LibrarySNSN 1.39
SN 1.39~1 min read

With Pajjunna’s Daughter (1st)

Paṭhamapajjunnadhītusutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

သံယုတ္တနိကာယ်—၁ ၄—သတုလ္လပကာယိကဝဂ် ၉—ပဌမ ပဇ္ဇုန္နဓီတုသုတ် ၃၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပဇ္ဇုန္နနတ်၏ သမီးဖြစ်သော ကောကနဒါနတ်သမီးသည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိ်သည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ မဟာဝုန်တောအလုံးကို ထွန်းလင်းစေ၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ် ပြီးလျှင် ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏—

“အကျွန်ုပ်သည် ပဇ္ဇုန္နနတ်၏ သမီး ကောကနဒါမည်သော နတ်သမီး ဖြစ်ပါ၏၊ ကောကနဒါမည်သော အကျွန်ုပ်သည် ဝေသာလီပြည် မဟာဝုန်တော၌ နေတော်မူ သော သတ္တဝါအပေါင်းထက် မြတ်တော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏။

မြတ်စွာဘုရား သိတော်မူသော သစ္စာလေးပါးတရားကို ရှေးက ကြားဖူးရုံမျှသာ ဖြစ်ပါ၏၊ ယခုအခါ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဟောကြား တော်မူအပ်သော သစ္စာလေးပါးတရားကို ထိုအကျွန်ုပ်သည် ကိုယ်တိုင် သိရပါ၏။

ပညာမဲ့သူ ဟူသမျှတို့သည် အရိယာသစ္စာလေးပါးတရားကို ကဲ့ရဲ့ရှုတ်ချကြကုန် သည်ဖြစ်၍ လှည့်လည်ကြကုန်၏၊ ထိုသူတို့သည် ကြမ်းကြုတ်လှစွာသော ရောရုဝ ငရဲသို့ ကပ်ရောက်ကုန်၍့ကြာမြင့်စွာသော ညဉ့်တို့ပတ်လုံး ဆင်းရဲကို ခံစားကြရ ကုန်၏။

အကြင်သူတို့သည်ကား အရိယာသစ္စာတရားတော်၌ နှစ်သက်ခြင်း, (ကိလေသာ အပူ ခပ်သိမ်း) ငြိမ်းအေးခြင်းနှင့် ပြည့်စုံကုန်၏၊ ထိုသူတို့သည် လူ့ခန္ဓာကိုယ်ကို စွန့်၍ နတ်ပြည်၌ ဖြစ်ရကုန်လတ္တံ့”ဟု (လျှောက်၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection