Hard to Do
Dukkarasutta
PDFGenerated
Read here in the library
၇—ဒုက္ကရသုတ် သံယုတ္တနိကာယ်—၁ ၂—နန္ဒနဝဂ် ၇—ဒုက္ကရသုတ် ၁၇။ “မလိမ္မာသူသည် ရဟန်းတရားကို ပြုလည်း ပြုနိုင်ခဲ၏၊ သည်းခံလည်း သည်းခံနိုင်ခဲ၏။ သူမိုက်သည် အကြင်ရဟန်းတရား၌ ဆုတ်နစ်၏၊ ထိုရဟန်းတရား၌ (မဂ်ရရန်) များစွာ ကျဉ်းမြောင်းကုန်၏”ဟု (လျှောက်၏)။
ကြံစည်မှုတို့၏ အလိုသို့လိုက်သူသည် အာရုံတိုင်း အာရုံတိုင်း၌ အကယ်၍ ဆုတ်နစ်ခဲ့မူ (မသင့်သောအားဖြင့် ဖြစ်သော) စိတ်ကို အကယ်၍ မတားမြစ်နိုင်ခဲ့မူ ရဟန်းတရားကို အဘယ်မျှသော ရက်တို့ပတ်လုံး ကျင့်နိုင်ရာအံ့နည်း။
လိပ်သည် အင်္ဂါကြီးငယ်တို့ကို မိမိအခွံ၌ ကောင်းစွာ သိမ်းဆည်းထားသကဲ့သို့ ထို့အတူ ရဟန်းသည် စိတ်၌ ဖြစ်သော ကြံစည်မှု (ဝိတက်)တို့ကို ကောင်းစွာ သိမ်း ဆည်းလျက် (တဏှာဒိဋ္ဌိတို့ကို) မမှီမူ၍ သူတစ်ပါးကို မညှဉ်းဆဲဘဲ ငြိမ်းအေးသည် ဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ အပြစ် မဆိုရာဟု (ဟောတော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source