LibrarySNSN 1.34
SN 1.34~2 min read

There Are None

Nasantisutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

သံယုတ္တနိကာယ်—၁ ၄—သတုလ္လပကာယိကဝဂ် ၄—န သန္တိသုတ် ၃၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော်ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိကုန်သည်ဖြစ်၍ ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

“လူတို့၌ မြဲကုန်သော ကာမဂုဏ်တို့သည် မရှိကုန်၊ ဤလောက၌ နှစ်သက်ဖွယ် ကာမဂုဏ်တို့သည် ရှိကုန်၏၊ ယင်းကာမဂုဏ်တို့၌ နှောင်ဖွဲ့အပ်သော ယင်းကာမ ဂုဏ်တို့၌ အပြားအားဖြင့် ယစ်မူးသော ယောကျာ်းသည် သေခြင်း၏ တည်ရာ (တေဘူမိကဝဋ်) မှ တစ်ဖန်မလာရာ (နိဗ္ဗာန်) သို့ မရောက်နိုင်”ဟု (လျှောက်၏)။

ခန္ဓာငါးပါးသည် အလိုရှိမှု ‘တဏှာဆန္ဒ’ကြောင့် ဖြစ်၏၊ ဆင်းရဲမှုသည် အလိုရှိမှု ‘တဏှာဆန္ဒ’ကြောင့် ဖြစ်၏၊ အလိုရှိမှု ‘တဏှာဆန္ဒ’ကို ပယ်ဖျောက်သဖြင့် ခန္ဓာ ငါးပါးကို ပယ်ဖျောက်နိုင်၏၊ ခန္ဓာငါးပါး ကင်းပျောက်သဖြင့် ဆင်းရဲ ကင်းပျောက် ရ၏။

လောက၌ အကြင်အာရုံတို့သည် ဆန်းကြယ်ကုန်၏၊ ထိုအာရုံတို့သည် ကာမဂုဏ် မမည်ကုန်။ ကြံစည်တပ်မက်မှု (သင်္ကပ္ပရာဂ) သည် ယောကျာ်း၏ ကာမဂုဏ် မည်၏၊ လောက၌ ဆန်းကြယ်ကုန်သော အာရုံတို့သည် တည်မြဲတိုင်း တည်ကုန်၏၊ ပညာရှိတို့သည် ထိုအာရုံတို့၌ အလိုရှိမှု ‘တဏှာဆန္ဒ’ ကို ပယ်ဖျောက်ကုန်၏။

အမျက်ထွက်မှု ‘ကောဓ’ကို ပယ်စွန့်ရာ၏၊ ထောင်လွှားမှု ‘မာန’ကို ပယ်စွန့်ရာ၏၊ အလုံးစုံသော သံယောဇဉ်ကို လွန်မြောက်ရာ၏၊ နာမ်ရုပ်၌ ကပ်ငြိမှု မရှိသော ကြောင့်ကြခြင်း မရှိသော ထိုသူသို့ ဆင်းရဲတို့သည် မကျရောက်ကုန်။

(အကြင်ရဟန္တာပုဂ္ဂိုလ်သည်) (တပ်မက်သူ,ပြစ်မှားသူ,တွေဝေသူဟူသော) အမည် ပညတ်ကို ပယ်ပြီးပြီ၊ ကိုးပါးသော ထောင်လွှားမှု ‘မာန’သို့လည်း မကပ်ရောက်၊ ဤနာမ်ရုပ်၌ တပ်မက်မှု ‘တဏှာ’ကို ဖြတ်ပြီးပြီ။ ထုံးဖွဲ့မှု ‘ဂန္ထ’ကို ဖြတ်ပြီးသော ဆင်းရဲမရှိသော တပ်မက်ခြင်း ကင်းသော ထိုရဟန္တာပုဂ္ဂိုလ်ကို ရှာဖွေကြည့်ရှုကုန် သော နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ဤလောက၌ဖြစ်စေ၊ အခြားလောက၌ဖြစ်စေ၊ နတ်ပြည်တို့၌ဖြစ်စေ အလုံးစုံသော နေရာတို့၌ မတွေ့ မမြင်ရကုန်ဟု (မိန့်တော်မူ၏)။

ထိုထို (ကိလေသာ) မှ လွတ်သော ထိုပုဂ္ဂိုလ်ကို နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ဤလောက၌ဖြစ်စေ၊ တမလွန်လောက၌ဖြစ်စေ အကယ်၍ မတွေ့မြင်နိုင်ကြကုန်မူ လူတို့ထက်မြတ်သော လူတို့၏ အကျိုးစီးပွားကို ကျင့်တော်မူတတ်သော ထိ်ုရဟန္တာပုဂ္ဂိုလ်ကို အကြင်နတ်လူတို့သည် ရှိခိုးကြကုန်၏။ ထို နတ်လူတို့ကို ချီးမွမ်းအပ်ကုန်သလောဟု အသျှင်မောဃရာဇသည် မေးလျှောက်၏။

မောဃရာဇမည်သော ရဟန်း အကြင်နတ်လူတို့သည် ထိုထို (ကိလေသာမှ) လွတ် မြောက်တော်မူသော ထိ်ုရဟန္တာပုဂ္ဂိုလ်ကို ရှိခိုးကုန်၏၊ ထိုနတ်လူတို့ကိုလည်း ချီးမွမ်း အပ်ကုန်၏၊ ရဟန်း ထိုရှိခိုးကုန်သော နတ်လူတို့သည်လည်း သစ္စာလေးပါး တရားကို သိကုန်၍ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ကို ပယ်စွန့်လျက် ငြိကပ်မှု ‘တဏှာ’ကို လွန်မြောက်သူတို့ ဖြစ်ကုန်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection