LibrarySNSN 1.11
SN 1.11~1 min read

The Garden of Delight

Nandanasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၁—နန္ဒနသုတ် သံယုတ္တနိကာယ်—၁ ၂—နန္ဒနဝဂ် ၁—နန္ဒနသုတ် ၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား တာဝတိံသာနတ်ပြည်၌ ဖြစ်သော နတ်သားတစ်ယောက်သည် နန္ဒဝန်ဥယျာဉ်၌ နတ်သမီးအပေါင်း ခြံရံလျက် နတ်၌ဖြစ်ကုန်သော ကာမဂုဏ်ငါးမျိုးတို့ဖြင့် ကုံလုံပြည့်စုံစွာ ပျော်မြူးစံပယ်နေစဉ် ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏—

“အကြင်သူတို့သည် များသော အခြံအရံရှိကုန်သော သုံးကျိပ်ကုန်သော နတ်သားတို့၏ နေရာ နန္ဒဝန်ဥယျာဉ်ကို မမြင်ဖူးကုန်၊ ထိုသူတို့သည် ချမ်းသာကို မသိကုန်”ဟု (ရွတ်ဆို၏)။

ရဟန်းတို့ ဤသို့ ဆိုသည်ရှိသော် နတ်သားတစ်ယောက်သည် ထိုနတ်သားကို ဂါထာဖြင့် ပြန်၍ ရွတ် ဆို၏—

“နတ် မိုက် ရဟန္တာတို့၏ စကား ကို (ဆိုလိုသော) အခြင်း အရာဖြင့် သင် မသိ၊ ပြုပြင် စီရင်အပ်သော ‘သင်္ခါရ’တရားအားလုံးတို့သည် အမြဲ မရှိကုန်၊ ဖြစ်တတ် ပျက်တတ်သော သဘောရှိကုန်၏၊ ဖြစ်ပြီးလျှင် ချုပ်ကုန်၏၊ ထိုသင်္ခါရတရားတို့၏ ငြိမ်းရာ (နိဗ္ဗာန်) သည်သာ ချမ်းသာ၏”ဟု (ပြန်၍ ရွတ်ဆို၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection