LibraryMNMN 59
MN 5910 min read

The Many Kinds of Feeling

Bahuvedanīya Sutta

20
PDFGenerated
01 · Overview

The Buddha resolves a disagreement on the number of kinds of feelings that he taught, pointing out that different ways of teaching are appropriate in different contexts, and should not be a cause of disputes. He goes on to show the importance of pleasure in developing higher meditation.

02 · Reading guide

Read the full discourse slowly and use the prebuilt MP3 for continuous listening.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၉—ဗဟုဝေဒနီယသုတ် မဇ္ဈိမနိကာယ် ၉—ဗဟုဝေဒနီယသုတ် ၈၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပဉ္စကင်္ဂလက်သမားကြီးသည် အသျှင်ဥဒါယီထံသို့ချဉ်းကပ်၍ အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ အသျှင်ဥဒါယီကို “အသျှင်ဥဒါယီ့မြတ်စွာဘုရား ဟောထားသော ခံစားမှုတို့သည် အဘယ်မျှလောက်ရှိပါသနည်း”ဟု လျှောက်၏။ “လက်သမားကြီး မြတ်စွာဘုရားဟောထားသော ခံစားမှုတို့သည် ချမ်းသာခံစားမှု၊ ဆင်းရဲခံစားမှု၊ ဆင်းရဲမဟုတ် ချမ်းသာ မဟုတ်သော ခံစားမှုဟူ၍ သုံးပါးရှိ၏။ လက်သမားကြီးမြတ်စွာဘုရားဟောထားသော ခံစားမှုတို့သည် ဤသုံးပါးတို့တည်း”ဟု (မိန့်ဆို၏)။

ဤသို့ မိန့်သော် ပဉ္စကင်္ဂလက်သမားကြီးသည် အသျှင်ဥဒါယီကို “အသျှင်ဥဒါယီ မြတ်စွာဘုရားဟောထားသော ခံစားမှုတို့သည် သုံးပါးတို့မဟုတ်၊ မြတ်စွာဘုရားဟောထားသော ခံစားမှုတို့သည်ချမ်းသာခံစားမှု၊ ဆင်းရဲခံစားမှုဟူ၍ နှစ်ပါးသာတည်း။ အသျှင်ဘုရား ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သောခံစားမှုကို ငြိမ်သက်မွန်မြတ်သော ချမ်းသာဟူ၍ မြတ်စွာဘုရားဟောထားပါ၏”ဟု (လျှောက်၏)။

နှစ်ကြိမ်မြောက်လည်း အသျှင်ဥဒါယီသည် ပဉ္စကင်္ဂလက်သမားကြီးကို “လက်သမားကြီး မြတ်စွာ ဘုရားဟောထားသော ခံစားမှုတို့သည် နှစ်ပါးသာ မဟုတ်၊ မြတ်စွာဘုရားဟောထားသော ခံစားမှုတို့ သည်ချမ်းသာခံစားမှု၊ ဆင်းရဲခံစားမှု၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုဟူ၍ သုံးပါးရှိ၏၊ လက်သမားကြီး မြတ်စွာဘုရားဟောထားသော ခံစားမှုတို့သည် ဤသုံးပါးတို့တည်း”ဟု (မိန့်ဆို၏)။ နှစ်ကြိမ်မြောက်လည်း ပဉ္စကင်္ဂ လက်သမားကြီးသည် အသျှင်ဥဒါယီကို “အသျှင်ဥဒါယီမြတ်စွာဘုရားဟော ထားသော ခံစားမှုတို့သည် သုံးပါးတို့မဟုတ်၊ မြတ်စွာဘုရားဟောထားသောခံစားမှုတို့သည် ချမ်းသာ ခံစားမှု၊ ဆင်းရဲခံစားမှုဟူ၍ နှစ်ပါးသာတည်း။ အသျှင်ဘုရား ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သော ခံစားမှုကို ငြိမ်သက်မွန်မြတ်သော ချမ်းသာဟူ၍ မြတ်စွာဘုရားဟောထားပါ၏”ဟု (လျှောက်၏)။

သုံးကြိမ်မြောက်လည်း အသျှင်ဥဒါယီသည် ပဉ္စကင်္ဂလက်သမားကြီးကို “လက်သမားကြီး မြတ်စွာ ဘုရားဟောထားသော ခံစားမှုတို့သည် နှစ်ပါးသာ မဟုတ်၊ မြတ်စွာဘုရားဟောထားသော ခံစားမှုတို့ သည်ချမ်းသာခံစားမှု၊ ဆင်းရဲခံစားမှု၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုဟူ၍ သုံးပါးရှိ၏၊ လက်သမားကြီး မြတ်စွာဘုရားဟောထားသော ခံစားမှုတို့သည် ဤသုံးပါးတို့တည်း”ဟု မိန့်ဆို၏။ သုံးကြိမ်မြောက်လည်း ပဉ္စကင်္ဂ လက်သမားကြီးသည် အသျှင်ဥဒါယီကို “အသျှင်ဥဒါယီ မြတ်စွာဘုရားဟောထားသော ခံစားမှုတို့သည် သုံးပါးတို့ မဟုတ်၊ မြတ်စွာဘုရားဟောထားသော ခံစားမှုတို့သည်ချမ်းသာခံစားမှု ဆင်းရဲခံစားမှုဟူ၍ နှစ်ပါးသာတည်း၊ အသျှင်ဘုရား ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သောခံစားမှုကို ငြိမ်သက်မွန်မြတ်သော ချမ်းသာဟူ၍ မြတ်စွာဘုရား ဟောထားပါ၏”ဟု လျှောက်၏။ အသျှင်ဥဒါယီသည် ပဉ္စကင်္ဂလက်သမားကြီးကို နားလည်စေရန် မတတ်နိုင်၊ ပဉ္စကင်္ဂလက်သမားကြီးသည်လည်းအသျှင်ဥဒါယီကို နားလည်စေရန် မတတ်နိုင်။

၈၉။ အသျှင်အာနန္ဒာသည် ပဉ္စကင်္ဂလက်သမားကြီးနှင့်အတူ အသျှင်ဥဒါယီ၏ ဤစကားပြောဟောခြင်းကို ကြားလေ၏၊ ထိုသို့ကြားသောအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍အလွန် ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ ပဉ္စကင်္ဂလက်သမားကြီးနှင့်အတူ အသျှင်ဥဒါယီ၏စကား ပြောသမျှ အလုံးစုံကို လျှောက်ထား၏။

ဤသို့ လျှောက်ထားသော် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ ပဉ္စကင်္ဂလက်သမားကြီးသည် ဥဒါယီ၏ စကားကို ထင်ရှားရှိသောအကြောင်းဖြစ်လျက် ဝမ်းမမြောက်နိုင်။ ဥဒါယီသည်လည်းပဉ္စကင်္ဂလက်သမားကြီး၏ စကားကို ထင်ရှားရှိသောအကြောင်းဖြစ်လျက် ဝမ်းမမြောက်နိုင်။

အာနန္ဒာ ငါသည် ပရိယာယ်အားဖြင့် နှစ်ပါးသော ခံစားမှုတို့ကိုလည်းကောင်း သုံးပါးသော ခံစားမှုတို့ကိုလည်းကောင်း၊ ငါးပါးသော ခံစားမှုတို့ကိုလည်းကောင်း၊ ခြောက်ပါးသော ခံစားမှုတို့ကိုလည်းကောင်း၊ တစ်ဆယ့်ရှစ်ပါးသော ခံစားမှုတို့ကိုလည်းကောင်း၊ သုံးဆယ့်ခြောက်ပါးသော ခံစားမှုတို့ကိုလည်းကောင်း၊ တစ်ရာ့ရှစ်ပါးသော ခံစားမှုတို့ကိုလည်းကောင်း ဟောထား၏။

