LibrarySNSN 1.2
SN 1.2~1 min read

Liberation

Nimokkhasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၂—နိမောက္ခသုတ် သံယုတ္တနိကာယ်—၁ ၁—နဠဝဂ် ၂—နိမောက္ခသုတ် ၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို (ကိုယ်ရောင်ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား “အသျှင် အသျှင်ဘုရားသည် သတ္တဝါတို့၏ (ကိလေသာမှ) အကြွင်းမဲ့လွတ်မြောက်ခြင်း လုံးဝလွတ်မြောက်ခြင်း ကင်းဆိတ်ခြင်းကို သိပါ၏လော”ဟု ဤစကားကို လျှောက်၏၊ ဒါယကာနတ်သား ငါသည် သတ္တဝါတို့၏ (ကိလေသာမှ) အကြွင်းမဲ့လွတ်မြောက်ခြင်း လုံးဝလွတ်မြောက်ခြင်း ကင်းဆိတ်ခြင်းကို သိသည်သာတည်းဟု (မိန့်တော်မူ၏)၊ “အသျှင် အသျှင်ဘုရားသည် အဘယ်အကြောင်းကြောင့်လျှင် သတ္တဝါတို့၏ (ကိလေသာမှ) အကြွင်းမဲ့လွတ်မြောက်ခြင်း လုံးဝလွတ်မြောက်ခြင်း ကင်းဆိတ်ခြင်းကို သိပါသနည်း”ဟု လျှောက်၏။

နှစ်သက်မှု (တဏှာ) လျှင် အရင်းရှိသည့် ကမ္မဘဝ ကုန်ခြင်းကြောင့် , မှတ်သားမှု ‘သညာ’ အထူးသိမှု ‘ဝိညာဏ်’တို့၏ ကုန်ခြင်းကြောင့် , ခံစားမှု ‘ဝေဒနာ’တို့၏ ချုပ်ခြင်း ငြိမ်းခြင်းကြောင့် သိ၏၊ ဒါယကာနတ်သား ဤသို့လျှင် ငါသည် သတ္တဝါတို့၏ (ကိလေသာမှ) အကြွင်းမဲ့လွတ်မြောက်ခြင်း လုံးဝလွတ်မြောက်ခြင်း ကင်းဆိတ်ခြင်းကို သိ၏ဟု (မိန့်တော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection