LibrarySNSN 56.11
SN 56.1112 min read

Setting the Dhamma Wheel in Motion

Dhammacakkappavattana Sutta

20
PDFGenerated
01 · Overview

The first teaching on the Middle Way, Four Noble Truths, and the path of practice.

02 · Reading guide

An excellent starting point. Listen first, then revisit the Four Noble Truths in the text.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၁—ဓမ္မစက္ကပ္ပဝတ္တနသုတ် သံယုတ္တနိကာယ်—၅၆ ၂—ဓမ္မစက္ကပ္ပဝတ္တနဝဂ် ၁—ဓမ္မစက္ကပ္ပဝတ္တနသုတ် ၁ဝ၈၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်း သုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ ရဟန်းဖြစ်သူသည် အစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ်နှစ်ပါးတို့နည်း —

ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာ ဖြစ်၍ အရိယာတို့၏အလေ့အကျင့် မဟုတ်သောအကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်းလည်းကောင်း၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သောအရိယာတို့၏ အကျင့် မဟုတ်သောအကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းလည်းကောင်း ဤနှစ်ပါးတို့တည်း။

ရဟန်းတို့ ဤအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သောအလယ်အလတ်ဖြစ်သောအကျင့်သည် ကိလေသာငြိမ်းရန်အလို့ငှါ ဖြစ်၏၊ ထူးသော ဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ သစ္စာလေးပါးကိုသိရန်အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်၏။

ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သောဉာဏ်အမြင်ကို ပြုတတ်သော ကိလေသာငြိမ်းခြင်းငှါ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်သော ထိုအလယ်အလတ်ဖြစ်သော မြတ်သောအကျင့်ကားအဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း —

မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’၊ မှန်ကန်သော ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’၊ မှန်ကန်သော စကား ‘သမ္မာဝါစာ’၊ မှန်ကန်သောအလုပ် ‘သမ္မာကမ္မ န္တ’၊ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။

ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သောဉာဏ်အမြင်ကို ပြုတတ်သောအလယ်အလတ်ဖြစ်သော ဤမြတ်သောအကျင့်သည် ကိလေသာငြိမ်းရန်အလို့ငှါ ဖြစ်၏၊ ထူးသော ဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်၏။

ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားတည်း။ ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲ၏၊ အိုရခြင်းသည်လည်း ဆင်းရဲ၏၊ နာရခြင်းသည်လည်း ဆင်းရဲ၏၊ သေရခြင်းသည်လည်း ဆင်းရဲ၏၊ မချစ်သော သူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊ ချစ်သော သူတို့နှင့်ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏၊ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊ အကျဉ်းအားဖြင့်စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲကုန်၏။ (၁)

ရဟန်းတို့ ဤသည်ကား ဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားတည်း။ အကြင်တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့် တကွ ဖြစ်၏၊ ထိုထိုအာရုံ၌လွန်စွာ နှစ်သက်တတ်၏။ ထိုတပ်မက်မှု ‘တဏှာ’ဟူသည် အဘယ်နည်း၊ ကာမ၌ တပ်မက်မှု ‘ကာမတဏှာ’၊ သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု ‘ဘဝတဏှာ’၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု ‘ဝိဘဝ့တဏှာ’တို့တည်း။ (၂)

ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သောအရိယာတို့၏ အမှန်တရားတည်း။ ယင်းဆင်း ရဲ၏ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှု ‘တဏှာ’ ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက်ချုပ်ငြိမ်းရာစွန့်လွှတ်ရာ တစ်ဖန် စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာပင် ဖြစ်၏။ (၃)

ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာ တို့၏အမှန်တရားတည်း။ ဤအရိယမဂ်သည် အင်္ဂါရှစ်ပါးရှိ၏၊ အင်္ဂါရှစ်ပါးဟူသော်ကား မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။ (၄)

ရဟန်းတို့ “ဤတရားသည် ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားမည်၏”ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှား ဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည် ထင်ရှား ဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့”ထိုဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိထိုက်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိခဲ့ပြီ”ဟု (ဘုရား မဖြစ်မီ) ရှေးကမကြားဖူး ကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင် ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ (၁)