အာနန္ဒာ ဤသို့ ငါသည် တရားတော်ကို ပရိယာယ်အားဖြင့် ဟောကြားထား၏။ အာနန္ဒာ ဤသို့ငါသည် တရားတော်ကို ပရိယာယ်အားဖြင့် ဟောကြားထားပါလျက် အကြင်သူတို့သည် အချင်းချင်းဟောဆိုပြောပြသည်ကို ခွင့်မပြုနိုင်ကုန်ငြားအံ့၊ သဘောမတူနိုင်ကုန်ငြားအံ့၊ ဝမ်းမမြောက်နိုင်ကုန်ငြားအံ့၊ ထိုသူတို့အား ငြင်းခုံခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ခြင်းသို့ ရောက်ကြကုန်သည်ဖြစ်၍ အချင်းချင်း နှုတ်လှံထိုးကာ နေကြရကုန် လတံ္တ့ဟူသော ဤသဘောသာ ဧကန် ဖြစ်ရမည်။

အာနန္ဒာ ဤသို့ ငါသည် တရားတော်ကို ပရိယာယ်အားဖြင့် ဟောကြားထား၏။ အာနန္ဒာ ဤသို့ပရိယာယ်အားဖြင့် ဟောကြားထားသည်ဖြစ်၍ အကြင်သူတို့သည် အချင်းချင်း ဟောဆိုပြောပြသည်ကို ခွင့်ပြုနိုင်ကုန်ငြားအံ့၊ သဘောတူနိုင်ကုန်ငြားအံ့၊ ဝမ်းမြောက်နိုင်ကုန်ငြားအံ့၊ ထိုသူတို့အား ညီညွတ်ကုန်သည်ဖြစ်၍ ဝမ်းမြောက်ကုန်သည်ဖြစ်၍ မငြင်းခုံကုန်သည်ဖြစ်၍ နို့နှင့်ရေကဲ့သို့ တပေါင်းတည်းဖြစ်ကုန်၍အချင်းချင်း ချစ်ခင်နှစ်သက်သော မျက်စိတို့ဖြင့် ရှုကြည့်ကြကုန်လျက် နေကြရကုန်လတံ္တ့ဟူသော ဤသဘောသာ ဧကန်ဖြစ်ရမည်။

၉ဝ။ အာနန္ဒာ ကာမဂုဏ်တရားတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ—စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ် ချစ်မြတ်နိုးအပ်သော သဘောရှိကုန်သော ကာမတရားနှင့် စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ် ဖြစ်ကုန်သော ရူပါရုံတို့သည်လည်းကောင်း၊ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော။ပ။ သဒ္ဒါရုံတို့သည်လည်းကောင်း၊ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော။ပ။ ဂန္ဓာရုံတို့သည်လည်းကောင်း၊ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော။ပ။ ရသာရုံတို့သည်လည်းကောင်း၊ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ် ချစ်မြတ်နိုးအပ်သော သဘောရှိကုန်သော ကာမတရားနှင့် စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ် ဖြစ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့သည်လည်းကောင်း ရှိကုန်၏၊ အာနန္ဒာ ကာမဂုဏ်တရားတို့ဟူသည်ဤငါးပါးတို့သာတည်း။

အာနန္ဒာ ငါးပါးကုန်သော ဤကာမဂုဏ်တရားတို့ကို အစွဲပြု၍ အကြင်ချမ်းသာခြင်း ‘သုခ’ဝမ်းမြောက်ခြင်း ‘သောမနဿ’ သည် ရှိ၏၊ ဤကိုယ်ချမ်းသာ စိတ်ချမ်းသာကို ‘ကာမသုခ’ ဟူ၍ ဆိုရ၏။ အာနန္ဒာ “သတ္တဝါတို့သည် ဤမျှလောက်သာဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာကို ခံစားကြရကုန်၏”ဟု တစ်ဦးတစ်ယောက်က ဤသို့ ဆိုငြားအံ့၊ ထိုသူ၏ ဤစကားကို ငါခွင့်မပြုနိုင်၊ အဘယ်ကြောင့် နည်း၊ အာနန္ဒာ ဤကာမသုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သောသာလွန်၍ မွန်မြတ်သော သုခရှိသေးသောကြောင့်တည်း။

