Faith
Saddhāsutta
PDFGenerated
Read here in the library
၆—သဒ္ဓါသုတ် သံယုတ္တနိကာယ်—၁ ၄—သတုလ္လပကာယိကဝဂ် ၆—သဒ္ဓါသုတ် ၃၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော်ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိကုန်သည် ဖြစ်၍ ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကုန်၏၊ တစ်ခု သော နေရာ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“ယုံကြည်မှု ‘သဒ္ဓါ’ သည် ယောကျာ်း၏ အပေါင်းအဖော် ဖြစ်၏၊ မယုံ ကြည်မှုသည် အကယ်၍ မတည်သည် ဖြစ်အံ့၊ ထိုသို့ မတည်သောကြောင့် အခြံအရံသည်လည်းကောင်း၊ အကျော်အစောသည်လည်းကောင်း ထိုသူ့အား ဖြစ်၏။ ထိုသူသည် ခန္ဓာကိုယ်ကို စွန့်ရသော် နတ်ပြည်သို့လည်း လားရ၏”ဟု လျှောက်၏။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“အမျက်ထွက်မှု ‘ကောဓ’ကို ပယ်စွန့်ရာ၏၊ ထောင်လွှားမှု ‘မာန’ကို ပယ်စွန့်ရာ၏၊ အလုံးစုံသော သံယောဇဉ်ကို လွန်မြောက်ရာ၏၊ နာမ်ရုပ်၌ ကပ်ငြိမှု မရှိသော ကြောင့်ကြမှု မရှိသော ထိုသူသို့ (ငါးပါးသော) ကပ်ငြိခြင်းတို့သည် မကျရောက် ကုန်”ဟု (လျှောက်၏)။
မိုက်ကုန်သော ပညာနည်းကုန်သော သူတို့သည် မေ့လျော့မှု ‘ပမာဒ’ကို အား ထုတ်ကုန်၏၊ ပညာရှိသည် ‘မြတ်သောဥစ္စာကို စောင့်ရှောက်သကဲ့သို့’ မမေ့မလျော့မှု ‘အပ္ပမာဒ’ကိုလည်း စောင့်ရှောက်၏။
မေ့လျော့မှု ‘ပမာဒ’ကို အားမထုတ်ရာ၊ ကာမဂုဏ်၌ မွေ့လျော်မှု ပေါင်းဖော်မှုကို အားမထုတ်ရာ။ မှန်၏၊ မမေ့လျော့သည် ဖြစ်၍ မကောင်းမှုကို ရှို့မြှိုက်သော သူသည် အလွန်မြတ်သော (အရဟတ္တဖိုလ်) ချမ်းသာသို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source