ရဟန်းတို့ “ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရား မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားအားပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားကိုပယ်အပ်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှား ဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားကိုပယ်ပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားအားပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင် သည် ထင်ရှားဖြစ်၏။ (၂)

ရဟန်းတို့ “ဤတရားသည် ဆင်းရဲ၏ ချုပ်ရာဖြစ်သောအရိယာတို့၏ အမှန်တရားမည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည်ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲ၏ ချုပ်ရာဖြစ်သောအရိယာတို့၏ အမှန်တရားကို မျက်မှောက်ပြုအပ်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော နိရောဓသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲ၏ ချုပ်ရာဖြစ်သောအရိယာတို့၏ အမှန်တရားကို မျက်မှောက်ပြုပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည်ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည့်ထင်ရှားဖြစ်၏။ (၃)

ရဟန်းတို့ “ဤတရားသည် ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာ တို့၏အမှန်တရားမည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်း ရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားကို ပွားများအပ်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော မဂ္ဂသစ္စာ တရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏၊ ရဟန်းတို့”ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားကိုပွားများပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန် သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားအားပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (၄)

ရဟန်းတို့ “ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသောအပြန် တစ်ဆယ့်နှစ်ပါးသောအခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် မစင်ကြယ်သေးသမျှ ကာလပတ်လုံး ငါသည်နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသောလူ့လောက၌ အတုမရှိသောအလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟု ဝန်မခံခဲ့ချေ။

ရဟန်းတို့ “ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသောအပြန် တစ်ဆယ့်နှစ်ပါးသောအခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင်သည် စင်ကြယ်လာသောအခါ၌သာလျှင် ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိသောအလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟု ဝန်ခံခဲ့၏၊ ငါ၏ (ကိလေသာတို့မှ) လွတ်မြောက်မှုသည် မပျက်စီးနိုင်ပြီ၊ ဤကားအဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီဟု ငါ့အားပစ္စဝေက္ခဏာဉာဏ်အမြင် သည် ဖြစ်ပေါ်လာ၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီငါးပါးရဟန်းတို့သည် နှစ်လိုကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာခံယူကြလေကုန်၏။

ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောတော်မူသည်ရှိသော် အသျှင်ကောဏ္ဍညအား”ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏”ဟု (ကိလေသာ) မြူ အညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’သည် ဖြစ်ပေါ်လာ၏။

ဤသို့ မြတ်စွာဘုရားသည် ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်ရှိသော် “ဗာရာဏသီပြည်ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှမဟောနိုင်သောအတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏”ဟု ဘုမ္မစိုးနတ်တို့သည်ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။ ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍”မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ်မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သောအတုမရှိသော ဤဓမ္မစကြာတရားတော်ကို မြတ်စွာဘုရား ဟောတော်မူ၏”ဟု စာတုမဟာရာဇ်နတ်တို့သည် အဆင့်ဆင့် ကြွေးကြော်ကုန်၏။

စာတုမဟာရာဇ်နတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တာဝတိံသာနတ်တို့သည်။ပ။ ယာမာနတ့်တို့သည်။ပ။ တုသိတာနတ်တို့သည်။ပ။ နိမ္မာနရတီနတ်တို့သည်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်။ပ။

“မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ်မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သောအတုမရှိသော ဤဓမ္မစကြာတရားတော်ကိုဟော တော်မူ၏”ဟု ဗြဟ္မာတို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။

ဤသို့လျှင် ထိုအချိန် ထိုအခါ ထိုကာလတွင် အကနိဋ္ဌဗြဟ္မာ့ပြည်တိုင်အောင် ကောင်းချီးသံသည် ပြန့်နှံ့၍တက်၏၊ ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ ထက်ဝန်းကျင် တုန်လှုပ်၏၊ အတိုင်းအရှည်မရှိ ကြီးမားသောအရောင်အလင်းသည်လည်း လောက၌ နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။

ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီ တကား၊ ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ ဤဥဒါန်းကို ကျူးရင့်တော်မူသော ကြောင့်သာလျှင် အသျှင်ကောဏ္ဍညအား ‘အညာသိကောဏ္ဍည’ ဟူ၍သာ အမည်တွင်၏။

ပဌမသုတ်။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by Nathan Wynn and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection