With Pajjunna’s Daughter (2nd)
Dutiyapajjunnadhītusuttaṁ
PDFGenerated
Read here in the library
သံယုတ္တနိကာယ်—၁ ၄—သတုလ္လပကာယိကဝဂ် ၁ဝ—ဒုတိယ ပဇ္ဇုန္နဓီတုသုတ် ၄ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော၌ ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပဇ္ဇုန္နနတ်၏ သမီးဖြစ်သော စူဠကောကနဒါနတ်သမီးသည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိ်သည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ မဟာဝုန်တောအလုံးကို ထွန်းလင်းစေ၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော် ပါး၌ ဤဂါထာတို့ကို လျှောက်၏—
“လျှပ်စစ်ရောင် အဆင်းရှိသော ပဇ္ဇုန္နနတ်၏ သမီး ကောကနဒါမည်သော နတ် သမီးသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားကိုလည်းကောင်း ရှိခိုးလိုသည် ဖြစ်၍ ဤမဟာဝုန်တောသို့ လာပါ၏။ အနက်နှင့် ပြည့်စုံသော ဤဂါထာတို့ကို ရွတ်ဆိုပါ၏။
များစွာသော အကြောင်းဖြင့် (အကျွန်ုပ်သည်) ထိုတရားတော်ကို ဝေဖန်လိုပါ၏၊ တရားတော်သည် ထိုသို့ဝေဖန်အပ်သော သဘောရှိပါ၏၊ အကြင်မျှလောက် အကျွန်ုပ် သည် စိတ်ဖြင့် သင်အပ်၏၊ ထိုမျှလောက် အကျဉ်းဖြစ်သော အနက်ကို ဆိုပါအံ့။
အလုံးစုံသော လောက၌ ကိုယ်နှုတ်စိတ်ဖြင့် တစ်ရံတစ်ဆစ်မျှ မကောင်းမှုကို မပြုရာ၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံသော သူသည် ကာမဂုဏ်တို့ကို စွန့်၍ အကျိုး စီးပွားနှင့် မစပ်သော ဆင်းရဲကို မမှီဝဲရာ”ဟု (လျှောက်၏)။
လေးခုမြောက် သတုလ္လပကာယိကဝဂ် ပြီး၏။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source