစ်ပါးတို့လည်း မနှစ်သက် မနှစ်ခြိုက်၊ ထိုစကား မျိုးကိုမြတ်စွာဘုရားသည် မပြောမဆို။ (၂)
ဟုတ်မှန်၏၊ အကျိုးစီးပွါးနှင့်လည်း စပ်၏၊ သူတစ်ပါးတို့ကား မနှစ်သက် မနှစ်ခြိုက်၊ ထိုစကား မျိုး၌မြတ်စွာဘုရားသည် အခါအားလျော်စွာ ပြောဆို၏။ (၃)
မဟုတ်မမှန်၊ အကျိုးစီးပွါးနှင့် မစပ်၊ သူတစ်ပါးတို့ကား နှစ်သက်၏ နှစ်ခြိုက်၏၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရားသည် မပြောမဆို။ (၄)
ဟုတ်မှန်၏၊ အကျိုးစီးပွါးနှင့် မစပ်၊ သူတစ်ပါးတို့ကား နှစ်သက်၏ နှစ်ခြိုက်၏၊ ထိုစကားမျိုးကို လည်းမြတ်စွာဘုရားသည် မပြောမဆို။ (၅)
ဟုတ်မှန်၏၊ အကျိုးစီးပွါးနှင့်လည်း စပ်၏၊ သူတစ်ပါးတို့လည်း နှစ်သက်၏ နှစ်ခြိုက်၏၊ ထိုစကားမျိုး၌ မြတ်စွာဘုရားသည် အခါအားလျော်စွာ ပြောဆို၏။ (၆)
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ မင်းသား မြတ်စွာဘုရားအား သတ္တဝါတို့ကို အစဉ်သနားခြင်းရှိသောကြောင့်တည်းဟု (မိန့်တော်မူ၏)။
၈၇။ အသျှင်ဘုရား ပညာရှိမင်းတို့သည်လည်းကောင်း၊ ပညာရှိပုဏ္ဏားတို့သည်လည်းကောင်း၊ ပညာရှိသူကြွယ်တို့သည်လည်းကောင်း၊ ပညာရှိရဟန်းတို့သည်လည်းကောင်း ပြဿနာကို စီစဉ်ကုန်၍မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကာ မေးမြန်းကြကုန်၏။ “အသျှင်ဘုရား အကြင်သူတို့သည် ငါ့ထံသို့ချဉ်းကပ်၍ ဤသို့ မေးကုန်လတ္တံ့၊ ငါသည် ထိုသူတို့အား ဤသို့မေးသော် ဤသို့ဖြေကြားအံ့”ဟုမြတ်စွာဘုရားအား ရှေးဦးမဆွကပင်လျှင် စိတ်ကူးကြံစည်ထားခြင်း ရှိပါသလော၊ သို့မဟုတ်တစ်ခဏချင်း ဖြင့်ပင် ထိုပြဿနာ၏ အဖြေသည် မြတ်စွာဘုရား၏ ဉာဏ်ထဲမှာ ထင်မြင်၍လာပါသလောဟု (လျှောက် ၏)။ မင်းသား ထိုသို့ဖြစ်လျှင် ဤအရာ၌ သင်မင်းသားကိုသာလျှင်ပြန်မေးအံ့၊ သင်မင်းသား နှစ်သက်သည့်အတိုင်း ဖြေကြားလော့။
မင်းသား ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် ရထား၏ အစိတ်အပိုင်းအင်္ဂါကြီးငယ်တို့၌ ကျွမ်းကျင်၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏၊ အကျွန်ုပ်သည်ရထား ၏ အစိတ်အပိုင်း အင်္ဂါကြီးငယ်တို့၌ ကျွမ်းကျင်ပါ၏ဟု (လျှောက်၏)။
မင်းသား ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ အကြင်သူတို့သည် အသင်မင်းသားသို့ချဉ်းကပ်ကြကုန်၍ “ရထား၏ အင်္ဂါကြီးငယ် အစိတ်အပိုင်းသည် အဘယ်အမည်ရှိပါသနည်း”ဟု ဤသို့မေးမြန်း ကြကုန်ရာ၏၊ အကြင်သူတို့သည် ငါ့ထံသို့ ချဉ်းကပ်၍ ဤသို့ မေးကုန်လတ္တံ့၊ ငါသည်ထိုသူတို့အား ဤသို့မေးသော် ဤသို့ဖြေအံ့ဟု သင့်မှာ ရှေးဦးမဆွကပင်လျှင် စိတ်ကူးကြံစည်ထားခြင်းရှိပါသလော၊ သို့မဟုတ် တစ်ခဏချင်းဖြင့်ပင် ထိုပြဿနာ၏ အဖြေသည် သင်၏ ဉာဏ်ထဲမှာ ထင်မြင်၍လာရာသလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား တပည့်တော်သည် ရထားအတတ် တတ်ပါ၏၊ နားလည်ပါ၏၊ ရထား၏ အင်္ဂါကြီး ငယ်အစိတ်အပိုင်းတို့၌ ကျွမ်းကျင်ပါ၏၊ တပည့်တော်သည် ရထား၏ အလုံးစုံသော အင်္ဂါကြီးငယ် အစိတ်အပိုင်းတို့ကို ကောင်းစွာ သိထားပါ၏၊ တစ်ခဏချင်းဖြင့်ပင် ထိုပြဿနာ၏ အဖြေသည် အကျွန်ုပ်၏ဉာဏ်ထဲမှာ ထင်မြင်၍ လာရာပါ၏ဟု (လျှောက်၏)။ မင်းသား ဤအတူပင် ပညာရှိမင်းတို့သည်လည်းကောင်း၊ ပညာရှိပုဏ္ဏားတို့သည်လည်းကောင်း၊ ပညာရှိသူကြွယ်တို့သည်လည်းကောင်း၊ ပညာရှိရဟန်းတို့သည်လည်းကောင်း ပြဿနာစီစဉ်ကုန်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကာ မေးမြန်းကြကုန်၏။ တစ်ခဏချင်းဖြင့်ပင် ထိုပြဿနာ၏ အဖြေသည် မြတ်စွာဘုရား၏ ဉာဏ်ထဲမှာ ထင်မြင်၍ လာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ မင်းသား မြတ်စွာဘုရားသည် ဓမ္မဓာတ် (သဗ္ဗညုတဉာဏ်) ကိုထိုးထွင်း၍ သိထား၏၊ ယင်းဓမ္မဓာတ် (သဗ္ဗညုတဉာဏ်) ကို ထိုးထွင်း၍ သိထားသောကြောင့် တစ်ခဏချင်းဖြင့်ပင် ထိုပြဿနာ၏ အဖြေသည် မြတ်စွာဘုရား၏ ဉာဏ်ထဲမှာ ထင်မြင်၍ လာ၏ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူသော် အဘယမင်းသားသည် မြတ်စွာဘုရားကို “အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အကျွန်ုပ်ကို ယနေ့မှ အစပြု၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။
ရှစ်ခုမြောက် အဘယရာဇကုမာရသုတ် ပြီး၏။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source