Jeta’s Grove
Jetavanasutta
PDFGenerated
Read here in the library
၈—ဇေတဝနသုတ် သံယုတ္တနိကာယ်—၁ ၅—အာဒိတ္တဝဂ် ၈—ဇေတဝနသုတ် ၄၈။ ဤဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား သီတင်းသုံးရာလည်း ဖြစ်၏၊ ထို့ကြောင့် ငါ့အား နှစ်သိမ့်ခြင်း ‘ပီတိ’ကို ဖြစ်စေ၏။
အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သော အသက် မွေးမှုဟူသော ဤတရားအပေါင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ အမျိုး အနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ် ကုန်။
ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သော် ထိုအရိယာမဂ်တရားတို့၌ စင်ကြယ်၏။
အကြင်ရဟန်းသည် တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ရောက်၏၊ ထိုရဟန်းသည် ဤ တစ်ဖက်ကမ်း နိဗ္ဗာန်သို့ ရောက်ရုံမျှသာလျှင် ရောက်၏။ သာရိပုတ္တရာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း (ထိုနိဗ္ဗာန်သို့ ရောက်သော ရဟန်းဟူသမျှထက်) မြတ်၏။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source