အာနန္ဒာ ဤကာမသုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သောသုခဟူသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ကာမတရားတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤကာမသုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သော သုခဟူသည် ဤသည်ပင်တည်း။ အာနန္ဒာ “သတ္တဝါတို့သည် ဤမျှလောက်သာဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာကိုခံစားကြရကုန်၏”ဟု တစ်ဦးတစ်ယောက်က ဤသို့ ဆိုငြားအံ့၊ ထိုသူ၏ ဤစကားကို ငါခွင့်မပြုနိုင်။ အဘယ်ကြောင့်နည်း။ အာနန္ဒာ ဤပဌမဈာန်သုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သောသာလွန်၍ မွန်မြတ်သော သုခရှိသေးသောကြောင့်တည်း။

အာနန္ဒာ ဤပဌမဈာန်သုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ် သောသုခဟူသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဝိတက် ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ထိုပဌမဈာန်သုခမှ တစ်ပါးသော သာလွန်၍နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သော သုခဟူသည် ဤသည်ပင်တည်း။ အာနန္ဒာ တစ်ဦး့တစ်ယောက်က ဤသို့ ဆိုငြားအံ့။ပ။

အာနန္ဒာ ဤဒုတိယဈာန်သုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သော သုခဟူသည် အဘယ်နည်း— အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ပီတိကို စက်ဆုပ်ခြင်းကြောင့်လည်းကောင်း။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ထိုဒုတိယဈာန်သုခမှတစ်ပါးသောသာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သော သုခဟူသည် ဤသည်ပင်တည်း။ အာနန္ဒာတစ်ဦးတစ်ယောက်က ဤသို့ ဆိုငြားအံ့။ပ။

အာနန္ဒာ ဤတတိယဈာန်သုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သော သုခဟူသည် အဘယ်နည်း— အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် သုခဝေဒနာကို ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ထိုတတိယဈာန်သုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သော သုခဟူသည် ဤသည်ပင်တည်း။ အာနန္ဒာ တစ်ဦးတစ်ယောက်က ဤသို့ ဆိုငြားအံ့။ပ။

အာနန္ဒာ ထိုစတုတ္ထဈာန်သုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သော သုခဟူသည် အဘယ်နည်း —အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် အချင်းခပ်သိမ်း ရုပ်၌ဖြစ်သော ရူပသညာကို လွန်မြောက်ခြင်းကြောင့် ကြမ်းတမ်းသော ‘ပဋိဃ’ သညာတို့၏ ချုပ်ခြင်းကြောင့်အထူးထူးသော သညာတို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်ပညတ်သည် အဆုံးမရှိ”ဟု ပွါးများလျက် အာကာသာနဉ္စာယတန ဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ထိုစတုတ္ထဈာန်သုခမှ တစ်ပါးသောသာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သော သုခဟူသည် ဤသည်ပင်တည်း။ အာနန္ဒာတစ်ဦးတစ်ယောက်က ဤသို့ ဆိုငြားအံ့။ပ။

အာနန္ဒာ ဤအာကာသာနဉ္စာယတနဈာန်သုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သောသာလွန်၍ မွန်မြတ်သော သုခဟူသည် အဘယ်နည်း —အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်အချင်းခပ်သိမ်း အာကာ သာနဉ္စာယတနဈာန်ကို လွန်မြောက်၍ “ပဌမအရူပဝိညာဏ်သည် အဆုံးမရှိ”ဟုပွါးများပြီးလျှင် ဝိညာဏဉ္စာယတန ဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ထိုအာကာသာနဉ္စာယတနဈာန်သုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သော သုခဟူသည် ဤသည်ပင်တည်း။ အာနန္ဒာ တစ်ဦးတစ်ယောက်က ဤသို့ ဆိုငြားအံ့။ပ။

အာနန္ဒာ ဤဝိညာဏဉ္စာယတနဈာန်သုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍မွန်မြတ်သော သုခဟူသည် အဘယ်နည်း—အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် အချင်းခပ်သိမ်းဝိညာဏဉ္စာ ယတနအရူပဈာန်ကို လွန်မြောက်၍ “တစ်စုံတစ်ခု တစိုးတစိမျှ မရှိ”ဟု ပွါးများ၍ အာကိဉ္စညာယတနအရူပဈာန်သို့ ရောက်၍နေ၏။ အာနန္ဒာ ထိုဝိညာဏဉ္စာယတနဈာန်သုခမှ တစ်ပါးသောသာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သော သုခဟူသည် ဤသည်ပင်တည်း။ အာနန္ဒာတစ်ဦးတစ်ယောက်က ဤသို့ ဆိုငြားအံ့။ပ။

အာနန္ဒာ ဤအာကိဉ္စညာယဘနဈာန်သုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန် ၍မွန်မြတ်သော သုခဟူသည် အဘယ်နည်း—အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် အချင်းခပ်သိမ်းအာကိဉ္စညာ ယဘနတတိယအရူပဈာန်ကို လွန်မြောက်၍ ရုန့်ရင်းသောသညာကား မရှိ, သိမ်မွေ့သောသညာ မရှိသည်ကား မဟုတ်သော နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ထိုအာကိဉ္စညာယတနဈာန်သုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သောသုခဟူသည် ဤသည်ပင်တည်း။

အာနန္ဒာ “သတ္တဝါတို့သည် ဤမျှလောက်သာဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာကို ခံစားကြရကုန်၏”ဟု တစ်ဦးတစ်ယောက်က ဆိုငြားအံ့၊ ထိုသူ၏ ဤစကားကို ငါခွင့်မပြုနိုင်။ ထိုသို့ ခွင့်မ့ပြုနိုင်ခြင်းသည် အဘယ်ကြောင့်နည်း— အာနန္ဒာ ဤနေဝသညာနာသညာယတနဈာန်သုခမှ တစ်ပါးသောသာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သော သုခရှိသေးသောကြောင့်တည်း။ အာနန္ဒာဤနေဝသညာနာသညာယတနဈာန်သုခမှ တစ်ပါးသော သာလွန်၍ နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍မွန်မြတ်သော သုခဟူသည် အဘယ်နည်း— အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် အချင်းခပ်သိမ်းနေဝသညာနာသညာယတနအရူပဈာန်ကို လွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ငြိမ်းရာ နိရောဓသမာပတ်ကို ဝင်စားနေနိုင်၏၊ အာနန္ဒာ ထိုနေဝသညာနာသညာယတနဈာန် သုခမှတစ်ပါးသော သာလွန်၍နှစ်သက်ဖွယ်ဖြစ်သော သာလွန်၍ မွန်မြတ်သော သုခဟူသည် ဤသည်ပင်တည်း။

၉၁။ အာနန္ဒာ “မှတ်သားမှု ခံစားမှုတို့၏ ချုပ်ငြိမ်းမှုကို ရဟန်းဂေါတမသည် ဟော၏၊ ထိုမှတ် သားမှုခံစားမှုတို့၏ ချုပ်ငြိမ်းခြင်းကိုလည်း ချမ်းသာဟူ၍ ပညတ်၏၊ ထိုချမ်းသာသည် အဘယ်နည်း၊ ထိုချမ်းသာသည် အဘယ်သို့နည်း”ဟု အယူတစ်မျိုးရှိသော ပရိဗိုဇ်တို့ ပြောဆိုရာသော အကြောင်းသည်ရှိ၏။

အာနန္ဒာ ဤသို့ ပြောဆိုကြသော အယူတစ်မျိုးရှိကုန်သော ပရိဗိုဇ်တို့ကို “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ချမ်းသာခံစားမှုကိုသာလျှင် ရည်ရွယ်၍ ချမ်းသာဟု မပညတ်၊ ငါ့သျှင်တို့ စင်စစ်သော်ကားအကြင်အကြင်အရာ၌ အကြင်အကြင်သဘာဝ၌ ချမ်းသာကို ရထိုက်၏၊ ထိုထိုအရာ ထိုထိုသဘာဝကိုချမ်းသာဟု ပညတ်၏”ဟု ဤသို့ ပြောဆိုကုန်ရာ၏ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤသုတ်ကိုဟောကြားတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ စကားတော်ကို နှစ်ခြိုက်ဝမ်းမြောက်လေ၏။

ကိုးခုမြောက် ဗဟုဝေဒနီယသုတ် ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection