LibrarySNSN 1.37
SN 1.37~2 min read

The Congregation

Samayasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၇—သမယသုတ် သံယုတ္တနိကာယ်—၁ ၄—သတုလ္လပကာယိကဝဂ် ၇—သမယသုတ် ၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာ များစွာနှင့် အတူ (သီတင်းသုံး) နေတော်မူ၏၊ စကြဝဠာတစ်ထောင်စီရှိသော လောကဓာတ်တိုက်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည်လည်း မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများ အားဖြင့် စည်းဝေးလာရောက်ကုန်၏။ ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေကုန်သော ဗြဟ္မာလေးဦးတို့အား ဤ အကြံသည် ဖြစ်၏— “ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်ကုန်သော ရဟန်းသံဃာ များစွာနှင့်အတူ (သီတင်းသုံး) နေတော်မူ၏၊ စကြဝဠာ တစ်ထောင်စီရှိသော လောကဓာတ်တိုက်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည်လည်း မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေးလာရောက်ကုန်၏။ ငါတို့ သည်လည်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ အသီးသီး ဂါထာတစ်ပုဒ်စီ ရွတ်ဆိုရမူ ကောင်းလေစွ”ဟု (အကြံ ဖြစ်၏)။

ထိုအခါ ထိုဗြဟ္မာ (လေးဦး)တို့သည် ဥပမာအားဖြင့် ခွန်အားရှိသော ယောကျာ်းသည် ကွေးသော လက်ကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှ ကွယ်ခဲ့ကုန်၍ မြတ်စွာဘုရား၏ ရှေ့၌ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထို့နောက် ထိုဗြဟ္မာတို့သည် မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုးပြီး၍ တစ်ခုသော အရပ်၌ ရပ်ပြီးလျှင် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏—

“(အသျှင်ဘုရား) မဟာဝုန်တော၌ နတ်ဗြဟ္မာအပေါင်းတို့သည် စုရုံးလာရောက် ကြသဖြင့် အစည်းအဝေးကြီး ဖြစ်လျက် ရှိနေပါ၏၊ အကျွန်ုပ်တို့သည်လည်း (ကိလေသာရန်သူတို့) မအောင်နိုင်သော သံဃာတော်ကို ဖူးမြော်ခြင်းငှါ ဤတရား သဘင် အစည်းအဝေးသို့ လာရောက်ပါကုန်၏”ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏—

“(အသျှင်ဘုရား) ထိုအစည်းအဝေး၌ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်စေ လျက် ဖြောင့်မတ်စွာ ပြုထားကုန်၏၊ ‘ရထားထိန်းသည် (မြင်းဇက်) ကြိုးတို့ကို ကိုင်၍ ထိန်းသကဲ့သို့’ ပညာရှိ (ရဟန်း)တို့သည် ဣန္ဒြေတို့ကို ထိန်းသိမ်းတော်မူကြပါကုန်၏”ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏—

“(အသျှင်ဘုရား) မြတ်စွာဘုရားသည် ကောင်းစွာ ဆုံးမထားအပ်ပြီး ဖြစ်၍ တဏှာကင်းလျက် သန့်ရှင်းစင်ကြယ်သော ထိုရဟန္တာငယ်တို့သည် (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ်, ငြောင့်တံသင်းနှင့် တံခါးကျည်, မင်းတုပ်ကို ဖြတ်ပြီး လျှင် (ရာဂ ဒေါသ မောဟတည်းဟူသော) တံခါးတိုင်ကို နုတ်၍ လှည့်လည်သွား လာနေကြကုန်၏”ဟု ရွတ်ဆို၏။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏—

“(အသျှင်ဘုရား) မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ အားလုံးတို့ သည် အပါယ်ဘုံသို့ မရောက်ရကုန်လတ္တံ့၊ လူ့ခန္ဓာကိုယ်ကို စွန့်ပယ်၍ နတ်ပြည်၌ ဖြစ်ကုန်လတ္တံ့”ဟု (လျှောက်၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection