LibrarySNSN 1.41
SN 1.41~1 min read

On Fire

Ādittasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၁—အာဒိတ္တသုတ် သံယုတ္တနိကာယ်—၁ ၅—အာဒိတ္တဝဂ် ၁—အာဒိတ္တသုတ် ၄၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နတ်သား တစ်ယောက်သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏—

“မီးလောင်သော အိမ်၌ အကြင်အိုးခွက်ကို ထုတ်ဆောင်၏၊ ထိုအိုးခွက်သည် ထိုထုတ်ဆောင်သော သူ၏ အကျိုးငှါ ဖြစ်သကဲ့သို့ ထိုမီးလောင်သော အိမ်၌ အကြင် အိုးခွက်ကို မထုတ်ဆောင်၊ (ထိုအိုးခွက်သည်) မီးလောင်ခံရသကဲ့သို့—

ထို့အတူ လောကသည် အိုခြင်းဖြင့်လည်းကောင်း၊ သေခြင်းဖြင့်လည်းကောင်း တပြောင်ပြောင် တောက်လောင်နေ၏၊ ထိုတောက်လောင်နေသော လောကထဲမှ ပေးလှူခြင်းဖြင့် ထုတ်ဆောင်ရ၏၊ ပေးလှူအပ်သော ဒါနသည် ကောင်းစွာ ထုတ် ဆောင်ထားပြီး (ဥစ္စာ) မည်၏။

ပေးလှူမှုသည် ချမ်းသာသော အကျိုးရှိ၏၊ မပေးလှူမှုသည် ချမ်းသာသော အကျိုးမရှိ။ ထိုမပေးလှူဘဲ ထားသော ဥစ္စာကို ခိုးသူတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း ဆောင်ယူနိုင် ကုန်၏၊ မီးလောင်တတ်၏၊ ပျက်စီးတတ်၏။

ထို့နောက် သေဆုံးသဖြင့် မိမိ သိမ်းဆည်းသော ဥစ္စာနှင့်တကွ မိမိကိုယ်ကို စွန့်ရ၏၊ ပညာရှိသည် ဤသဘောကို သိ၍ သုံးလည်း သုံးဆောင်ရာ၏၊ ပေးလှူလည်း ပေးလှူရာ၏။ ပေးလှူပြီး၍လည်းကောင်း၊ သုံးဆောင်ပြီး၍လည်းကောင်း အလှူ၏ အာနုဘော်အလျောက် အကဲ့ရဲ့ မခံရဘဲ နတ်ပြည်သို့ ရောက်ရ၏”ဟု (လျှောက်၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection