LibrarySNSN 1.1
SN 1.1~1 min read

Crossing the Flood

Oghataraṇasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၁—သြဃတရဏသုတ် သံယုတ္တနိကာယ်—၁ ၁—နဠဝဂ် ၁—သြဃတရဏသုတ် ၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို (ကိုယ်ရောင်ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား “အသျှင်— အသျှင်ဘုရားသည် အဘယ်သို့သော အကြောင်းအားဖြင့် သံသရာအယဉ် ‘သြဃ’ကို ကူးမြောက်တော်မူခဲ့ပါသနည်း”ဟု လျှောက်၏၊ ဒါယကာနတ်သား ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် ‘သြဃ’ကို ကူးမြောက်ခဲ့၏ဟု (မိန့်တော်မူ၏)။ “အသျှင်— အသျှင်ဘုရားသည် အဘယ်သို့လျှင် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် ‘သြဃ’ကို ကူးမြောက်တော်မူခဲ့ပါသနည်း”ဟု (လျှောက်၏)၊ ဒါယကာနတ်သား ငါသည် အကြင်အခါ၌ ရပ်တည်နေ၏၊ ထိုအခါ နစ်မြုပ်ရ၏၊ အကြင်အခါ၌ အားထုတ်၏၊ ထိုအခါ မျောပါး ရ၏၊ ဒါယကာနတ်သား ဤသို့လျှင် ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် ‘သြဃ’ကို ကူးမြောက်ခဲ့၏ဟု (ဟောတော်မူ၏)။

“သတ္တလောက၌ ရပ်တည် မနေဘဲ အားမထုတ်ဘဲ တဏှာကို ကူးမြောက်တော်မူပြီးသော မကောင်းမှုမှ အပပြုပြီးသော (ကိလေသာ) ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားကို ကြာမြင့်မှပင် ဖူးမြင်ရလေစွတကား”။

ထိုနတ်သားသည် ဤစကားကို လျှောက်ထား၏၊ မြတ်စွာဘုရားသည် နှစ်သက် (လက်ခံ) တော်မူ၏၊ ထိုအခါ ထိုနတ်သားသည် “ငါ့အား မြတ်စွာဘုရားသည် နှစ်သက် (လက်ခံ) တော်မူ၏”ဟု သိ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection