LibrarySNSN 1.35
SN 1.35~2 min read

Fault-Finding Deities

Ujjhānasaññisutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၅—ဥဇ္ဈာနသညိသုတ် သံယုတ္တနိကာယ်—၁ ၄—သတုလ္လပကာယိကဝဂ် ၅—ဥဇ္ဈာနသညိသုတ် ၃၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကဲ့ရဲ့ရှုတ်ချတတ်သောကြောင့် ဥဇ္ဈာနအမည်ရှိကုန် သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဉ့်ဦးယံ လွန် ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေ၍ မြတ်စွာဘုရားအထံသို့ ချဉ်း ကပ်ပြီးလျှင် ကောင်းကင်၌ ရပ်တည်ကုန်၏၊ ကောင်းကင်၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

“အကြင် (သီလမရှိသော) ရဟန်းသည် တစ်ပါးသော (မစင်ကြယ်သော) အခြင်း အရာအားဖြင့် ဖြစ်သော မိမိကိုယ်ကို တစ်ပါးသော (စင်ကြယ်သော) အခြင်းအရာ အားဖြင့် ပြောကြား၏၊ ‘လှည့်ပတ်၍ စားတတ်သော ငှက်မုဆိုးကဲ့သို့’ ထိုရဟန်း၏ ထို (တိုင်းသားပြည်သူ ကြည်ဖြူစွာ လှူအပ်သော ဆွမ်းကို) သုံးဆောင်ခြင်းသည် ခိုးဝှက်သဖြင့်သုံး ဆောင်အပ်သည် မည်၏။

အကြင်အမှုကို ပြုလုပ်၏၊ ထိုပြုလုပ်သော အမှုကိုသာ ပြောဆိုရာ၏။ အကြင် အမှုကို မပြုလုပ်၊ ထိုမပြုလုပ်သော အမှုကို မပြောဆိုရာ။ မပြုလုပ်ဘဲလျက် ပြော ဆိုသော သူကို ပညာရှိတို့သည် သိကုန်၏”ဟု (လျှောက်၏)။

“အကြင်အကျင့်သည် မြဲမြံသော သဘောရှိ၏၊ အကြင်အကျင့်ဖြင့် ပညာရှိတို့ သည် မကောင်းမှုကို ရှို့မြှိုက်ကုန်သည်ဖြစ်၍ မာရ်တည်းဟူသော အနှောင်အဖွဲ့မှ လွတ်ကုန်၏။ ဤအကျင့်ကို ပြောဆိုကာမျှဖြင့်လည်းကောင်း၊ စင်စစ် ကြားကာမျှဖြင့်လည်းကောင်း အစဉ်အတိုင်း သက်ဝင်ရန် မစွမ်းနိုင်ကုန်။

ပညာရှိတို့သည် လောက၏ အကြောင်းကို သိကုန်၍ ဤသို့ မပြုကုန်၊ (သစ္စာ လေးပါးတရားကို) သိ၍ လောက၌ ကပ်ငြိမှု (တဏှာ) ကို လွန်မြောက်ကုန်ပြီးသော ပညာရှိတို့သည် ကိလေသာမှ ငြိမ်းကုန်၏”ဟု (မိန့်တော်မူ၏)။

ထိုအခါ ထိုနတ်သားတို့သည် မြေ၌ တည်ကုန်၍ မြတ်စွာဘုရား၏ ခြေတော်၌ ဦးခိုက်ကုန်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏— “အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည့် အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်တို့ကို လွှမ်းမိုး၍ နေပါ၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ထိပါးအပ်၏ဟု အောက်မေ့မိပါကုန်၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ အပြစ်ကို အပြစ်အားဖြင့် နောင်အခါ စောင့်စည်းပါရခြင်းငှါ သည်းခံတော်မူပါ”ဟု (လျှောက်ကြကုန်၏)၊ ထိုအခါ မြတ်စွာဘုရားသည် ပြုံးတော်မူ၏၊ ထိုအခါ နတ်သားတို့သည် အတိုင်းထက်အလွန် ကဲ့ရဲ့လိုကုန် သည်ဖြစ်၍ ကောင်းကင်သို့ ပျံတက်ကုန်ပြီးလျှင် တစ်ယောက်သော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

“အကြင်သူသည် (ဝန်ခံ) ပြောကြားကုန်သော သူတို့၏ အပြစ်ကို အကယ်၍ လက်မခံသည် ဖြစ်အံ့၊ အတွင်း၌ ဖြစ်သော အမျက်ဒေါသ ရှိသည်ဖြစ်၍ အပြစ်ကို အလေးပြု၍ နေသော ထိုသူသည် ရန်ကို့ (မိမိ၌) စွပ်ထားသည် မည်၏”ဟု (လျှောက်၏)။

ပြစ်မှုသည် အကယ်၍ မရှိသည် ဖြစ်အံ့၊ ဤလောက၌ အပြစ်သည် မဖြစ်ရာ၊ ရန်တို့သည်လည်း မငြိမ်းကုန်ရာ၊ ဤလောက၌ အဘယ့်ကြောင့် လိမ်မာသူ ဖြစ်ရ အံ့နည်းဟု (မိန့်တော်မူ၏)။

အဘယ်သူအား ပြစ်မှုတို့သည် မရှိကုန်သနည်း၊ အဘယ်သူအား ပြစ်မှားခြင်း သည် မရှိသနည်း၊ အဘယ်သူသည် တွေဝေခြင်းသို့ မရောက်သနည်း၊ အဘယ်သူ သည် အခါခပ်သိမ်း သတိနှင့် ပြည့်စုံသော ပညာရှိ မည်သနည်းဟု (လျှောက်၏)။

သတ္တဝါအားလုံးတို့ကို အစဉ်သနားတော်မူတတ်သော ‘ရှေးဘုရားတို့ကဲ့သို့’ လာခြင်းကောင်းတော်မူသော ထိုမြတ်စွာဘုရားအား ပြစ်မှုတို့သည် မရှိကုန်၊ ထိုမြတ်စွာဘုရားအား ပြစ်မှားခြင်းသည် မရှိ၊ ထိုမြတ်စွာဘုရားသည် ပြင်းစွာ တွေဝေခြင်းသို့ မရောက်၊ ထိုမြတ်စွာဘုရားသည်သာလျှင် အခါခပ်သိမ်း သတိနှင့် ပြည့်စုံသော ပညာရှိ မည်၏။

အကြင်သူသည် (ဝန်ခံ) ပြောကြားကုန်သော သူတို့၏ အပြစ်ကို အကယ်၍ လက်မခံသည် ဖြစ်အံ့၊ အတွင်း၌ ဖြစ်သော အမျက်ဒေါသ ရှိသည်ဖြစ်၍ အပြစ်ကို အလေးပြု၍ နေသော ထိုသူသည် ရန်ကို (မိမိ၌) စွပ်ထားသည် မည်၏၊ ထိုရန်ကို (ငါ) မနှစ်သက် (မတောင့်တ)၊ သင်တို့၏ အပြစ်ကို (ငါ) လက်ခံ၏ဟု (မိန့်တော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection