LibrarySNSN 1.50
SN 1.50~2 min read

With Ghaṭīkāra

Ghaṭīkārasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၁ဝ—ဃဋိကာရသုတ် သံယုတ္တနိကာယ်—၁ ၅—အာဒိတ္တဝဂ် ၁ဝ—ဃဋိကာရသုတ် ၅ဝ။ အဝိဟာဘုံသို့ ရောက်ကုန်သော (ကိလေသာတို့မှ) လွတ်ကုန်သော စွဲမက်ခြင်း ‘ရာဂ’၊ အမျက်ထွက်ခြင်း ‘ဒေါသ’ ကုန်ပြီးကုန်သော လောက၌ ကပ်ငြိမှု ‘တဏှာ’ကို ကူးမြောက်ကုန်ပြီးသော ရဟန်းခုနစ်ယောက်တို့သည် အဘယ်သူတို့ နည်း။

အဘယ်ရဟန်းတို့သည် သေမင်း၏ တည်ရာဖြစ်သော ကူးမြောက်နိုင်ခဲသော (ကိလေသာ) ညွန်ပျောင်းကို့ကူးမြောက်ကုန်သနည်း၊ အဘယ်ရဟန်းတို့သည် လူ၌ ဖြစ်သော ကိုယ်ကို စွန့်ကုန်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဉ်) ကို လွန် မြောက်ကုန်သနည်းဟု (လျှောက်၏)။

ဥပက, ပလဂဏ္ဍ, ပုက္ကုသာတိဟူသော ထိုသုံးယောက်တို့သည်လည်းကောင်း၊ ဘဒ္ဒိယ, ခဏ္ဍဒေဝ, ဗာဟုရဂ္ဂိ, သိင်္ဂိယတို့လည်းကောင်း ထိုခုနစ်ယောက်တို့သည် လူ့ခန္ဓာကိုယ်ကို စွန့်ကုန်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဉ်) ကို လွန်မြောက်ကုန်၏ဟု (မိန့်တော်မူ၏)။

မာရ်မင်း၏ ကျော့ကွင်းကို ပယ်တတ်ကုန်သော ထိုရဟန်းတို့၏ အပြစ်မရှိခြင်းကို ပြောဆို၏၊ ထိုသူတို့သည် အဘယ်သူ၏ တရားကို သိကုန်၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်သနည်း။

ထိုသူတို့သည် အကြင်မြတ်စွာဘုရား၏ တရားကို သိ၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်ပြီ၊ ထိုမြတ်စွာဘုရားကို ကြဉ်ထား၍ ဘဝအနှောင်အဖွဲ့ကို မဖြတ်နိုင်ကုန်၊ အသျှင်ဘုရား၏ အဆုံးအမတော်ကို ကြဉ်ထား၍ ဘဝအနှောင်အဖွဲ့ကို မဖြတ်နိုင်ကုန်။

အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ဤသာသနာတော်၌ ထိုသူတို့သည် ထို (နိဗ္ဗာန်) တရားကို သိကုန်၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်၏ဟု (လျှောက်၏)။

နက်နဲသော သိနိုင်ခဲသော လွန်စွာ သိနိုင်ခဲသော စကားကို ဆိုဘိ၏၊ သင်သည် အဘယ်သူ၏ တရားကို သိ၍ ဤသို့ သဘောရှိသော စကားကို ဆိုဘိသနည်းဟု (မေးတော်မူ၏)။

အကျွန်ုပ်သည် ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရ အိုးထိန်းသည် ဖြစ်ခဲ့ဖူးပါ၏၊ အမိအဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့၏။

မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏၊ အာမိသကင်းသည် ဖြစ်၍ အကျင့်မြတ်ကို ကျင့်လေ့ရှိခဲ့ပါ၏၊ အသျှင်ဘုရားနှင့် တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူးပါ၏၊ ရှေးအခါက အသျှင်ဘုရားနှင့် အဆွေခင်ပွန်း ဖြစ်ခဲ့ဖူးပါ၏။

ထိုအကျွန်ုပ်သည် (ကိလေသာတို့မှ) လွတ်ကုန်ပြီးသော , တပ်မက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’ ကုန်ပြီးသော , လောက၌ ကပ်ငြိမှုတဏှာကို ကူးမြောက်ကုန် ပြီးသော ထိုခုနစ်ယောက်သော ရဟန်းတို့ကို သိပါ၏ဟု (လျှောက်၏)။

ဘဂ္ဂဝ အကြင်သို့သော အခြင်းအရာဖြင့် ထိုအကြောင်းကို ဆို၏၊ ထိုအခါက ဤအတိုင်း ဖြစ်ခဲ့ဖူးပြီ၊ ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရအမည်ရှိသော အိုးထိန်း သည် ဖြစ်ခဲ့ဖူး၏၊ အမိအဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့၏။

မေထုန်အကျင့်မှ ရှောင်ကြဉ်ခဲ့၏၊ အာမိသ ကင်းသည်ဖြစ်၍ အကျင့်မြတ်ကို ကျင့် လေ့ရှိခဲ့၏၊ တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူး၏။ ရှေးအခါက ငါ၏အဆွေခင်ပွန်း ဖြစ်ခဲ့ဖူး၏။

ရှေး၌ ဖြစ်ကုန်သော , အပေါင်းအဖော် ဖြစ်ခဲ့ဖူးကုန်သော , ပွားများအပ်သော စိတ်ရှိကုန်သော , အဆုံးစွန်သော ကိုယ်ကို ဆောင်ကုန်သော နှစ်ယောက်ကုန်သော သူတို့၏ ဤသို့သော ပေါင်းဆုံမိခြင်းသည် ဖြစ်သတည်းဟု (မိန့်တော်မူ၏)။

ငါးခုမြောက် အာဒိတ္တဝဂ် ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection